ထောင်ဒဏ်ငါးနှစ်ကျော် ချခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ၂၀၁၄ ခုနှစ်က အမှုဖွင့်ထားသည့် ပုဒ်မ ၁၈ ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၌ ထပ်မံတရားစွဲ

ထောင်ဒဏ်ငါးနှစ်ကျော် ချခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ၂၀၁၄ ခုနှစ်က အမှုဖွင့်ထားသည့် ပုဒ်မ ၁၈ ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၌ ထပ်မံတရားစွဲ
Published 28 January 2016
ပြည့်ဖြိုးအောင်

လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံးအသီးသီးမှ အင်းစိန်တွင် ထောင်ဒဏ်ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို၂၀၁၄ ခုနှစ်က အမှုဖွင့်ထားသည့် ပုဒ်မ ၁၈ ဖြင့် မင်္ဂလာတောင်ညွန့် မြို့နယ် တရားရုံး၌ ဇန်နဝါရီ ၂၈ ရက်တွင် ရုံးထုတ်ခဲ့သည်။
“ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်၊ ကိုစည်သူ၊ ကိုမိုးသူတို့ကို ၂၀၁၄ ခုနှစ်က ရှစ်လေးလုံး (၂၆)နှစ်ပြည့် ပြုလုပ်ခဲ့တဲ့အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုတယ်။ ပြီးတော့ တရားခံပြေး ဖြစ်သည့် ကိုစည်သူအတွက် ကြားနာဖို့ကို ရုံးချိန်း ပြန်ချိန်း ပေးလိုက်တယ်”ဟု တရားစွဲဆို ခံရသူတို့၏ ဥပဒေအကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ကိုစည်သူနှင့် ပတ်သက်၍ ကြားနာရန် ရုံးချိန်းကို ဖေဖော်ဝါရီ ၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်တွင် ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုစည်သူ၊ ကိုမိုးသူတို့သည် ရှစ်လေးလုံး (၂၆) နှစ်ပြည့် နှစ်ပတ်လည်အတွက် တာမွေမြို့နယ်မှ ကျောက်တံတားမြို့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့ကြောင့်  လမ်းလျှောက် ဖြတ်သန်းဆန္ဒပြရာတွင် မင်္ဂလာတောင်ညွန့်မြို့ ပါဝင်ခဲ့သဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့်  အမှုဖွင့်ခဲ့ပြီး တစ်နှစ်ခွဲကျော်ကြာမှ မြို့နယ်တရားရုံး၌ တရားစွဲ တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို တစ်နှစ်ခွဲကျော်ကြာပြီးမှ တရားစွဲဆိုတာနဲ့ပတ်သက်ပြီးတော့ မကြာခင် လပိုင်းမှာ အာဏာလွဲှပေးရမယ့် လက်ရှိ အုပ်ချုပ်နေတဲ့အစိုးရက လူ့အခွင့်အရေးတွေကို သူ့သက်တမ်း မကုန်ခင်မှာ ထပ်ချိုးဖောက်တယ်လို့ မြင်ပါတယ်။ ကျွန်တော် ရှစ်လေးလုံး နှစ်ပတ်လည်မှာ တောင်းဆိုခဲ့တာက အမှန်တကယ် ဒီမိုကရေစီရရှိရေးဆိုပြီး တောင်းဆိုခဲ့တာပါ။ ဒီမိုကရေစီစနစ်အတွက် နှစ်ပတ်လည် တောင်းဆိုမှုတွေက နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာတော့ တရားစွဲတာတွေ မရှိဘူး။ ဒီမှာတော့ တရားစွဲတယ်။ အဲဒီတော့ လက်ရှိ အစိုးရက မှားယွင်းစွာ လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”ဟု ကိုထင်ထွဋ်ပိုင်က ဆိုသည်။
ဆက်လက်၍ ၎င်းက “ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၁၀၀ကျော် လွှတ်ပေးခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ငြိမ်း ချမ်းသာပေးခဲ့တယ်။ ကျောင်းသားတွေနဲ့ ထောင်ဒဏ်နှစ်ကြီး ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘာလို့မလွှတ်တာလို့ မီဒီယာတွေက သမ္မတရုံး ပြန်ကြားရေးကိုမေးတော့ တရားရုံးမှာ တရားရင်ဆိုင်ဆဲဖြစ်လို့ဆိုပြီး ဖြေခဲ့တာကို ဖတ်ရပါတယ်။ အဲ့ဒါကြောင့်ပဲ ထင်ပါတယ်။ကျွန်တော်ဆိုရင် ထောင်ဒဏ်ငါးနှစ်ကျော်နဲ့ ဒေါ်နော်အုန်းလှဆိုရင် ထောင်ဒဏ် ခြောက်နှစ်ကို ချခံပြီးပြီလေ။ ဒါကိုကျွန်တော်တို့ကို ပြန်မလွှတ်ပေးချင်လို့ အမှုဟောင်းတွေရှိတယ် ဆိုပြီးတော့ အခုလို ပြန်ရုံးထုတ်တာဖြစ်လို့ ထင်ပါတယ်။ ပြီးတော့လက်ရှိအချိန်မှာလည်း ကျူးကျော်ဆိုပြီး ဒါဇင်ပေါင်းများစွာ ပြည်သူတွေကို စက်ယန္တရားတွေ ရှင်းလင်းနေတာဟာ လက်ရှိအစိုးရက ဆင်းခါနီးတောင်မှ လုပ်ချင်သလို လုပ်နေတာဟာ နောက်တက်မယ့် အစိုးရကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာပါ။ ဒါကိုနောက်အစိုးရလုပ်မယ့် ပါတီ အရင်အတိုက်အခံပါတီ NLD အစိုးရက ဒါတွေကို ထောက်ပြ ဝေဖန်သင့်ပြီး နှုတ်ပိတ်နေမယ်ဆိုရင် အရင်အစိုးရလိုပဲ လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေး ထောက်ခံ နေတာလားလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်”ဟု ထောင်ဒဏ်ငါးနှစ်နှင့်နှစ်လ ချမှတ်ခံထားရသည့် ကိုတင်ထွဋ်ပိုင်က မင်္ဂတောင်ညွန့်မြို့နယ် တရားရုံးချိန်းအပြီးတွင် ပြောကြားသည်။
ပြီးခဲ့သည့်နှစ် မေ ၁၅ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှစ၍ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့်  မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ-၃၅၃၊ ပုဒ်မ-၁၇၄၊ ပုဒ်မ၅၀၅(ခ)၊ ပုဒ်မ-၁၈ တို့ဖြင့် ကိုတင်ထွဋ်ပိုင်အား အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ကျော်နှင့် ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ခြောက်နှစ်ကျော် ချမှတ်ထားသည်။     
  

Most Read

Most Recent