အမျိုးသားသေတ္တာ

အမျိုးသားသေတ္တာ
Published 28 January 2016
ကျွန်း

လူရယ်လို့ ဖြစ်လာကတည်းက ကျွန်မတို့ကို ဘယ်သူဆိုရင် ဘယ်လိုနေရမယ်ဆိုပြီး အများက ကြိုတင် သတ်မှတ်ပေးထားတဲ့ ပုံစံခွက်တွေ၊ ဘောင်တွေ၊ သေတ္တာတွေ ရှိပါတယ်။ အဲဒါတွေက လူ့အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု အပေါ်မှာမူတည်ပြီး ကွဲပြားတတ်သလို၊ လူ့အဖွဲ့အစည်း ကွဲပြားပေမယ့် တူနေတတ်တာ တွေလည်းရှိပါတယ်။ ရုတ်တရက်ကြည့်ရင် အဲဒါတွေက လူ့အဖွဲ့အစည်းကို ကောင်းကျိုးပေးနေသလိုလို ထင်ရပေမယ့် သေသေချာချာ အနီးကပ်ဆန်းစစ်ကြည့်ရင် ဆိုးကျိုးပေးနိုင်တာတွေ များပြားစွာ ပါဝင်နေကြောင်း တွေ့နိုင်ပါတယ်။ အဲဒီပုံစံခွက်တွေထဲက တစ်ခုဖြစ်တဲ့ ‘အမျိုးသားသေတ္တာ’ အကြောင်းကို အမျိုးသားတစ်ဦးဖြစ်သူ တိုနီပေါ်တာက သူ့ရဲ့ TED ဟောပြောချက်မှာ ရှင်းပြခဲ့ပါတယ်။ ပြန်လည်မျှဝေသင့်တဲ့ ဟောပြောချက်ကလေးမို့ ဖြတ်တောက်ပြီး ဆီလျော်အောင် ပြန်ဆိုပေးလိုက်ပါတယ်။ တိုနီပေါ်တာက စာရေးဆရာ၊ ပညာပေးသူနဲ့ မြင့်မားတဲ့ လူမှုရေးဆိုင်ရာ တရားမျှတရေး ကိစ္စရပ်တွေအတွက် တက်ကြွ လှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။
ကျွန်တော်က နယူးယောက်မြို့မှာရှိတဲ့ ဟာလမ်နဲ့ ဘရွန့်ဇ်ရပ်ကွက်တွေ ကြားထဲမှာ ကြီးပြင်းခဲ့သူပါ။ ယောက်ျားလေးတစ်ယောက်အဖြစ် ကြီးပြင်းလာတဲ့ ကျွန်တော်တို့ကို ယောက်ျားဆိုတာ အကြမ်းပတမ်း ခံနိုင်ရမယ်၊ သန်စွမ်းရမယ်၊ သတ္တိရှိရမယ်၊ လွှမ်းမိုးနိုင်ရမယ်လို့ သင်ပေးခြင်း ခံခဲ့ရပါတယ်။ ယောက်ျားဆိုတာ နာကျင်မှုမရှိရဘူး၊ ဒေါသအပြင် အခြားခံစားမှု မရှိရဘူး၊ ကြောက်စိတ်ဆိုရင် လုံးဝကိုမရှိရဘူး။ ယောက်ျားတွေက ထိန်းချုပ် တာဝန်ယူထားတဲ့ နေရာမှာရှိရမယ်။ သဘောက အမျိုးသမီးတွေက အဲဒီနေရာမှာမရှိရဘူး။ ယောက်ျားတွေက ဦးဆောင်ရင် သူတို့က အနောက်ကလိုက်ရုံပဲ၊ ပြောတာ လိုက်လုပ်ရုံပဲ။ ယောက်ျားတွေက ပိုမြင့်မားပြီး မိန်းမတွေက နိမ့်ကျတယ်။ ယောက်ျားတွေက သန်စွမ်းပြီး မိန်းမတွေက ပျော့ညံ့တယ်။ တန်ဖိုးနည်းတယ်။ သူတို့က ယောက်ျားတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်။ ရုပ်ဝတ္ထုပစ္စည်းသာ ဖြစ်တယ်။ အထူးသဖြင့် လိင်မှုဆိုင်ရာ ပစ္စည်းဖြစ်တယ် စသဖြင့် သင်ကြားပေးခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်က