အခွန်ရှောင်မှုအတွက် ထိုင်းနိုင်ငံရှိ ‘နတ်သမီးအရုပ်’ ရောင်းချသူများကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ

အခွန်ရှောင်မှုအတွက် ထိုင်းနိုင်ငံရှိ ‘နတ်သမီးအရုပ်’ ရောင်းချသူများကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ
Published 27 January 2016

ကံကောင်းခြင်းကို ယူဆောင်ပေးရန်အတွက် သက်ရှိကဲ့သို့ တယုတယ ထားရသော နတ်သမီးအရုပ် အရုပ်များ ရောင်းချသူများအား အခွန်တိမ်းရှောင်မှု စွဲချက်များဖြင့် ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၆ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့သည်။ထိုင်းဘာသာဖြင့် luuk thep (ကလေးနတ်သမီး) ဟု ထင်ရှားသည့် အရုပ်များသည် ဈေးကြီးပြီး ဒေါ်လာ ၆၀၀ အထိပေးရသည်။ ယင်းအရုပ်များသည် ထင်ရှားကျော်ကြားသူများအကြား ဦးစွာနာမည်ကြီးခဲ့ပြီး ယင်းအရုပ်များကို အဝတ်ဝတ်ပေးပြီး ကျွေးမွေးပြုစုခြင်းသည် ၎င်းတို့၏ လုပ်ငန်းကို အောင်မြင်စေသည်ဟု ပြောကြားခဲ့သည်။အစွဲအလမ်းကြီးသော ထိုင်းနိုင်ငံတွင် ယင်းအရုပ်များသည် ခေတ်စားလာပြီး အရွယ်ရောက်သူများသည် ယင်းအရုပ်များကို ဗုဒ္ဓဘာသာနှင့်ဆိုင်သည့် အခမ်းအနားများ၊ စားသောက်ဆိုင်များနှင့် လေယာဉ်ခရီးစဉ်များအထိ ခေါ်ဆောင်သွားကြသည်။အဆိုပါ အရုပ်များ ခေတ်စားလာခြင်းကို ရဲအရာရှိချုပ်က ယခုသီတင်းပတ်တွင် သတိပေးခဲ့ပြီးနောက် ရဲအရာရှိများသည် သွင်းကုန်အခွန်ပေးဆောင်ရန် ပျက်ကွက်မှုဖြင့် အရုပ်ရောင်းသူ သုံးဦးကို ဇန်နဝါရီ ၂၆ ရက်တွင် ဘန်ကောက်၌ ဖမ်းဆီးခဲ့ပြီး အရုပ် ၁၀၀ ကျော်ကို သိမ်းဆည်းခဲ့သည်။“သူတို့တွေက အရုပ်တွေကို အများအားဖြင့် တရုတ်နိုင်ငံကနေ တင်သွင်းခဲ့တယ်” ဟု စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ဌာန၏ ဒုတိယရဲမှူးကြီး ကရီယန်ဆက်ကန်ရာရာဝထနာဂျာရွန်အင်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းအရုပ်ရောင်းသူများသည် အခွန်ဒေါ်လာ ၂,၇၅၀ (ဘတ် ၁၀၀,၀၀၀) ကျော်ကို ရှောင်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ဇန်နဝါရီ ၂၅ ရက်တွင် ချင်းမိုင်မြို့ရှိ လေယာဉ်ကွင်းတစ်ခုတွင် မက်သာဖက်တမင်းဆေးပြား ၂၀၀ ကျော် ထည့်ထားသည့် အရုပ်တစ်ရုပ်ကို ထိုင်ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။ မူးယစ်ဆေးမှောင်ခိုကူးသူများသည် နတ်သမီးအရုပ်ကို မူးယစ်ဆေးဝါး သယ်ဆောင်ရန်အတွက် အသုံးပြုသည့် ပထမဆုံးဖြစ်စဉ်ဟု ချင်းမိုင်ပြည်နယ်ရှိ ဒုတိယရဲမှူးကြီး မောင်ကောဆမ်ဖောဝါဖိုးက ပြောကြားခဲ့သည်။ ယခင်ဖမ်းဆီးခဲ့သည့် အရုပ်များသည် သာမန်အရုပ်များဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံတွင် နတ်သမီးအရုပ် ခေတ်စားမှုသည် ၂၀၁၅ ခုနှစ်က စတင်ခဲ့ကြောင်း၊ ယင်းအလေ့အထသည် ကလေး၏ဝိညာဉ် ကိန်းအောင်းနေသည်ဟု ယူဆပြီး မပုပ်မသိုးအောင် ထိန်းသိမ်းထားသည့် သန္ဓေသားလောင်းများကို ကိုးကွယ်သော ရှေးဟောင်းဂမ္ဘီရပညာတွင် အခြေခံကြောင်း ထိုင်းနိုင်ငံသား မနုဿဗေဒပညာရှင် ဝီဇယဖင်သောင်ဝီဇယက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုင်းစီးပွားရေး ကျဆင်းနေပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်တွင် စီးပွားရေး အဆောင်အဖြစ် နတ်သမီးအရုပ်များကို ဈေးရောင်းသူများက ဝယ်ယူခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဝီဇယက ပြောကြားခဲ့သည်။Ref: AFP  

Most Read

Most Recent