အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်မှ အီရန်မောင်းသူမဲ့ စစ်လေယာဉ် ပျံသန်းခဲ့

အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်မှ အီရန်မောင်းသူမဲ့ စစ်လေယာဉ် ပျံသန်းခဲ့
Published 30 January 2016

ပါရှန်ပင်လယ်ကွေ့အတွင်း စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် အီရန် မောင်းသူမဲ့ စစ်လေယာဉ်တစ်စင်းက အမေရိကန် လေယာဉ်တင် သင်္ဘောအပေါ်ကို ဖြတ်သန်းပျံသန်းခဲ့ပြီး ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်လွှင့်ခဲ့သည်။အမေရိကန် ရေတပ်က ယင်းလေယာဉ်သည် မောင်းသူမဲ့လေယာဉ် ဖြစ်ကြောင်းသိခဲ့ပြီး IS စစ်ဆင်ရေးကို အဟန့်အတား မဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။အမေရိကန် စစ်သင်္ဘောကို ရိုက်ကူးထားသော ဓာတ်ပုံများအား အီရန်ရုပ်သံတွင် ပြသခဲ့ပြီး နိုင်ငံခြားတပ်ဖွဲ့များ၏ တိုက်ပွဲဝင် တပ်ဖွဲ့များကို တိကျသော ဗီဒီယိုတစ်ပိုင်းတစ်စ ရိုက်ကူးနိုင်သည်အထိ စစ်သင်္ဘောအနီးသို့ကပ်၍ ပျံသန်းနိုင်ခဲ့ကြောင်း အီရန် ရေတပ်တပ်မှူးက ပြောကြားခဲ့သည်။ ပါရှန်ပင်လယ်ကွေ့တွင် အမေရိကန်နှင့် အီရန်တို့အကြား ရေတပ်ထိတွေ့မှု ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ခဲ့ပြီး ယခုဖြစ်စဉ်က တင်းမာမှု ဆက်လက်ရှိနေကြောင်း မြင်သာစေခဲ့သည်။အီရန်သည် ပြီးခဲ့သည့်လက မဟာမိတ် စစ်သင်္ဘောများ အနီးတွင် ဒုံးကျည်စမ်းသပ်ခဲ့ပြီး အီရန်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သော အမေရိကန် သင်္ဘောများကိုလည်း ခေတ္တဖမ်းဆီးခဲ့သည်။ အီရန်နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သော ဗီဒီယိုအပိုင်းအစတွင် ပါဝင်ခဲ့သည့် အမေရိကန် စစ်သင်္ဘောကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယင်းဗီဒီယိုတွင် သင်္ဘောကုန်းပတ်ပေါ်၌ ရပ်နားထားသော ဂျက်လေယာဉ်တစ်စင်းကို ကွက်ပြထားသော ဓာတ်ပုံတစ်ပုံ ပါဝင်ခဲ့သည်။အီရန်သတင်းများက ယင်းဗီဒီယိုကို ဇန်နဝါရီ ၂၉ ရက်တွင် ရိုက်ကူးထားသည်ဟု ဆိုသော်လည်း ဘာရိန်းရှိ အမေရိကန်ရေတပ် အမှတ် ၅ တပ်မ၏ ပြောခွင့်ရပုဂ္ဂိုလ်က အီရန် မောင်းသူမဲ့လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၁၂ ရက်က ပါရှန်ပင်လယ်ကွေ့ အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်း၌ ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါအနီးနှင့် အမေရိကန် လေယာဉ်တင်သင်္ဘော ဟာရီထရူးမင်းတို့၏ အပေါ်တွင် ပျံသန်းခဲ့ကြောင်း ပြောကြားခဲ့သည်။နျူစွမ်းအင်သုံး ဟာရီထရူးမင်း သင်္ဘောသည် ပါရှန်ပင်လယ်ကွေ့သို့ ရောက်ရှိနေပြီး အီရတ်နှင့် ဆီးရီးယားရှိ IS စစ်ဆင်ရေးတွင် ယခုတစ်ပတ်၌ ပါဝင်နေသည်။ အီရန်ရေတပ်သည် ဟော်မုဇ်ရေတပ်ကြား၊ အိုမန်ပင်လယ်ကွေ့၊ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ နေရာများ ပါဝင်သော စတုရန်းကီလိုမီတာ သုံးသန်းကျော်ရှိသည့် ဧရိယာတွင် ရေတပ်စစ်ရေးလေ့ကျင့်နေသည်။
Ref : AFP

Most Read

Most Recent