အဲဒါဟာ ‘အမျိုးသားသေတ္တာ’လို့ ပိုပြီးလူသိများတဲ့ ‘အမျိုးသားတွေကို တစုတစည်းတည်း လူမှုပုံစံ သွင်းခံရ ခြင်း’ ဖြစ်ကြောင်း သိနားလည်လာခဲ့ပါတယ်။ အမျိုးသားသေတ္တာထဲကို ကြည့်လိုက်ရင် ကျွန်တော်တို့ ယောက်ျား ပီသတယ်ဆိုတာ ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်ကြတယ်ဆိုတဲ့ အဆာပလာတွေကို တွေ့ပါလိမ့်မယ်။ ယောက်ျားတစ်ယောက် ဖြစ်ရခြင်းအတွက် အမှန်တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ၊ ကြည်နူးစရာ ကိစ္စရပ်တွေများစွာ ရှိပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ယောက်ျားဖြစ်ခြင်းဆိုတဲ့ အရာကို ကျွန်တော်တို့ စိန်ခေါ်ဖို့၊ ပြန်လည်စိစစ်ပြီး၊ ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုဖို့တွေလည်း လိုအပ်နေပါတယ်။
ကျွန်တော့်မှာ ကလေးနှစ်ယောက် ရှိပါတယ်။ ကန်ဒေါလ်နဲ့ ဂျေးပါ။ သူတို့က အသက် ၁၁ နှစ်နဲ့ ၁၂ နှစ် ရှိကြပါပြီ။ ကန်ဒေါလ်က ဂျေးထက် ၁၅ လပဲ ပိုကြီးပါတယ်။ သူတို့ အသက် လေး ငါး ခြောက်နှစ် အရွယ်မှာ ဂျေးက တစ်ခုခုဆိုရင် ကျွန်တော့်ဆီကို ပြေးလာပြီး ငိုလို့ရပါတယ်။ သူဘာအတွက် ငိုသလဲဆိုတာ အရေးမကြီးပါဘူး။ သူငိုရင် ‘သမီးအတွက် အဖေဒီမှာရှိတယ်’ပေါ့။ ဒါပဲ အရေးကြီးတာပါ။
ကန်ဒေါလ် ကျွန်တော့်ဆီကို ပြေးလာပြီး ငိုရင် ကျွန်တော်က ‘ဘာလို့ငိုနေတာလဲ၊ သတ္တိရှိစမ်း၊ ဘာဖြစ်တာလဲ၊ ငါမင်းကို နားမလည်ဘူး၊ ဘာလို့ ငိုရတာလဲ’လို့ ချက်ချင်းပြောပြီးသား ဖြစ်နေခဲ့ပါပြီ။ ‘အခန်းထဲကိုသွား၊ ထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်၊ ပြီးတော့ ‘ယောက်ျားလို စကားပြောနိုင်တဲ့ အချိန်ကျမှ ငါ့ကိုစကားလာပြော’ ဆိုတာမျိုးတွေကိုလည်း ဆက်ပြောမိတတ်ပါတယ်။ သူက ငါးနှစ်သားလေးပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ အဲဒါကိုပြန်တွေးမိတိုင်း ‘ဘုရားရေ၊ ငါ ဘယ်လိုဖြစ်တာလဲ၊ ငါ ဘာကြောင့် ဒီလိုလုပ်ဖြစ်တာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့် အဖေအကြောင်းကို စဉ်းစားမိပါတယ်။
