ပြည်ပတင်ပို့နေသည့် ပို့ကုန်အုပ်စုအချို့ တင်ပို့မှု ကျဆင်းနေပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှုထက် ဒေါ်လာတစ်ဘီလျံကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်ဟူသည့် ပို့ကုန်အုပ်စု ခုနစ်မျိုးခွဲကာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ပို့ကုန်အုပ်စုခုနစ်မျိုးအနက် လယ်ယာထွက်ပစ္စည်း၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ ပြည်ပတင်ပို့မှုမှ ရရှိငွေမှာ ယခင်ဘဏ္ဍာနှစ်ကာလတူ ရရှိငွေထက်လျော့နည်းနေကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ပို့ကုန်အုပ်စုခုနစ်မျိုး တင်ပို့မှု မှ ဒေါ်လာ ၈၄၅၇ ဒသမ ၉၇၃ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုထက် ဒေါ်လာ ၁၂၀၀ ဒသမ ၆၂၈ သန်း လျော့နည်းရရှိခဲ့ကြောင်း သိရသည်။လယ်ယာထွက်ပစ္စည်း တင်ပို့မှုရငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၅၉ ဒသမ ၆၈၆ သန်း၊ သတ္တုတွင်းထွက် တင်ပို့မှုရငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၄၆၃ ဒသမ ၄၆၅ သန်း၊ စက်မှုကုန်ချော တင်ပို့မှုရငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၅၃၀ ဒသမ ၀၆၅ သန်း၊ အခြားပို့ကုန် တင်ပို့မှုရငွေမှာ ယခင်ဘဏ္ဍာနှစ်ထက်ဒေါ်လာ ၂၇၃ ဒသမ ၁၈၆ သန်းအသီးသီး လျော့နည်းခဲ့ကြောင်း သိရသည်။ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သစ်တောထွက် ပစ္စည်းအုပ်စုတို့ ပြည်ပတင်ပို့မှုမှာမူ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဝင်ငွေပိုမိုရရှိခဲ့ကြောင်း သိရသည်။ပြည်ပကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆောင်ရွက်သကဲ့သို့ နယ်စပ်ကုန်သွယ်ရေးမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားနေသော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်တင်သွင်းမှုထက် များပြားနေကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးက အများဆုံးဆောင်ရွက်နေပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပတင်ပို့သည့် ပို့ကုန်အုပ်စုအချို့ တင်ပို့မှုကျဆင်းနေပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုရငွေထက် ဒေါ်လာတစ်ဘီလျံကျော် လျော့နည်း















