မင်္ဂလာဒုံမြို့နယ် စံသမာဓိနှင့် မြဲမြံအောင် စိုက်ခင်းရပ်ရှိ နေအိမ်ဖယ်ရှားခံရသူများနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အနီး နှစ်ပေါင်း ၂၀ကျော်နေထိုင်ကာ လယ်ယာစိုက်ပျိုးနေထိုင်ကြသည့် တဲအိမ်များအား စီမံကိန်းမြေအတွင်း ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခံခဲ့ရပြီးနောက် ဖယ်ရှားခံရသူများမှာ လက်ရှိအချိန်၌ နေစရာနေရာမရှိသဖြင့် ကားလမ်းနံဘေးတွင် တဲထိုးနေရကြောင်း သိရသည်။မင်္ဂလာဒုံမြို့နယ် စံသမာဓိနှင့် မြဲမြံအောင် စိုက်ခင်းရပ်မှ အပြီးအပိုင် ဖယ်ရှားပေးရန် ပြောသော်လည်း ဖယ်ရှားခံရသူများအနေဖြင့် ဆက်လက် ပြောင်းရွှေ့နေထိုင်စရာ မရှိသဖြင့် မြဲမြံအောင်စိုက်ခင်းရပ်ကွင်းအထွက်ရှိ မြန်မာပေါ်စကို စတီးကုမ္ပဏီရှေ့ကားလမ်းနံဘေးတွင် ဝါးလုံးများဖြင့် တဲထိုးကာနေထိုင်နေရကြောင်း သိရသည်။“အန်တီဒီကိုရောက်တာ ၁၅ နှစ်လောက် ရှိပြီ။ ကလေးတောင်ခု ကိုးတန်း၊ ၁၀ တန်းဖြစ်နေပြီလေ။ အန်တီတို့ စရောက်တုန်းကတော့ ချုံတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးကြတာပေါ့။ တစ်နှစ် ၊ နှစ်နှစ်တုန်းကတော့ ပိုက်ဆံတွေ လာလာတောင်းသေးတယ်။ နောက်တော့ မတောင်းတော့ဘူး။ အဲဒီတုန်းကတော့ ဘာပြဿနာမှ ပေါ်မလာဘူး။ ခုမှ ထဖျက်တော့ အန်တီတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိဘူး။ ခုလည်း အန်တီတို့ ပစ္စည်းတွေကို အပြီးအပိုင် ပြောင်းရွှေ့ပေးဖို့ ပြောတယ်။ အန်တီတို့က ဘယ်မှာ သွားနေရမှာလဲ။ လမ်းဘေးမှာတောင် ခုတဲထိုးနေရတာ ပစ္စည်းတွေတောင် ဘယ်နေရာ ထားရမှန်းမသိဘူး။ ကျောင်းသားတွေဆိုလည်း ကျောင်းမတက်ရနဲ့ ကိုးလို့ကန့် လန့်တွေ ဖြစ်ပြီး ဒုက္ခတွေရောက်နေတာပေါ့”ဟု အသက် ၄၅ နှစ်အရွယ် ဒေါ်သန်းသန်းဝေက ဆိုသည်။ဇန်နဝါရီ ၂၆ရက်က ကျူးကျော်ဟုဆိုကာဖယ်ရှားခဲ့သဖြင့် နေစရာမရှိသောကြောင့် မြဲမြံအောင် စိုက်ခင်းအထွက်ရှိ မြန်မာပေါ်စကို စတီးစက်ရုံရှေ့ ကားလမ်းမနံဘေးမှ စကာဝါးလုံး၊ မိုးကာစများဖြင့် တဲထိုးကာ နေထိုင်နေကြသည်မှာ အမှတ်(၃)လမ်းမကြီးနားအထိ ရှိလာပြီဖြစ်ပြီး မြဲမြံအောင်စိုက်ခင်းအားလည်း သစ်သားတန်းများဖြင့် ခြံဝင်းခတ်ကာ ကာရန်နေကြောင်း သိရသည်။“ဦးလေးက ဧရာဝတီတိုင်း ဘိုကလေးမြို့အောက်က ထော်ပိုင်ဆိုတဲ့ရွာက လာတာပါ။ နောက်တော့ နာဂစ်ဖြစ်တယ် ကျွန်တော့်မိသားစုဝင်တွေလည်း အများကြီး သေခဲ့တယ်။ အဲဒီမှာ ဘာမှလုပ်စားလို့ မရတော့ဘူး။ အဲဒါကတော့ သဘာဝဘေးဆိုတော့ ခံသာပါတယ်။ အဲဒီနောက်ပိုင်းမှာ မိသားစုလိုက် ပြောင်းလာတာခုဆိုရင် ခြောက်နှစ်ကျော် လာပြီ။ ခုလို ဖျက်လိုက်တော့ ဦးလေးတို့က ဘယ်သွားနေရမလဲ။ ခုလည်း