မြောက်ကိုရီးယား နျူစီမံကိန်းသည် ကမ္ဘာ့လုံခြုံရေးအတွက် အဓိက စိန်ခေါ်ချက်ဟု ကယ်ရီ ပြောကြား

မြောက်ကိုရီးယား နျူစီမံကိန်းသည် ကမ္ဘာ့လုံခြုံရေးအတွက် အဓိက စိန်ခေါ်ချက်ဟု ကယ်ရီ ပြောကြား
Published 27 January 2016

မြောက်ကိုရီးယား နျူကလီးယား စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် အဓိက စိန်ခေါ်ချက်တစ်ခု ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နောက်ဆုံးနျူကလီးယား စမ်းသပ်မှုအပြီး ဖိအားပေးမှု တိုးမြှင့်ရန် ကယ်ရီက တရုတ်ကို တိုက်တွန်းခဲ့သည်။နျူကလီးယား လက်နက်များကို မြောက်ကိုရီးယား၏ လိုလားနေမှုသည် အမေရိကန်ပြည်ထောင်စု လုံခြုံရေးအတွက် အကြီးမားဆုံး ကိစ္စရပ်များအနက် တစ်ခုဖြစ်ကြောင်း ကယ်ရီက ၎င်း၏ အာရှခရီးစဉ် နောက်ဆုံးတစ်ထောက်အဖြစ် ပေကျင်းသို့ ရောက်ရှိစဉ် ဝမ်ယီကို ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်သည် မြောက်ကိုရီးယားအား ဖိအားပေးရာတွင် ယခုထက်ပို၍ လုပ်ဆောင်နိုင်သည်ဟု ရှုမြင်ထားကြောင်းကို ကယ်ရီက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူ တစ်ဦးက အစောပိုင်းတွင် ပြောကြားခဲ့သည်။တရုတ်သည် မြောက်ကိုရီးယား၏ သံတမန်ရေးရာ အဓိက ကာကွယ်ပေးသူနှင့် စီးပွားရေးဆိုင်ရာ အဓိက ထောက်ပံ့သူဖြစ်သည်။ သို့သော် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များ စီမံကိန်းများကို စွန့်လွှတ်ရန် ဆန္ဒမရှိမှုများကြောင့် မကြာသေးမီ နှစ်များအတွင်း နှစ်နိုင်ငံအကြား တင်းမာမှု ရှိလာခဲ့သည်။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ကြေညာခဲ့ပြီးနောက် တရုတ်က မြောက်ကိုရီးယား၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး ၎င်း၏ သံအမတ်များကို ဆင့်ခေါ်ခဲ့သည်။သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်၏ ဦးဆောင်မှုနောက်လိုက်ရန် အာရှအင်အားကြီး တရုတ်က တွန့်ဆုတ်နေပြီး ကြေညာထားသည့်အတိုင်း မြောက်ကိုရီးယားကို ခိုင်ခိုင်မာမာ အရေးယူ ဆောင်ရွက်မှုလည်း မရှိခဲ့ပေ။ အာရှနိုင်ငံ အချို့ကို သွားရောက်ခဲ့သော ခရီးစဉ်ကြောင့် အာရှတိုက်အကြောင်းအား ကယ်ရီကို နားလည်သဘောပေါက်စေရန် အထောက်အကူပြုနိုင်ဟု ဝမ်ယီက ပြောကြားခဲ့သည်။ဇန်နဝါရီ ၂၆ ရက်တွင် ပေကျင်းသို့ ကယ်ရီ ရောက်ရှိစဉ် တရုတ်နိုင်ငံပိုင် သတင်းစာ China Daily က “ကျွမ်းကျင်ပညာရှင်များက အများကြီး မမျှော်လင့်ထားသော ကယ်ရီ၏ တရုတ်ခရီးစဉ်” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။ ဇန်နဝါရီ ၂၇ ရက်တွင် ကယ်ရီနှင့် ဝမ်ယီတို့ မတွေ့ဆုံမီ နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ထုတ်လွှင့်ခဲ့သော သုံးသပ်ချက်တစ်ခု၌ ကိုရီးယားကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်၍ အမေရိကန်၏ ဆွေးနွေးညှိနှိုင်းမှု မရှိသော ရန်လိုမှုနှင့် စစ်အေးခေတ် သဘောထားများကို အပြစ်တင်ခဲ့သည်။ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီး နျူ ကလီးယား တပ်ဆင်နိုင်သည့် B-52 ဗုံးကြဲလေယာဉ် ပျံသန်းခြင်းကဲ့သို့သော အမေရိကန်၏ လုပ်ရပ်များကြောင့် မြောက်ကိုရီးယားသည် လုံခြုံမှုမရှိဟု ခံစားရစေပြီး အဆင်ခြင်မဲ့ နျူကလီးယားစစ်ပွဲ နှုတ်ခမ်းဝသို့ တွန်းပို့စေနိုင်ကြောင်း ယင်းသုံးသပ်ချက်၌ ဖော်ပြခဲ့သည်။ တရုတ်သည်လည်း မြောက်ကိုရီးယား ပြိုလဲမည့် အရေးနှင့် ညီညွတ်သော အမေရိကန်မဟာမိတ် ကိုရီးယားနိုင်ငံ ဖြစ်ထွန်းလာမည့် အရေးတို့ကို စိုးရိမ်မှုများကြောင့် မြောက်ကိုရီးယားကို ဖိအားပေးရာတွင် လျှော့ပေါ့လေ့ရှိသည်။Ref: AFP

Most Read

Most Recent