ကျွန်တော်တို့မိသားစုမှာ အလွန်ကို ထိခိုက်ခံစားခဲ့ရတဲ့ အချိန်တစ်ခုရှိပါတယ်။ ကျွန်တော့် ညီအစ်ကို ဟင်နရီက ဆယ်ကျော်သက်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဟင်နရီကို မြှုပ်နှံခဲ့တဲ့သချုႋင်းက ကျွန်တော်တို့နေတဲ့ နေရာနဲ့ နှစ်နာရီလောက်ဝေးတဲ့ မြို့ပြင်ဘက်မှာ ရှိပါတယ်။ သချုႋင်းက ပြန်အထွက်မှာ အိမ်သာသွားချင်သူတွေ သွားလို့ရအောင် အိမ်သာနားမှာ ကားခဏရပ်ပေးပါတယ်။ ကျွန်တော့် အမေ၊ အစ်မ၊ အဒေါ်စတဲ့ အမျိုး သမီးတွေအားလုံး ကားပေါ်ကဆင်းသွားချိန်မှာ ကျွန်တော်နဲ့အဖေ ကားပေါ်မှာ ကျန်ခဲ့ပါတယ်။ အမျိုးသမီးတွေ ကားပေါ်က ဆင်းသွားတာနဲ့ အဖေက ငိုချလိုက်ပါတယ်။ သူက ကျွန်တော့်ရှေ့မှာ မငိုချင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်လိုမှ မထိန်းနိုင်တော့တဲ့ အနေအထားမှာ အမျိုးသမီးတွေရှေ့မှာ ငိုတာထက်စာရင် ကျွန်တော့်ရှေ့မှာ ငိုတာက ပိုကောင်းတယ်လို့ ယူဆပုံရပါတယ်။ လွန်ခဲ့တဲ့ ဆယ်မိနစ်ကမှ ဆယ်ကျော်သက်အရွယ် သားကို မြေမြှုပ်ခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ အနေအထားပါ။ သူက ကျွန်တော့်ရှေ့မှာ ငိုတဲ့အတွက် ကျွန်တော့်ကို တောင်းပန်ပါသေးတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော် မငိုခြင်းကိုလည်း အားပေးထောက်ခံခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒါဟာ ယောက်ျားတွေရဲ့ ကြောက်စိတ်လို့ ကျွန်တော် ကြည့်ဖြစ်၊ မြင်ဖြစ် လာပါတယ်။ အဲဒီကြောက်စိတ်တွေက ကျွန်တော်တို့ကို အမျိုးသားသေတ္တာထဲမှာ မလှုပ်ရှားနိုင်အောင်၊ အကျဉ်းချထားတာပါ။ ၁၂ နှစ်အရွယ်ရှိတဲ့ ဘောလုံးသမားလေး တစ်ယောက်ကို ကျွန်တော် မေးခဲ့ဖူးတာ သတိရပါတယ်။ ကျွန်တော်က သူ့ကို ‘မင်းရဲ့နည်းပြက မင်းကို အခြားကစားဖော်တွေရှေ့မှာ မင်းက မိန်းကလေးတစ်ယောက်လို ကစားတယ်လို့ ပြောရင် ဘယ်လို ခံစားရမလဲ’လို့ မေးခဲ့ပါတယ်။ ကျွန်တော်က သူစိတ်မကောင်း ဖြစ်မယ်၊ စိတ်ဆိုးမယ်စသဖြင့် ဖြေမယ်လို့ ယူဆခဲ့တာပါ။ ဒါပေမဲ့ ဘောလုံးသမားလေးက ‘အဲဒါက ကျွန်တော့်ကို ကြေမွ ပျက်စီးစေလိမ့်မယ်’တဲ့။ ‘မိန်းကလေးလို့ ခေါ်လိုက်မိတာနဲ့ သူ့ကို ကြေမွပျက်စီးစေမယ်ဆိုရင် သူ့ကို မိန်းကလေး ဆိုတာ ဘယ်လိုမျိုးလို့များ ငါတို့ သင်ပေးမိခဲ့ပါလိမ့်’လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပါတယ်။
