အိုဘားမားက လစ်ဗျားရှိ IS အဖွဲ့ကို တိုက်ခိုက်ရန် စဉ်းစားနေ

အိုဘားမားက လစ်ဗျားရှိ IS အဖွဲ့ကို တိုက်ခိုက်ရန် စဉ်းစားနေ
Published 30 January 2016

လစ်ဗျားတွင် စစ်မျက်နှာသစ်ဖွင့်ခြင်း အပါအဝင် IS အဖွဲ့ကို တိုက်ခိုက်ရေးအရှိန် မြှင့်ရန်အတွက် ရွေးချယ်စရာ နည်းလမ်းများကို ရေးဆွဲတင်ပြရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အဓိက အကြံပေးပုဂ္ဂိုလ်များကို ဇန်နဝါရီ ၂၉ ရက်တွင် တောင်းဆိုလိုက်သည်။အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ၁၈ လအကြာတွင် အိမ်ဖြူတော်သည် IS စစ်ဆင်ရေးကို အရှိန်မြှင့်ရန်နှင့် ချဲ့ထွင်ရန် လိုလားနေကြောင်း အစိုးရသတင်းရင်းမြစ်များစွာက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့ကြသည်။အမေရိကန်၏ IS တိုက်ခိုက်ရေးအရှိန် မြှင့်မှုတွင် လစ်ဗျားနိုင်ငံအား အာရုံစိုက်မှု တိုးမြှင့်ရန်အပြင် ဆီးရီးယားရှိ ရာကာကို ပြန်လည်သိမ်းယူရန်၊ အီရတ်ရှိ မိုဆူးကို သိမ်းယူရန်နှင့် အာဖဂန်နစ္စတန်တွင် ဂျီဟတ်များ ကြီးထွားလာမှုကို စစ်ဆေးရန်တို့ ပါဝင်သည်။ရွေးချယ်နိုင်ဖွယ်ရှိသော နည်းလမ်းများအဖြစ် လေကြောင်းစစ်ဆင်ရေးများကို အရှိန်မြှင့်ရန်မှသည် လစ်ဗျားနိုင်ငံရှိ ခန့်မှန်းအင်အား ၃၀၀၀ ခန့်ရှိသော IS တိုက်ခိုက်ရေးသမားများကို ချေမှုန်းရန် အထောက်အကူ ပြုရေးအတွက် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုပေးသည့် မြေပြင်စစ်ဆင်ရေးတပ်၌ ပါဝင်ရန်အထိရှိသည်။ကာကွယ်ရေးဌာနသည် လိုအပ်ပါက စစ်ဆင်ရေးများ အပြည့်အ၀ ဖြန့်ကြက်လုပ်ဆောင်နိုင်ရန် အသင့်အနေအထားဖြင့် ရှိနေကြောင်း ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး မီရှယ်လီဘိုဒန်ဇာက ပြောကြားခဲ့သည်။“လစ်ဗျားမှာ ပဋိပက္ခကို လျှော့ချဖို့၊ တည်ငြိမ်အေးချမ်းရေးကို မြှင့်တင်ဖို့နဲ့ အုပ်ချုပ်ရေးကို အားကောင်းအောင်လုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူလည်း ကျွန်မတို့ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု  ဘိုဒန်ဇာက ပြောကြားခဲ့သည်။လုံခြုံရေး အနေအထားအရ အရေးပေါ် ဖြစ်နေသော်လည်း အိုဘားမားအား ယခုအထိ ပြီးပြည့်စုံသည့် စစ်ရေးအစီအစဉ်များ တင်ပြရခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ အရာရှိများက သတိပေးခဲ့သည်။“IS အဖွဲ့အတွက် ကွန်းခိုရာ နေရာတစ်ခု ဖြစ်မလာခင်ကတည်းက၊ သူတို့ကို ဖယ်ရှားဖို့ အလွန်အမင်း မခက်ခဲခင်ကတည်းက လစ်ဗျားမှာ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်” ဟု အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။သူက “အီရတ်နဲ့ ဆီးရီးယားက အနေအထားမျိုး ရောက်သွားမှာကို ကျွန်တော်တို့ မလိုလားပါဘူး” ဟုလည်း ပြောကြားခဲ့သည်။၂၀၁၁ ခုနှစ်က သူပုန်များနှင့် အနောက်အင်အားကြီးနိုင်ငံများ၏ လေကြောင်းထောက်ကူပေးမှုဖြင့် မွမ်မာကဒါဖီ အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံသည် ထိရောက်သော အစိုးရအဖွဲ့တစ်ရပ် မရှိဘဲဖြစ်နေခဲ့သည်။ဗရုတ်ဗရက် အခြေအနေတစ်ရပ်အတွင်း နိုင်ငံခြား တိုက်ခိုက်ရေးသမားများ ပါဝင်သည့် ကွဲပြားခြားနားသော အုပ်စုတစ်ခု၊ နိုင်ငံအတွင်းမှ စစ်သွေးကြွများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လစ်ဗျားအစ္စလာမ္မစ် တိုက်ခိုက်ရေးအဖွဲ့ အကြွင်းအကျန်များသည် IS အလံအောက်၌ ပူးပေါင်းမိသွားပြီး ခြေကုပ်ရယူနိုင်ခဲ့သည်။Ref : AFP

Most Read

Most Recent