ကားလမ်းနံဘေးမှာ တဲထိုးနေဖို့ လုပ်နေရတယ်” ဟု ဖယ်ရှားခံခဲ့ရသူတစ်ဦးက ဆိုသည်။အဆိုပါ ဖယ်ရှားခံခဲ့ရသော နေရာတွင် ၁၅ နှစ်ကျော် နေထိုင်ခဲ့ကြသူများ အပါအဝင် နာဂစ်နောက်ပိုင်း ရောက်လာသူများလည်း ပါဝင်ကြောင်းသိရပြီး လက်ရှိတွင် ကျောင်းတက်နေသော ကျောင်းသူ၊ ကျောင်းသား ၂၀၀ နီးပါးရှိကြောင်း သိရသည်။ အစားအသောက်များအတွက်ကိုမူ စေတနာရှင်များ လာရောက်လှူဒါန်းသော ထမင်းထုပ်များ၊ ရေသန့်ဘူးများဖြင့် စားသောက်နေကြရကြောင်း သိရသည်။မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုရှိ စံသမာဓိရပ်ကွက် မြဲမြံအောင်စိုက်ပျိုးရေး မြေနေရာများရှိ နေအိမ်များအား သက်ဆိုင်ရာမှ ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ဘက်ဟိုးယာဉ် အသုံးပြု၍ လူအင်အားများစွာဖြင့် ဖယ်ရှားခဲ့သည်။အဆိုပါ စိုက်ပျိုးရေးခြံ မြေနေရာများတွင် ဖယ်ရှားခံခဲ့ရသည့် အိမ်ခြေစုစုပေါင်း ၆၀၀ ခန့်ရှိကာ လူဦးရေ ၂၅၀၀ခန့်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အတန်းတင် စာမေးပွဲ နီးကပ်ချိန်တွင် ယခုကဲ့သို့ ဖျက်ဆီးဖယ်ရှားခံရခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃ အပိုင် ၇၃ ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်အနီး ပုဏ္ဏမီလမ်းမကြီးနံဘေးရှိ ဘုရားလေးကွင်းတွင် လယ်မြေအခွန်ပြေစာဖြင့် နှစ် ၂၀နီးပါး နေထိုင်နေသည့် တဲအိမ် ၁၀၀ ကျော်အား စီမံ ကိန်းနယ်မြေအတွင်း ကျူးကျော် ဝင်ရောက် နေထိုင်နေသည်ဟုဆိုကာ ရဲအင်အား၊ လူအင်အား ၁၀၀၀ ကျော်ဖြင့် သက်ဆိုင်ရာမှ ဇန်န ဝါရီ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် လာရောက် ဖယ်ရှားခဲ့ကြောင်း သိရသည်။“တချို့ပိုက်ဆံရှိတဲ့သူတွေကတော့ ယုဇနဥယျာဉ်ထဲမှာ အခန်းငှားနေကြတယ်။ မရှိတဲ့သူတွေကတော့ လမ်းဘေးမှာပဲ တဲထိုး နေနေကြတယ်။ ခုဟာက ဦးတို့မှာ နေစရာမရှိတော့တဲ့အပြင် စားဖို့သောက်ဖို့အတွက် လယ်လုပ် စားဖို့တောင် လယ်မရှိတော့ဘူး။အကုန်ခြံခတ်ထားတယ်။ အဖျက်ခံရတဲ့ အိမ်က ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ကျော် ရှိပါတယ်။ အားလုံးတော့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်တာပေါ့”ဟု နေအိမ်အဖျက်ခံခဲ့ရသည့် ကိုစိုးကြီးက ဆိုသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း စိုက်ခင်းရပ်ရှိ နေအိမ်ဖယ်ရှားခံရသူများနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီး နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သူများအား ကျူးကျော်ဟုဆိုကာ ဖယ်ရှားခံခဲ့ရပြီးနောက် လက်ရှိတွင် ကားလမ်းနံဘေး၌ တဲထိုးနေထိုင်နေရ















