ထိုင်ဝမ်တွင် ၂၀၁၄ ခုနှစ်က TransAsia လေယာဉ်ပျက်ကျမှုသည် လေယာဉ်မှူးများကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများ ပြောကြား

ထိုင်ဝမ်တွင် ၂၀၁၄ ခုနှစ်က TransAsia လေယာဉ်ပျက်ကျမှုသည် လေယာဉ်မှူးများကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများ ပြောကြား
Published 29 January 2016
Ref: AFP

ထိုင်ဝမ်တွင် ၂၀၁၄ ခုနှစ်က မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း TransAsia လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုသည် လေယာဉ်မှူးနှစ်ဦးက ကျွန်းစုပေါ်သို့ဆင်းသက်ရန် ကြိုးပမ်းစဉ် အလွန်အမင်းနိမ့်သည်အထိ ပျံသန်းခဲ့၍ဖြစ်ကြောင်း ထိုင်ဝမ်လေကြောင်းအာဏာပိုင်များက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၃ ရက်က တိုင်ဖွန်းမတ်မို တိုက်ခတ်နေစဉ် မြင်ကွင်းမရှင်းမလင်း ဖြစ်နေချိန်၌ ယင်း လေယာဉ်မှူးနှစ်ဦးသည် လိုအပ်သည်ထက် ပို၍နိမ့်သောအမြင့်မှ  ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်လေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ရာ ယင်းသည် ထိုင်ဝမ်၌ တစ်နှစ်အတွင်း အဆိုပါလေကြောင်းလိုင်း၏ ဒုတိယအကြိမ်မြောက် လူသေဆုံးမှုများပြားခဲ့သည့် မတော်တဆမှုဆိုင်ရာ နောက်ဆုံးအစီရင်ခံစာလည်းဖြစ်သည်။ခရီးသည် ၅၄ ဦးနှင့် လေယာဉ်ဝန်ထမ်းလေးဦး လိုက်ပါလျက် လေကြောင်းခရီးစဉ် အမှတ် GE-222 သည် ထိုင်ဝမ်ရေလက်ကြား၏ ဖန်ဟူကျွန်းစုရှိ မာကောင်မြို့လေဆိပ်အနီး သစ်ပင်များနှင့် လူနေအိမ်များကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး လူ ၁၀ ဦးသာ အသက်ရှင်ကျန်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်တွင် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးဖြစ်သော ယင်းလေကြောင်းမတော်တဆမှု၌ သေဆုံးခဲ့သူများတွင် ပြင်သစ်နိုင်ငံသားနှစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုင်ဝမ်သို့ မတ်မို တိုင်ဖွန်းဝင်ရောက်စဉ် မိုးချုန်းမှုများနှင့် မိုးသည်းထန်နေစဉ်အတွင်း ATR 72-500 လေယာဉ်သည် လမ်းကြောင်းကို ပြောင်းလဲပျံသန်းခဲ့ကြောင်း၊ လေယာဉ်မှူးများသည် လေယာဉ် ပြေးလမ်းဝန်းကျင်ကို ရှင်းရှင်းလင်း လင်းမြင်တွေ့ခဲ့ရခြင်းမရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။လေကြောင်း ဘေးကင်းလုံခြုံရေး စည်းမျဉ်းများအရ လေယာဉ်မှူးများသည် လေယာဉ်ကို အမြင့်ပေ ၃၃၀ (မီတာ ၁၀၀) အနိမ့်သို့ ရောက်ရှိပါက ယင်းနေရာထက် ထပ်မံနိမ့်၍ မပျံသန်းရန် လိုအပ်ကြောင်း၊ သို့သော် TransAsia လေယာဉ်မှူးများသည် ယင်းထက် ပိုမိုနိမ့်၍ ပျံသန်း၍ လိုက်နာရမည့်စံများကို ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း လေကြောင်းဘေးကင်းလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးသောမတ်ဝမ်က ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထို့ပြင် TransAsia မှ ATR လေယာဉ်မှူးများအဖွဲ့သည် ယင်းအချိန်က လိုအပ်သည်ထက် နိမ့်၍ပျံသန်းသည့် အလားတူပြဿနာများ ရှိနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ လုပ်ရပ်များအား ကုမ္ပဏီက လက်သင့်ခံနေရသည့် အကြောင်းကို သိရှိလိုကြောင်း၊ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ (CAA) က ယင်းစည်းမျဉ်းချိုးဖောက်မှုများကို မည်သည့်အတွက်ကြောင့် စစ်ဆေးတွေ့ရှိခြင်း မရှိသည်ကို သိရှိလိုကြောင်း ဝမ်က ပြောကြားခဲ့သည်။ထို့ပြင် ရာသီဥတုအချက်အလက်များကို လေယာဉ်ဝန်ထမ်းများထံ ဆက်သွယ်အသိပေးမှု အားနည်းခြင်းနှင့် မာကောင်လေဆိပ်တွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ အပါအဝင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အကြောင်းအရာများကိုလည်း ယင်းစုံစမ်းစစ်ဆေးမှု အစီရင်ခံစာ၌ ဖော်ပြထားသည်။ယင်းလေယာဉ်မပျက်ကျမီ ခုနစ်လအလိုကလည်း TransAsia လေကြောင်းလိုင်းခရီး စဉ်အမှတ် GE235 သည် ခရီးသည် ၅၃ ဦး နှင့် လေယာဉ်ဝန်ထမ်းငါးဦး လိုက်ပါလျက် စတင်ပျံသန်းပြီး မကြာမီ တံတားတစ်စင်းကို တိုက်မိကာ တိုင်ပေရှိ မြစ်တစ်စင်းထဲသို့ ထိုးကျမှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။                    

Most Read

Most Recent