အိုင်ဗရီကို့စ် သမ္မတဟောင်း ဘက်ဘိုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး၌ စတင်စစ်ဆေး

အိုင်ဗရီကို့စ် သမ္မတဟောင်း ဘက်ဘိုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး၌ စတင်စစ်ဆေး
Published 28 January 2016

ရွေးကောက်ပွဲလွန်ကာလ အကြမ်းဖက်မှုများကြောင့် လူ ၃၀၀၀ သေဆုံးစေခဲ့သော ဝရုန်းသုန်းကား ဖြစ်ရပ်များအတွက် အိုင်ဗရီကို့စ် သမ္မတဟောင်း လောရင့်ဘက်ဘိုကို ဇန်နဝါရီ ၂၈ ရက်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး၌ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ ဘက်ဘိုသည် နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၌ ပထမဆုံး ရုံးတင်ခံရသော နိုင်ငံ့ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်လာသည်။
အနောက်အာဖရိကကို သက်တမ်းရှည် အုပ်စိုးသူတစ်ဦးဖြစ်သူ ဘက်ဘိုက အပြာဖျော့ရှပ်အင်္ကျီကို ဝတ်ဆင်ထားခဲ့ပြီး သက်သောင့်သက်သာ ရှိနေခဲ့ကာ သူ၏ရှေ့နေအဖွဲ့ကို ပြုံး၍ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ အသက် ၇၀ အရွယ် ဘက်ဘိုသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြိုင်ဘက် အလက်ဇန်အိုတာရာကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့ပြီး ဝရုန်းသုန်းကား အခြေအနေကို ကြိုးကိုင် ကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
လူသတ်မှုများ၊ မုဒိမ်းမှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများအတွက် ဘက်ဘိုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရပြီး လူသားချင်းစာ နာထောက်ထားမှု မရှိသည့် ရာဇဝတ်မှုများအား ကျူးလွန်ခဲ့ကြောင်း စွဲချက်လေးချက် တင်ခံထားရသည်။ ငါးလတာ ကသောင်းကနင်း ကာလအတွင်း ဆိုးရွားလှသည့် ဖြစ်ရပ်များကို ဖော်ထုတ်ရန် ကြိုးပမ်းသွားမည်ဟု ရှေ့နေများက ပြောကြားထားသည်။
ကြိုးကိုင်ကြံစည်ခဲ့ကြောင်း စွပ်စွဲချက်ကို ဘက်ဘို၏ ရှေ့နေအဖွဲ့က အကြိမ်ကြိမ် ငြင်းဆိုထားပြီး ဘက်ဘိုသည် အိုင်ဗရီကို့စ်တွင် ပါတီစုံစနစ်ကို တည်ဆောက်ခဲ့ရာ၌ အဓိက အခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြောင်း ပြောကြားထားသည်။ အနောက်အာဖရိကမှ ကမ္ဘာ့ထိပ်တန်း ကိုကာထုတ်လုပ်သူ အိုင်ဗရီကို့စ်သည် ရွေးကောက်ပွဲလွန် ကာလအတွင်း၌ ပြိုင်ဘက်အဖွဲ့များအကြား ရက်စက်သည့် ပဋိပက္ခများကြောင့် မြို့တော် အဘစ်ဂျန်သည် စစ်ပွဲဇုန်တစ်ခုပမာ ဖြစ်သွားခဲ့သည်။ ပြင်သစ်နှင့် ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များ၏ ကူညီမှုဖြင့် အိုတာရာ၏ တပ်ဖွဲ့ဝင်များသည် ဘက်ဘိုကို ဖမ်းဆီးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ခုံရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။             
Ref : AFP

Most Read

Most Recent