ကချင်ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရေး ကချင်တိုင်းရင်းသားပါတီများအကြား သဘောထားရှိကြပြီး လတ်တလော ဆွေးနွေးနိုင်ခြင်းမရှိသေး

ကချင်ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရေး ကချင်တိုင်းရင်းသားပါတီများအကြား သဘောထားရှိကြပြီး လတ်တလော ဆွေးနွေးနိုင်ခြင်းမရှိသေး
Published 29 January 2016
ကျော်ဇင်ဝင်း

ကချင်ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရေးအတွက် ကချင်တိုင်းရင်းသားပါတီများအကြား သဘောထားရှိကြပြီး လတ်တလောတွင် ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း ပါတီတာဝန်ရှိသူများက ပြောကြားသည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလများက ကချင်တိုင်းရင်းသားပါတီများအကြား ပါတီပေါင်းစည်းရေး ဆွေးနွေးမှုရှိခဲ့သော်လည်း တစ်စုံတစ်ရာ ရလဒ်ထွက်ပေါ်ခဲ့ ခြင်းမရှိသဖြင့် ယခုရွေးကောက်ပွဲအပြီးတွင် ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် ရှိ၊ မရှိမေးမြန်းမှုအပေါ်  ပါတီတာဝန်ရှိသူများက ပြန်လည်ပြောကြားခြင်းဖြစ်သည်။ပါတီများပေါင်းစည်းရေး ဆွေးနွေးရန်အတွက် နိုင်ငံရေးပါတီတစ်ခုခုမှ ဦးဆောင်ခြင်းမျိုး မဟုတ်ဘဲ ပါတီစွဲကင်းသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များက ဦးဆောင်ပြုလုပ်သည့် ဆွေးနွေးပွဲမျိုးအား စောင့်ဆိုင်းနေပြီး ပေါင်းစည်းတံခါးဖွင့်ထားကြောင်း၊ သို့သော်ပေါင်းစည်းရာတွင် အကျိုးရှိရမည်ဖြစ်ပြီး အကျိုးမရှိနိုင်သည့် ကိစ္စရပ်အပေါ် ဝါသနာမပါကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာ (ဒေါက်တာတူးဂျာ) က ပြောကြားသည်။“ပေါင်းစည်းရေးရှိပါတယ်။ ရှိပါတယ်ဆိုတာက ဒီလိုပါ။ အရပ်ဘက်က လူကြီးတွေ စီစဉ်လိုက်မယ်နော်။ ဒါသူတို့မှာ idea ရှိပြီးသားဖြစ်တယ်။ အဲဒါဘယ်တော့လဲဆိုရင် ကျွန်တော်တို့လည်း စောင့်နေတယ်။ သူတို့ ဖိတ်ခေါ်တဲ့အခါ ဒီအစည်းအဝေးတက်ဖို့ပဲ။ ပါတီတွေကတော့ ပါတီတွေဦးဆောင်ပြီး လုပ်ဖို့မဟုတ်ဘဲနဲ့။ အရပ်ဘက်က ဦးဆောင်ပြီး လုပ်မယ်။ ကရင်လည်း အဲဒီလိုပဲ။ ရခိုင်လည်း အဲဒီလိုပဲ။ အားလုံးအရပ်ဘက်က ဦးဆောင်တာ။ အဲဒီတော့ အရပ်ဘက်က ဦးဆောင်ပြီး အရပ်ဘက်လူကြီးတွေရဲ့ စကားနားထောင်ရမှာပေါ့”ဟု ဦးမနာမ်တူးဂျာက ဆိုသည်။အလားတူ ကချင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်ပါတီအနေဖြင့် ပါတီပေါင်းစည်းရေး ဆန္ဒရှိသော်လည်း ပါတီမူဝါဒတူညီသည့် ပါတီများနှင့်သာ ပေါင်းစည်းရန် ဆန္ဒရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွယ်နော်က ပြောကြားသည်။“ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် ကချင်နိုင်ငံရေးကို ကျွန်တော်တို့က အရင်ကတည်းက အစဉ်တစ်ဆက် နိုင်ငံရေးလို့ ပြောတဲ့အခါမှာ ကျွန်တော်တို့က အမျိုးသားနိုင်ငံရေးကို ဦးတည်တယ်။ အခုနောက်ထွက်လာတဲ့ ပါတီတွေကတော့ နိုင်ငံဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးသွားတယ်။ ခုနပြောသလို ပေါင်းစည်းခြင်းမှာ သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ။ အခု ကျွန်တော်တို့က UNA (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့) ထဲမှာ အစဉ်တစ်ဆက် ၁၉၉၀ ထဲကစပြီးတော့ တည်ထောင်လာခဲ့တဲ့ အခြေခံမူကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပါပဲ။ ဒါပေမဲ့ ဖက်ဒရယ်ရဲ့ အနှစ်သာရကို သူတို့ အနက်အဓိပ္ပာယ် ဘယ်လိုဖွင့်သလဲ။ ပြီးလို့ရှိရင် ကျွန်တော်တို့က အမျိုးသားပြည်နယ်များနဲ့ ပေါင်းစည်းဖို့။ ဒါကျွန်တော်တို့ ၁၉၄၇ ခုနှစ် ကတည်းက စခဲ့တာပဲလေ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပေါင်းစည်းတယ်။ မပေါင်းစည်းဘူးဆိုတာက ခုနကပြောသလို ကျွန်တော် တို့မူဝါဒတူရင် အလိုလိုနေရင်း ပေါင်းဖြစ်မှာပဲ”ဟု ၎င်းင်းက ပြောကြားသည်။

Most Read

Most Recent