တရုတ်တွင် မိုင်းတွင်းမြေအောက်၌ ၃၆ ရက်ကြာ ပိတ်မိနေခဲ့သူ လေးဦးကို အံ့အားသင့်ဖွယ် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

တရုတ်တွင် မိုင်းတွင်းမြေအောက်၌ ၃၆ ရက်ကြာ ပိတ်မိနေခဲ့သူ လေးဦးကို အံ့အားသင့်ဖွယ် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့
Published 30 January 2016

တရုတ်နိုင်ငံတွင် ပြိုကျခဲ့သော ဂျစ်ပဆမ် သတ္တုတွင်း၏ မြေအောက်၌ ၃၆ ရက်ကြာ ပိတ်မိနေခဲ့သော အလုပ်သမားလေးဦးကို ဇန်နဝါရီ ၂၉ ရက်တွင် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ရာ စက်မှုလုပ်ငန်း မတော်တဆမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော တရုတ်နိုင်ငံတွင် အံ့အားသင့်ဖွယ်ရာ ကယ်တင်နိုင်မှုတစ်ခု ဖြစ်လာခဲ့သည်။မြေအောက်အနက် မီတာ ၂၀၀ (ပေ ၆၆၀) ကျော်၌ ပိတ်မိနေသော သတ္တုတွင်း အလုပ်သမားများကို နောက်ဆုံးကယ်ဆယ်မှုသည် နှစ်နာရီ ကြာမြင့်ခဲ့ပြီး ၎င်းတို့ကို Rescue Capsule များဖြင့် တစ်ဦးချင်းစီ ဆွဲတင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ခဲ့သည်။ယင်းလေးဦးသည် ဒီဇင်ဘာ ၂၅ ရက်က မိုင်းတွင်းပြိုကျစဉ် ပိတ်မိနေသူ ၂၉ ဦးထဲတွင် ပါဝင်သည်။ သို့သော် ပျောက်ဆုံးနေသော အခြားမိုင်းလုပ်သား ၁၃ ဦးနှင့် အဆက်အသွယ် မရတော့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားစဉ် ကယ်ဆယ်ရေး လုပ်ငန်းများသည် အဟန့်အတားများ ဖြစ်ပေါ်ခဲ့သည်။ ယင်းကဲ့သို့ ကယ်တင်နိုင်မှုကို ၂၀၁၀ ပြည့်နှစ်က ချီလီရှိ မိုင်းတွင်းတစ်ခု၌ ၆၉ ရက်ကြာ ပိတ်မိနေခဲ့သော သတ္တုတွင်းလုပ်သား ၃၃ ဦးကို ကယ်တင်နိုင်ခဲ့မှုနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ကယ်တင်ခံခဲ့ရသူများသည် နွေဦးပွဲတော် အကြို ညစာစားပွဲကို တက်ရောက်နိုင်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ ကျန်းကန်ယွမ်က လာမည့်လတွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရည်ညွှန်း၍ Twitter နှင့်ဆင်တူသော တရုတ်မိုက်ခရိုဘလော့ Weibo တွင် ရေးသားခဲ့သည်။တရုတ်အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ ယင်းမိုင်းတွင်းမှ မြေအောက်ပိတ်မိနေသူများအား ကယ်တင်နိုင်ခဲ့စဉ် ကယ်ဆယ်ရေးများက အားပေးနေမှုကို ရိုက်ကူးထားမှုအား CCTV က ထုတ်လွှင့်ခဲ့သည်။ ပိတ်မိနေသူ ၂၉ ဦးအနက် တစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ရပြီး အခြား ၁၁ ဦးကို ပြိုကျပြီးနောက် တစ်ရက်တွင် ကယ်တင်နိုင်ခဲ့သည်။ ကျန်သော အခြား ၁၃ ဦးနှင့် အဆက်အသွယ် မရခဲ့ဟု ဆိုသည်။ကယ်တင်ခံခဲ့ရသူ လေးဦးမှာ အသက် ၅၀ ရှိ ကျောင်းကျီချန်း၊ အသက် ၃၉ နှစ်ရှိ လီကျူရှန်း၊ အသက် ၅၈ နှစ်ရှိ ကွမ်ချင်ကျီးနှင့် အသက် ၃၆ နှစ်ရှိ ဟွာမင်ရှီတို့ဖြစ်ကြောင်း CCTV က ထုတ်လွှင့်ခဲ့သည်။ ၎င်းတို့အား ကယ်တင်နိုင်ခဲ့ပြီး စစ်ဘက်သုံး စောင်များခြုံပေးကာ မျက်စိကို ကာကွယ်ရန်အတွက် မျက်နှာကို ဖုံးအုပ်ပြီး လူနာတင်ယာဉ်များဖြင့် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့လေးဦးသည် ကြီးမားသော ဒဏ်ရာများ မရခဲ့သဖြင့် အိမ်ပြန်နိုင်မည်ဖြစ်ကြောင်း ကုသမှုပေးခဲ့သည့် ဆေးရုံမှ ဒုတိယအကြီးအကဲ ကောင်ချင်တီက ပြောကြားခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ယခုကဲ့သို့ ကယ်တင်နိုင်ခဲ့သော်လည်း အွန်လိုင်းအသုံးပြုသူအချို့က ယင်းမိုင်းတွင်း ပြိုကျမှုအတွက် တာဝန်ရှိသူများကို ဖော်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။ ယင်းမိုင်းတွင်း ပြိုကျခဲ့ပြီးနောက် မကြာမီ မိုင်းတွင်းပိုင်ရှင်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ ယင်းမိုင်းတွင်း တည်ရှိသော ဖင်ယီကောင်တီမှ ပါတီအတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်အပါအဝင် တာဝန်ရှိသူလေးဦးသည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။တရုတ်တွင် စက်မှုလုပ်ငန်းများ၌ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းများ လျော့ရဲမှုကြောင့် ပြီးခဲ့သောနှစ်တွင် လူရာနှင့်ချီ သေဆုံးခဲ့ရကြောင်း သိရသည်။    
Ref : AFP

Most Read

Most Recent