တိုယိုတာက ၂၀၁၅ ခုနှစ်တွင် ကားစီးရေ ၁၀ ဒသမ ၁၅ သန်း ရောင်းချခဲ့ရပြီး ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်

တိုယိုတာက ၂၀၁၅ ခုနှစ်တွင် ကားစီးရေ ၁၀ ဒသမ ၁၅ သန်း ရောင်းချခဲ့ရပြီး ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်
Published 28 January 2016

တိုယိုတာသည် ၂၀၁၅ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ကားအစီးရေ ၁၀ ဒသမ ၁၅ သန်း ရောင်းချခဲ့ပြီး ဗောက်စ်ဝက်ဂွန်းနှင့် ဂျင်နရယ်မော်တာကိုကျော်ကာ ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီအဖြစ် လေးနှစ်ဆက်တိုက် ဆက်လက်ရပ်တည်ခဲ့သည်။ ညစ်ညမ်းမှု လိမ်လည်ထားသည့် အရှုပ်တော်ပုံကို ရင်ဆိုင်ခဲ့ရသော ဗောက်စ်ဝက်ဂွန်းသည် ကမ္ဘာတစ်ဝန်း၌ ကား ၉ ဒသမ ၉၃ သန်း ရောင်းချခဲ့ရပြီး ဂျင်နရယ်မော်တာက ကား ၉ ဒသမ ၈ သန်း ရောင်းချခဲ့ရသည်။ မြောက်အမေရိကတွင် ဝယ်လိုအား မြင့်တက်ခဲ့သောကြောင့် တိုယိုတာသည် ယမန်နှစ်က ကားရောင်းအား ကောင်းမွန်ခဲ့ပြီး ဂျပန်တွင် ရောင်းလိုအား နှေးကွေးမှုကို ကာမိခဲ့သည်။ တိုယိုတာသည် ထိုင်းနှင့် အင်ဒိုနီးရှားတွင် ရောင်းလိုအား နှေးကွေးနေပြီး ဂျပန်တွင်လည်း လာမည့်နှစ်၌ အခွန်တိုးမြှင့်မှုကြောင့် ရောင်းလိုအား နှေးကွေးဖွယ်ရှိသည်။
၂၀၀၈ ခုနှစ်တွင် တိုယိုတာသည် ဂျင်နရယ်မော်တာ၏ ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီ ဂုဏ်ပုဒ်ကို ရရှိခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ဂျင်နရယ်မော်တာက ယင်းနေရာကို ပြန်လည်ရယူခဲ့သည်။ တိုယိုတာသည်  ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီနေရာကို ပြန်လည်ရရှိခဲ့ပြီး ထိုနေရာ၌ လေးနှစ်ဆက်တိုက် ဆက်လက်ရပ်တည်ခဲ့သည်။
တိုယိုတာသည် ကမ္ဘာ့အကြီးဆုံးကား ကုမ္ပဏီနေရာကို နောက်ထပ်တစ်နှစ်ထိ ဆက်လက်ရယူ ထားနိုင်ဖွယ် ရှိသော်လည်း တရုတ်တွင် ရောင်းအားနှေးကွေးနေမှုကြောင့် တိုယိုတာ၏ ကားရောင်းအားကို ထိခိုက်လာနိုင်ကြောင်း လေ့လာသုံးသပ် သူများက ပြောကြားခဲ့သည်။ Porsche နှင့် Audi ကို ထုတ်လုပ်သော ဂျာမန်ကားကုမ္ပဏီ ဗောက်စ်ဝက်ဂွန်းသည် စီးပွားရေး အင်အားကြီးစ နိုင်ငံများတွင် ရောင်းလိုအား မြင့်မားနေသောကြောင့် ယခုနှစ် ပထမနှစ်ဝက်တွင် ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီ ဖြစ်လာဖွယ်ရှိသည်။
တိုယိုတာ၏ ပြိုင်ဘက် နစ်ဆန်းကုမ္ပဏီ က ၂၀၁၅ ခုနှစ်တွင် ကား ၅ ဒသမ ၄၂ သန်း ရောင်းချခဲ့ရပြီး နစ်ဆန်း၏ မိတ်ဖက်ကုမ္ပဏီ ရေးနော့၏ ရောင်းအားကို ထည့်သွင်းတွက်ချက်ပါက နစ်ဆန်းအုပ်စု၏ ရောင်းအားသည် ၈ ဒသမ ၂၂ သန်းရှိခဲ့ပြီး တစ်ကမ္ဘာလုံးတွင် စတုတ္ထနေရာ၌ ရပ်တည်ခဲ့သည်။
တောင်ကိုရီးယား ကားကုမ္ပဏီ ဟွန်ဒိုင်းသည် ယမန်နှစ်က ကား ၈ ဒသမ ၀၁ သန်း ရောင်းချခဲ့ရပြီး ပဉ္စမနေရာကို ရရှိခဲ့သည်။ မကြာသေးခင် နှစ်များအတွင်းက တိုယိုတာသည် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာများကြောင့် ကမ္ဘာတစ်ဝန်းမှ ကားအမြောက်အမြားကို ရုပ်သိမ်းခဲ့ရပြီးနောက် ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်ရန် ရုန်းကန်နေရသော်လည်း တိုယိုတာ၏ ကားရောင်းအားက မြင့်မားနေခဲ့ခြင်း ဖြစ်သည်။
Ref : AFP
 

Most Read

Most Recent