ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အလျင်အမြန် အရေးယူ ဆောင်ရွက်ရန် အိုဘားမား တိုက်တွန်း

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အလျင်အမြန် အရေးယူ ဆောင်ရွက်ရန် အိုဘားမား တိုက်တွန်း
Published 28 January 2016

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဇီကာဗိုင်းရပ်စ် အလျင်အမြန် ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ ပိုမိုလျင်မြန်သော သုတေသန ပြုလုပ်ရန်အတွက် ဇန်နဝါရီ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။ ဇီကာဗိုင်းရပ်စ်သည် ခြင်မှတစ်ဆင့် ပျံ့နှံ့ပြီး ဘရာဇီးနိုင်ငံတွင် မွေးရာပါ ချွတ်ယွင်းချက်များ မြင့်တက်လာခြင်းနှင့် ဆက်နွှယ်နေသည်။
ဇန်နဝါရီ ၂၆ ရက်တွင် အိုဘားမားက ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ရောဂါရှာဖွေ စမ်းသပ်မှုများ ပိုမိုကောင်းမွန်လာရန်၊ ကာကွယ်ဆေးများ ဖွံ့ဖြိုးလာရန်နှင့် ကုထုံးများ ဖွံ့ဖြိုးလာရန် တောင်းဆိုလိုက်သည်။ အဆိုပါ ဗိုင်းရပ်စ်သည် အမေရိကတိုက်တစ်ခုလုံး ပျံ့နှံ့နိုင်ဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။
ယခုအချိန်ထိ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးနှင့် ကုသရန်ဆေးများ မရှိသေးသည့်အပြင် ခြင်ကိုက်မခံရအောင် ရှောင်ရှားရုံမှတစ်ပါး ကာကွယ်ရန် နည်းလမ်းလည်း မရှိသေးပေ။
ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အနေအထားကို အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန၊ ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှု ဌာနနှင့် ကျန်းမာရေးဆိုင်ရာ အမျိုးသား အင်စတီကျုတို့ အပါအဝင် အမေရိကန် အစိုးရအဖွဲ့ရှိ ထိပ်တန်းပညာရှင်များက အိုဘားမားအား ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာနက ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိရသည့် လက်တင်အမေရိကနှင့် ကာရစ်ဘီယန် ဒေသရှိ ဒေသ ၂၄ ခုကို ရှောင်ရှားရန် ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ယူရန် စဉ်းစားနေသော အမျိုးသမီးများကို သတိပေးထားသည်။
ယခုအခါ အမေရိကန်ဗာဂျင်ကျွန်းစုနှင့် ဒိုမီနီကန်ရီပက်ဘလစ်သို့ ခရီးသွားမှုများကို ရွှေ့ဆိုင်းထားရန် အကြံပြုထားသည်။ ၎င်းအပြင် ခရီးမသွားရန် အကြံပြုထားသည့် ဒေသများထဲ၌ ပွာတိုရီကို၊ ဘာဘာဒို၊ ဘိုလစ်ဗီးယား၊ ဘရာဇီး၊ ကိတ်ဗာဒီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ အယ်ဆာဗေးဒိုး၊ ပြင်သစ်ဂီယာနာ၊ ဂွါဒီလု၊ ဂွါတီမာလာ၊ ဂူယာနာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ မာတီနစ်၊ မက္ကဆီကို၊ ပနားမား၊ စိန့်မာတင်၊ ဆာမိုအာ၊ ဆူရီနာမီနှင့် ဗင်နီဇွဲလားတို့ ပါဝင်ကြောင်း သိရသည်။
Ref : AFP

Most Read

Most Recent