ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးခေါင်းစဉ်ဖြင့် ရန်ပုံငွေသုံးစွဲမှုကို နောင်တွင် တာဝန်ယူမည့် အစိုးရသစ်လက်ထက်တွင် ပြန်လည်စိစစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဆွေးနွေးပြောကြားသည်။နေပြည်တော်တွင် ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လစာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များနှင့် အရေးယူ ဆောင်ရွက်ပြီးစီးမှုများ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။“မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့အပေါ်မှာ စာရင်းစစ်ကန့်ကွက်ချက်နဲ့ အရေးယူဆောင်ရွက်ချက်များကို လေ့လာကြည့်တဲ့အခါ ၂၀၁၃-၂၀၁၄ မှစ၍ ဟားခါးခရိုင်၊ မင်းတပ်ခရိုင်၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မင်းဘူးခရိုင်၊ မအူပင်ခရိုင်၊ ပခုက္ကူခရိုင်၊ ဖျာပုံခရိုင်၊ ညောင်တုန်းမြို့နယ်စသည်ဖြင့် မြန်မာပြည်အနှံ့မှာ နို့ပေါင်းစက်ရုံများ လည်ပတ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း လုပ်ငန်းများအောင်မြင်မှု မရှိတာကိုပါ တွေ့ရပါတယ်။ ဒီလို မအောင်မြင်ရတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်တဲ့အခါမှာ အဓိက လိုအပ်တဲ့ ကုန်ကြမ်းမရရှိခြင်း၊ စားကျက်မြေများ မရှိခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုမရှိခြင်း၊ လျှပ်စစ်မီး၊ စက်ရုံ စသည်တို့ အဆင်သင့်မဖြစ်သေးခြင်း၊ စနစ်ကျတဲ့ စီမံကိန်းများ ရေးဆွဲဆောင်ရွက်မှုမရှိခြင်း၊ သင်တန်းများ ပို့ချမှုမရှိခြင်းနဲ့ အစိုးရဝန်ထမ်းများနဲ့သာ စားသောက်ကုန်လုပ်ငန်းများ လုပ်ဆောင်ရန်ဆောင်ရွက်ခြင်းတို့ကြောင့် တိုင်းပြည်ရဲ့ဘဏ္ဍာငွေများ အလဟဿ ဆုံးရှုံးရတာကို တွေ့ရပါတယ်။ဒါကြောင့် နိုင်ငံတော်သမ္မတကြီးရဲ့ မူလတန်းအရွယ် ကလေးငယ်များ နွားနို့တိုက်ရေးအစီအစဉ်ဟာ မအောင်မြင်ခဲ့တာ ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးပြောကြားသည်။နို့ပေါင်းစက်ရုံများကို တိုင်းဒေသကြီးအစိုးရများ၏ ဘဏ္ဍာငွေနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု တင်ပြထားသော်လည်း အောင်မြင်ရန် ဆက်လက်ဆောင်ရွက်သွားမည့် စီမံချက်များကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မည်ကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်သွားသင့်သည့်အချက်ကို လွှတ်တော်သို့ ပြန်လည်တင်ပြသင့်ကြောင်း ၎င်းက ဆက်လက်ဆွေးနွေးသည်။ဒေါ်ခင်စန်းလှိုင်က “ဘာကြောင့် တင်ပြရန် လိုအပ်သလဲဆိုရင် ဒီစီမံကိန်းဟာ ဝန်ကြီးဌာနရဲ့ အဓိက အကောင်အထည်ဖော်ရမယ့် စီမံကိန်းကြီးဖြစ်တဲ့အပြင် တိုင်းဒေသကြီးအစိုးရရဲ့ ဘဏ္ဍာငွေနဲ့ ဆက်လက်ဆောင်ရွက်သွားရန် စီမံချက်ရေးဆွဲဆောင်ရွက်တော့မယ့် လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေသုံးစွဲမှုအခြေအနေကို ကြည့်ပါက ၂၀၁၄-၂၀၁၅ တွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုသို့ ကျပ်သန်း ငါးသောင်း ထောက်ပံ့ထားသည်ကို တွေ့ရှိရကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။ဆက်လက်ပြီး ၎င်းက “သို့သော် စာရင်းစစ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက်ကို ဖော်ပြတဲ့နေရာမှာ အလွန်ဆိုးရွားစွာပဲ နိုင်ငံတော်ဘဏ္ဍာငွေများကို စည်းကမ်းမဲ့စွာ သုံးစွဲထားတာကို တွေ့ရပါတယ်။ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနဲ့ ညီညွတ်မှုမရှိတာကိုလည်း တွေ့ရပါတယ်။ဒါကြောင့် နောင်မှာ တာဝန်ယူမယ့် အစိုးရသစ်များ လက်ထက်မှာတော့ ဒီခေါင်းစဉ်နဲ့ ရန်ပုံငွေသုံးစွဲမှုကို ပြန်လည်စိစစ်ရန် သင့်ပါကြောင်း တင်ပြလိုပါတယ်” ဟု ဆွေးနွေးသည်။မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၏ Smart Lamp မီးအိမ်များ၊ Joint Box များကို စီမံကိန်းအရ တပ်ဆင်ဆောင်ရွက်မှုနှင့် ပတ်သက်၍ တစ်နှစ်အတွင်း ပျက်စီးဆုံးရှုံးသောကြောင့် ကျေးရွာများ အကျိုးသက်ရောက်မှု အပြည့်အဝမရရှိဘဲ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးနိုင်ပါသဖြင့် သက်ဆိုင်ရာကုမ္ပဏီများနှင့် စာချုပ် ချုပ်ဆိုရာတွင် အရည်အသွေးမြင့် စံချိန်မီပစ္စည်းများကိုသာ တပ်ဆင်အသုံးပြုနိုင်ရန် အာမခံချက်ရှိသော ကုမ္ပဏီများဖြင့်သာ စာချုပ်ချုပ်ဆို ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေးသွင်းရန် ကျန် ကျပ်သန်း ၀ ဒသမ ၈၁၇ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပေးသွင်းပြီး ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လွှတ်တော်သို့ တင်ပြသည့်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးခေါင်းစဉ်ဖြင့် ရန်ပုံငွေသုံးစွဲမှုကို အစိုးရသစ် လက်ထက်တွင် ပြန်လည်စိစစ်သင့်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး















