ပါရီဒစ္စနေလန်းဟိုတယ်သို့ သေနတ်နှစ်လက် ယူလာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီး

ပါရီဒစ္စနေလန်းဟိုတယ်သို့ သေနတ်နှစ်လက် ယူလာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီး
Published 29 January 2016

မြို့တော်ပါရီ အပြင်ဘက်ရှိ ဒစ္စနေလန်း အပန်းဖြေစခန်းထဲတွင် ဇန်နဝါရီ ၂၈ ရက်က သေနတ်နှစ်လက်၊ ခဲယမ်းမီးကျောက်များနှင့် ကိုရန်ကျမ်းစာ တစ်စောင်တို့ကို သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
အဆိုပါအမျိုးသားကို ဒစ္စနေလန်းထဲရှိ ဟိုတယ်သို့ အဝင်တွင် ဟိုတယ်လုံခြုံရေးများက စစ်ဆေးရာမှ သေနတ်နှစ်လက်၊ ကိုရန်ကျမ်းစာတစ်စောင်နှင့် ခဲယမ်းမီးကျောက်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ပါရီဒစ္စနေလန်းမှ ပြောကြားချက်အရ ထိုအမျိုးသား၏ အိတ်များကို ဟိုတယ်အဝင်ဝတွင် ပုံမှန်စစ်ဆေးနေကျအတိုင်း စစ်ဆေးရာမှ သေနတ်များကို တွေ့ခဲ့ခြင်းဖြစ်သည်။ အစောပိုင်း စစ်ဆေးမှုများအရ ယခုအမှုသည် အကြမ်းဖက်မှုသို့ ဦးတည်နေသည်ဟု မယူဆသေးကြောင်း ရဲသတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။ ထိုအမျိုးသားကလည်း သူသည် သူ၏လုံခြုံရေးကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ သေနတ်များ ယူဆောင်ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။
နိုဝင်ဘာလက ကော်ဖီဆိုင်များ၊ ကဇာတ်ရုံ၊ အမျိုးသားအားကစားရုံတို့ကို ပစ်မှတ်ထားပြီး သေနတ်သမားများ၏ ပစ်ခတ်မှု၊ အသေခံဗုံးခွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြင်သစ်တွင် ယခုအချိန်အထိ စိုးရိမ်နေကြဆဲ ဖြစ်သည်။
ဇန်နဝါရီ ၂၈ ရက်ဖြစ်စဉ်တွင် ရဲများသည် ထိုသံသယရှိသူ အမျိုးသားကို ဖမ်းဆီးခဲ့သည့်အပြင် သူ၏ကားကိုလည်း သိမ်းဆည်းခဲ့သည်ဟုသိရသည်။ ထိုအမျိုးသားကို ဖမ်းဆီးပြီးနောက် ၎င်း၏မိန်းကလေး သူငယ်ချင်းဟု ထင်မှတ်ပြီး နောက်ထပ်မိန်းကလေး တစ်ဦးကို ထပ်မံဖမ်းဆီး ခဲ့သေးသည်။ ထို့နောက်မှ လူမှား၍ ဖမ်းဆီးမိသည်ကို သတိထားမိခဲ့ပြီး ထိုမိန်းကလေးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ မိန်းကလေး သူငယ်ချင်း အစစ်အမှန်ကို ဆက်လက်ရှာဖွေနေကြောင်း၊ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားသည် ပါရီမြို့သားတစ်ဦး ဖြစ်ကြောင်းသာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး အသေးစိတ် မသိရသေးပေ။
ပါရီဒစ္စနေလန်းသည် ဥရောပတစ်ခွင်တွင် လူဝင်ရောက်မှု အများဆုံး အပန်းဖြေ နေရာတစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်း လာရောက်သူ ၁၄ ဒသမ ၈ သန်းအထိ ရှိခဲ့သည်ဟု အီးယူဒစ္စနေ၏ နှစ်ပတ်လည် အစီရင်ခံစာထဲတွင် ဖော်ပြခဲ့သည်။ ယခုဖမ်းဆီးခံခဲ့ရသည့် သေနတ်ယူလာသော အမျိုးသားသည် မြို့တော်ထဲရှိ အမှတ် ၁၄ ရပ်ကွက်ထဲမှ စားသောက်ဆိုင် တစ်ဆိုင်၏ ပူးတွဲမန်နေဂျာ တစ်ဦးဖြစ်သည်ဟု သိရသည်။
Ref : AFP

Most Read

Most Recent