မိခင်နို့ရည် တိုက်ကျွေးခြင်းသည် ကလေးများ၊ အမေများနှင့် စီးပွားရေးအတွက် အကောင်းဆုံးဖြစ်

မိခင်နို့ရည် တိုက်ကျွေးခြင်းသည် ကလေးများ၊ အမေများနှင့် စီးပွားရေးအတွက် အကောင်းဆုံးဖြစ်
Published 29 January 2016

ကလေးအရေအတွက် ပို၍များစွာ အချိန်ပို၍ကြာစွာ မိခင်နို့ရည် တိုက်ကျွေးခြင်းသည် တစ်နှစ်အတွင်းမှာပင် ကမ္ဘာ့စီးပွားရေးကို ဒေါ်လာဘီလျံ ၃၀၀ ခန့်သက်သာစေပြီး မွေးလာသည့် ကလေးကို ပို၍စမတ်ကျစေရုံသာမက ဝင်ငွေမြင့်မားမှုလည်း ဖြစ်စေသည်ဟု ဇန်နဝါရီ ၂၈ ရက်တွင် သုတေသနပြုသူများက ပြောကြားခဲ့သည်။မိခင်နို့ရည် တိုက်ကျွေးမှုကြောင့် တစ်နှစ်လျှင် ကလေးသေဆုံးမှု ၈၀၀,၀၀၀ ကျော်နှင့် အမျိုးသမီးများ ရင်သားကင်ဆာကြောင့် သေဆုံးမှု ၂၀,၀၀၀ ခန့်ကိုလည်း ကာကွယ်နိုင်သည်ဟု ဆိုသည်။“မိခင်နို့ရည် တိုက်ကျွေးမှုက နိုင်ငံတွေအားလုံးမှာ အသက်ကယ်နိုင်သလို ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။ ဆင်းရဲတဲ့နိုင်ငံပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့ နိုင်ငံပဲဖြစ်ဖြစ် အတူတူပါပဲ” ဟု ဘရာဇီးနိုင်ငံ ပီလိုတားဖက်ဒရယ် တက္ကသိုလ်မှ ဆီဆာဗစ်တိုရာက ပြောကြားခဲ့သည်။ သူသည် The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သော သုတေသန အတွဲလိုက်ကို ရေးသားခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။“မိခင်နို့ရည် တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးတွေက ဆင်းရဲတဲ့နိုင်ငံတွေနဲ့ပဲ ပတ်သက်တယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆ ပျံ့နှံ့နေပါတယ်” ဟု သူက ထုတ်ပြန်ချက် တစ်ရပ်၌ ပြောကြားခဲ့သည်။ယခုတွေ့ရှိချက်များသည် သိပ္ပံနည်းကျ သုံးသပ်မှု ၂၈ ခုနှင့် မိခင်နို့ရည်တိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် စီးပွားရေး အကျိုးကျေးဇူးများကို သုံးသပ်ထားမှုများအပေါ် အခြေခံထားခြင်းဖြစ်သည်။ယခုသုတေသနကို ရေးသားသူများက ၎င်းတို့၏ လေ့လာသုံးသပ်ချက်သည် အလားတူ အမျိုးအစားများထဲ၌ အကျယ်ပြန့်ဆုံးနှင့် အသေးစိတ်အကျဆုံး သုံးသပ်ချက်ဖြစ်သည်ဟု ဆိုသည်။ယခုလေ့လာချက်တွင် မိခင်နို့ရည် တိုက်ကျွေးခြင်းသည် မျှော်လင့်နိုင်သည့် လူ့သက်တမ်းကို သိသိသာသာ တိုးတက်စေသည်ဟုလည်း ကောက်ချက်ချထားသည်။ဝင်ငွေမြင့်မားသော နိုင်ငံများတွင် မိခင်နို့ရည် တိုက်ကျွေးခြင်းသည် မွေးကင်းစ ကလေးငယ် ရုတ်တရက် သေဆုံးနိုင်ခြေကို သုံးပုံတစ်ပုံကျော်အထိ လျှော့ချပေးနိုင်သည်ဟု ဆိုသည်။ဝင်ငွေအလယ်အလတ်နှင့် နိမ့်ပါးသော နိုင်ငံများတွင် ကလေးများ ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ခြေကို ထက်ဝက်ခန့်အထိ လည်းကောင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်နိုင်ခြေကို သုံးပုံတစ်ပုံအထိ လည်းကောင်း လျှော့ချပေးနိုင်သည်ဟု ဆိုသည်။အားလုံးပေါင်းလိုက်ပါက မိခင်နို့ရည် တိုက်ကျွေးမှုကြောင့် နှစ်စဉ်ကလေးငယ် ပေါင်း ၈၀၀,၀၀၀ ခန့်၏ အသက်ကို ကယ်တင်နိုင်သည်ဟု ဆိုသည်။ ယင်းသည် နှစ်နှစ်အောက် ကလေးသေဆုံးမှု စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းနှင့် ညီမျှသည်။
Ref : AFP

Most Read

Most Recent