အဲဒီဖြစ်ရပ်က ကျွန်တော့် ၁၂ နှစ် အရွယ်ကို ပြန်သတိရစေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဘရွန့်ဇ်မှာ နေကြပါတယ်။ ကျွန်တော်နေတဲ့ တိုက်ရဲ့ဘေးက တိုက်မှာ ဂျော်နီဆိုတဲ့ ယောက်ျားလေး တစ်ယောက်နေပါတယ်။ သူက ၁၆ နှစ်ရှိပါပြီ။ သူက ပိုမိုငယ်ရွယ်တဲ့ ကျွန်တော်တို့လို ယောက်ျားလေးတွေနဲ့ ပေါင်းပါတယ်။ သူက မကောင်းတာ အတော်များများလုပ်ပြီး ပြဿနာရှိတဲ့ လူငယ်လေးပါ။ သူ့အမေက ဟီးရိုးအင်းလွန်ပြီး သေဆုံးသွားခဲ့လို့ အဘွားက ကြည့်ရှု စောင့်ရှောက်ထားရတဲ့သူပါ။ အဘွားက အလုပ်နှစ်ခုလုပ်ရတဲ့အတွက် အိမ်မှာ သူတစ်ယောက်တည်း ရှိနေတတ်တာ များပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုငယ်တဲ့ ယောက်ျားလေးတွေကတော့ သူ့ကိုမိုက်တယ်လို့ ထင်ကြတာပေါ့။ သူ့မှာလိင်မှုကိစ္စတွေလည်း ရှိတယ်ဆိုတော့ ကျွန်တော်တို့အားလုံးက သူ့ကိုအထင်ကြီးကြပါတယ်။
တစ်နေ့ ကျွန်တော် အိမ်ပြင်ထွက်လာစဉ်မှာ သူက ကျွန်တော့်ကို ပြတင်းပေါက်ကနေ ‘ဟေး အန်သိုနီ၊ အပေါ်တက်လာခဲ့’ဆိုပြီး လှမ်းခေါ်ပါတယ်။ ဂျော်နီခေါ်တယ်ဆိုတော့ သွားရမှာပေါ့။ ကျွန်တော်အပေါ်ကို ပြေးတက်သွားတော့ သူက တံခါးဖွင့်ပြီး ကျွန်တော့်ကို ‘နည်းနည်းလောက် ရချင်လား’လို့ မေးပါတယ်။ အမျိုးသားသေတ္တာနဲ့ အကျွမ်းတဝင် ရှိစပြုနေပြီဖြစ်တဲ့ ကျွန်တော်က သူဘာပြောသလဲဆိုတာကို ချက်ချင်း သဘောပေါက်လိုက်ပါတယ်။ နှစ်မျိုးပဲ ဖြစ်နိုင်ပါတယ်။ လိင်မှုကိစ္စနဲ့ မူးယစ်ဆေးဝါးပါ။ ကျွန်တော်တို့က မူးယစ်ဆေးဝါး မလုပ်ကြသူတွေဆိုတော့ နောက်တစ်မျိုးပဲ ကျန်ပါတော့တယ်။ အမျိုးသားသေတ္တာထဲက ကတ်ပြားတွေအရ ကျွန်တော် ဒုက္ခရောက်သွားပါတယ်။ ပထမအချက်က ကျွန်တော် အဲဒီအချိန်မှာ ဘယ်မိန်းကလေးနဲ့မှ မအိပ်ခဲ့ဖူးသေးပါဘူး။ ယောက်ျားလေး အချင်းချင်းကြားထဲမှာ ဒါကို အမှန်အတိုင်း မပြောကြပါဘူး။ ကျွန်တော်တို့ ဘယ်အရွယ်မှာ မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံး အိပ်ခဲ့ဖူးတယ်ဆိုတာကို အခင်ဆုံး၊ အရင်းနှီးဆုံး၊ လျှို့ဝှက်ချက်ကို အသက်နဲ့လဲပြီး ထိန်းသိမ်းပေးမယ့် သူငယ်ချင်းမျိုးကိုပဲ ပြောပြပါတယ်။ အခြားသူတွေကိုတော့ နှစ်နှစ်သားလောက်ကတည်းက ဒါတွေကြုံပြီးသယောင်ယောင်တွေ ပြောကြပါတယ်။ ဒါ့အပြင် အမျိုးသားသေတ္တာအရ ယောကျ်ားလေးတွေဆိုတာ အဲဒီလို အခွင့်အရေးမျိုးကို အမြဲတမ်း ချောင်းမြောင်းနေသူတွေ ဖြစ်ရမှာပါ။ အဲဒီတော့ ကျွန်တော်က သူ့ကို အဲဒါကို မလိုချင်ဘူးလို့ ပြောလို့ မဖြစ်ပါဘူး။
