ထိုင်းနိုင်ငံတွင် ထင်ရှားသော အနှိပ်ခန်းပိုင်ရှင်သူဌေးမှ နိုင်ငံရေးသမားဖြစ်လာသူ ထောင်နှစ်နှစ်ကျ

ထိုင်းနိုင်ငံတွင် ထင်ရှားသော အနှိပ်ခန်းပိုင်ရှင်သူဌေးမှ နိုင်ငံရေးသမားဖြစ်လာသူ ထောင်နှစ်နှစ်ကျ
Published 29 January 2016
Ref: AFP

ထင်ရှားသော ထိုင်းအနှိပ်ခန်းပိုင်ရှင်သူဌေးအဖြစ်မှ လာဘ်စားမှုများဖြင့် ပြည့်နှက်နေသော နိုင်ငံရေးသမားအဖြစ် ပြောင်းလဲလာသူကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့်ခရီးသည်များ နှစ်ခြိုက်ရာနေရာ၌ အရက်ဆိုင်တန်းတစ်တန်းကို ဖြိုချခဲ့မှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၈ ရက်က ထောင်ဒဏ်နှစ်နှစ် အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ချူဝစ်ကာမိုဗီဆစ်ကို ၂၀၀၃ ခုနှစ်က အရက်ဆိုင်တန်းကို ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ ကျူးကျော်ဝင်ရောက်ခြင်း၊ မှားယွင်းအကျဉ်းချခြင်းနှင့် ရာဇဝတ်မှုမြောက်သော ဖျက်ဆီးခြင်းတို့ဖြင့် အထက်တရားရုံးက အပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ သူသည် သူဖျက်ဆီးခဲ့သည့် အရက်ဆိုင်တန်းမြေနေရာကို နောက်ပိုင်း၌ ဝယ်ယူခဲ့သည်။ညအချိန်၌ ဖျက်ဆီးမှုပြုလုပ်ရန် လူမိုက်များစွာတို့ကို ချူဝစ်နှင့် သူ၏အပေါင်းပါများက ငှားရမ်းခဲ့ကြပြီး ထိုသူတို့က မြေတူးစက်များအသုံးပြုကာ အရက်ဆိုင်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါလူမိုက်များအနက် ၄၀ ဦးခန့်ကိုလည်း ဇန်နဝါရီ ၂၈ ရက်က ထောင်ဒဏ်အပြစ်ပေးခဲ့သည်။ချူဝစ်သည် သူဖျက်ဆီးခဲ့သည့်မြေနေရာတွင် နောက်ပိုင်း၌ ချူဝစ်ပန်းခြံကို ထူထောင်ခဲ့သည်။ ယင်းသည် ဘန်ကောက်မြို့၏ လူနေကျပ်ညပ်နေသော နေရာတွင် ရှားရှားပါးပါးအများပြည်သူနားခိုစရာ စိမ်းလန်းသည့် နယ်မြေတစ်ခုဖြစ်သည်။ ယင်းပန်းခြံသည် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည်ဟု ယူဆရသည်။အမိန့်ချမှတ်ပြီးနောက် တရားသူကြီးက သူ၏ အပြစ်ဒဏ်ကို ထောင်ဒဏ်ငါးနှစ်မှ နှစ်နှစ်သို့ လျှော့ချပေးခဲ့သည်။ ချူဝစ်သည် အရက်ဆိုင်ပိုင်ရှင်များကို လုံလောက်သည့် လျော်ကြေးပေးခြင်းနှင့် မြေနေရာတွင် ပန်းခြံဆောက်လုပ်ခြင်းတို့ကြောင့် အပြစ်ဒဏ်လျှော့ ပေါ့ပေးခြင်းဖြစ်သည်။ချူဝစ် (၅၅ နှစ်) သည် သူ၏ သွက်လက်သောအသွင်အပြင်၊ ဟာသဉာဏ်ရွှင်သော တိုက်ခိုက်ဝေဖန်မှုနှင့် သူ၏ရန်သူများအား  အာခံသည့်အပြုအမူများဖြင့် “ငါ့ကို လာချ လေ” ပုံစံချိုးလျက် သေနတ်များကိုင်ကာ သတင်းစာများတွင် ကြိမ်ဖန်များစွာ ကိုယ်ယောင်ပြမှုတို့ကြောင့် လူသိများသူများအနက် အထင်ရှားဆုံးဖြစ်ခဲ့သည်။သူသည် ဘန်ကောက်တွင် အနှိပ်ခန်းများဖွင့်လျက် ရာပေါင်းများစွာသော အမျိုးသမီးများကို အလုပ်ပေးထားသည့် အောင်မြင်သော ပြည့်တန်ဆာခေါင်းတစ်ဦးအဖြစ် သူ၏ ဘဝအကြောင်းကိုလည်း ကြွားဝါတတ်သူဖြစ်သည်။သူသည် ပါလီမန်အမတ်အဖြစ် နှစ်ကြိမ်ရွေးချယ်ခံခဲ့ရပြီး ပထမဆုံးအကြိမ်မှာ ၂၀၀၅ ခုနှစ်က ဖြစ်သည်။ ၂၀၁၄ ခုနှစ် အာဏာမသိမ်းမီက ဘန်ကောက်အုပ်ချုပ်ရေးမှူးကဲ့သို့သော ထိပ်တန်းရာထူးရရှိမည့်သူအဖြစ် အများက ထင်ကြေးပေးခံထားရသူလည်း ဖြစ်သည်။                              

Most Read

Most Recent