အဲဒီတော့ ကျွန်တော်က သူ့ကို ‘အင်း’ လို့ ပြောလိုက်ပါတယ်။ သူက ကျွန်တော့်ကို အခန်းထဲ ဝင်သွားဖို့ ပြောပါတယ်။ အခန်းထဲရောက်တော့ သူ့အိပ်ရာပေါ်မှာ ရပ်ကွက်ထဲက ရှီလာလို့ခေါ်တဲ့ မိန်းကလေးကို အဝတ်ဗလာနဲ့ တွေ့ရပါတယ်။ သူမက ၁၆ နှစ် ရှိပါပြီ။ သူမက စိတ်ဝေဒနာရှင်လေးပါ။ တကယ်တော့ ဂျော်နီက သူမကို အဓမ္မပြုကျင့်ခဲ့တာပါ။ သူမက ‘ဟင့်အင်း’လို့ မငြင်းခဲ့ပေမယ့် ‘အင်း’လို့လဲ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။
ဂျော်နီက ကျွန်တော့်ကို သူရခဲ့တဲ့ အခွင့် အရေးကို လက်လွှဲပေးခဲ့တာပါ။ ကျွန်တော်အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်ပါတယ်။ စိတ်ထဲကလည်း အလွန်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ပါတယ်။ ဂျော်နီ အခန်းထဲ ရုတ်တရက်ဝင်မလာနိုင်အောင် တံခါးကို ကျောနဲ့ တွန်းပိတ်ထားခဲ့ပါတယ်။ ကျွန်တော် တစ်ခုခု လုပ်ခဲ့သလိုထင်ရအောင် အချိန်အတိုင်းအတာ တစ်ခုအထိ ရပ်နေခဲ့ပြီး ၁၂ နှစ်သားရဲ့ ဉာဏ်ကလေးနဲ့ ဘောင်းဘီရှေ့ဇစ်ကိုဖွင့်ပြီး အခန်းထဲက ထွက်ခဲ့ပါတယ်။ ကျွန်တော် အခန်းထဲမှာရှိနေတုန်း ဂျော်နီက ယောကျ်ားလေးတွေ ထပ်ခေါ်ထားတဲ့အတွက် သူ့ဧည့်ခန်းထဲမှာ ယောက်ျားလေးတွေနဲ့ ပြည့်နေပါတယ်။ သူတို့က ကျွန်တော့်ကို ဘယ်လိုနေသလဲလို့ မေးကြပါတယ်။ ကျွန်တော်က ကောင်းတယ်လို့ပြော၊ သူတို့ရှေ့မှာ ဘောင်းဘီဇစ်ကို ဆွဲတင်ပြီး ထွက်လာခဲ့ပါတယ်။
အခုအချိန်မှာ ကျွန်တော်က အဲဒါကို နောင်တစိတ်နဲ့ ပြန်ပြောပြခြင်းပါ။ အဲဒီအချိန်မှာ ကျွန်တော်က ရှီလာ ထိခိုက်ခံစားနေရတဲ့ အနေအထားထက် အမျိုးသားသေတ္တာထဲက ကတ်ပြားတွေကိုသာ ပိုပြီးအလေးထားခဲ့တာပါ။ ကျွန်တော်တို့ ယောက်ျားလေးတွေကို အမျိုးသမီးတွေ၊ မိန်းကလေးတွေကို တန်ဖိုးမထားဖို့ တစုတစည်းတည်း သင်ကြားပေးခြင်း ခံခဲ့ကြရပါတယ်။ သူတို့ဟာ ယောက်ျားတွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေသာ ဖြစ်တယ်လို့ မြင်အောင် သင်ပေးခဲ့ကြပါတယ်။ အဲဒါကို ညီမျှခြင်းချရင် အခြားတစ်ဖက်မှာ အမျိုးသမီးတွေကို အကြမ်းဖက်ခြင်း ရှိနေပါတယ်။ ကျွန်တော်တို့ ယောက်ျားကောင်းတွေ၊ ယောက်ျားအများစုတွေက စုစည်း လူမှုပုံစံ သွင်းခံထားခဲ့ရတဲ့ အနေအထားအတိုင်း ဆောင်ရွက်နေကြတာပါ။ ကျွန်တော်တို့က အကြမ်းဖက်သူတွေနဲ့ ကွဲပြားသူတွေလို့ ကိုယ့်ကိုယ်ကိုယ် မြင်ကြပေမယ့် တကယ်တမ်းမှာ အဲဒီထဲက အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ အကြမ်းဖက်မှုတွေက အမျိုးသမီးတွေ၊ မိန်းကလေးတွေကို တန်ဖိုးမထားခြင်း၊ ပိုင်ဆိုင်တဲ့ ပစ္စည်းလို၊ ရုပ်ဝတ္ထုပစ္စည်းလို သတ်မှတ်ခြင်းတွေ မရှိဘဲနဲ့ ဖြစ်ပေါ် လာမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ နားလည်ကြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ပြဿနာရဲ့ အစိတ်အပိုင်းတွေ ဖြစ်သလို အဖြေရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ကြပါတယ်။ အမျိုးသမီးတွေ အပေါ်မှာ အမျိုးသားတွေရဲ့ အကြမ်းဖက်မှုဟာ အမေရိကန်နိုင်ငံမှာရော အခြားနိုင်ငံတွေမှာပါ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ကျန်းမာရေးအတွက် နံပါတ်တစ် စိုးရိမ်ပူပန်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ အမေရိကန်နိုင်ငံရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာများ(Centers for Disease Control)က ဆိုခဲ့ပါတယ်။ ကူးစက်ပျံ့နှံ့လွယ်တဲ့ ရောဂါတစ် ခု ပျံ့နှံ့နေသလို အတိုင်းအတာမျိုးပါ။
ကျွန်တော့်ဘဝရဲ့ အချစ်ဆုံးသူ တစ်ဦးဖြစ်တဲ့ ကျွန်တော့်သမီး ဂျေးအတွက် ကျွန်တော်မြင်ချင်တဲ့ ကမ္ဘာဖြစ်လာဖို့ သင်တို့အားလုံးကို ကျွန်တော်နဲ့အတူ ပါဝင်ဆောင်ရွက်ကြစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ သားတွေကို ယောက်ျားပီသဖို့ သင်ကြားပေးတဲ့ ပုံစံတွေကို ကျွန်တော်နဲ့အတူတူ ဝိုင်းဝန်း ပြုပြင်ကြစေချင်ပါတယ်။ သူတို့ကို လွှမ်းမိုးထိန်းချုပ်မှုတွေ မလုပ်ခြင်းက အဆင်ပြေကြောင်း၊ ယောက်ျားလေးတွေမှာ ခံစားချက်တွေ ရှိလို့ရကြောင်း၊ တန်းတူညီမျှရေးကို မြှင့်တင်တာက ကောင်းတဲ့ ကိစ္စရပ်ဖြစ်ကြောင်း၊ မိန်းကလေးတွေကို သူငယ်ချင်းအဖြစ်နဲ့ပဲ  ခင်မင်ခြင်းကလည်း အဆင်ပြေကြောင်းတွေကို သင်ကြားပေးကြရအောင်။
တစ်ခါက ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ယောက်ကို ကျွန်တော်က ‘မင်း အမျိုးသားသေတ္တာထဲမှာ နေဖို့မလိုဘူးဆိုရင် မင်းဘဝက ဘယ်လိုရှိမလဲ’လို့ မေးခဲ့ဖူးပါတယ်။ သူက “I would be free" ‘ကျွန်တော် လွတ်လပ်နေမှာပေါ့’လို့ ပြန်ဖြေခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(Reference: A Call To Men TED talk by Tony Porter)

Most Read

Most Recent