စီးပွားရေး အင်အားကြီးစ နိုင်ငံများတွင် ခြစားမှု ဆိုးရွားနေကြောင်း Transparency International အစီရင်ခံစာက ဖော်ပြ

စီးပွားရေး အင်အားကြီးစ နိုင်ငံများတွင် ခြစားမှု ဆိုးရွားနေကြောင်း Transparency International အစီရင်ခံစာက ဖော်ပြ
Published 27 January 2016

ဘရာဇီးနှင့် မလေးရှားတွင် ဧရာမ အရှုပ်တော်ပုံများ ဖြစ်ပွားနေမှုသည် စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး ကမ္ဘာ၏ အင်အားကြီးစ စီးပွားရေးနိုင်ငံများတွင် ခြစားမှုကို တိုက်ဖျက်ရန် ရုန်းကန်နေရကြောင်း ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့ Transparency International (TI) က ဇန်နဝါရီ ၂၇ ရက်တွင် သတိပေးခဲ့သည်။စစ်တမ်းတွင် ပါဝင်သော ၁၆၈ နိုင်ငံတွင် ဘရာဇီးနိုင်ငံ၏ အဆင့်ကျဆင်းမှုသည် အဆိုးဆုံးဖြစ်ခဲ့ပြီး အဆင့်ခုနစ်ဆင့် လျော့ကျ၍ အဆင့် ၇၆ အထိ ရောက်ရှိသွားခဲ့ကြောင်း Corruption Perceptions Index 2015 အစီရင်ခံစာတွင် TI က ဖော်ပြခဲ့သည်။TI က စစ်တမ်းကောက်ယူသော နိုင်ငံများအနက် သုံးပုံနှစ်ပုံသည် အညွန်းအမှတ် ၁၀၀ တွင် ၅၀ အောက်သာ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်တို့သည် ယခင်နှစ်များကဲ့သို့ပင် ခြစားမှု အနည်းဆုံးနိုင်ငံများ စာရင်းတွင် ဆက်လက် ပါဝင်ခဲ့ပြီး အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဆိုမာလီယာကဲ့သို့ နိုင်ငံများသည် ခြစားမှု အဆိုးဆုံးနိုင်ငံများ စာရင်း၌ ဆက်လက် ရှိနေခဲ့သည်။ အာရှ-ပစိဖိတ်တွင် ယခုနှစ်၌ ခြစားမှုနှင့် ပတ်သက်၍ သိသိသာသာ တိုးတက်ခဲ့မှု မရှိကြောင်း အညွှန်းကိန်းများက ဖော်ပြနေသည်။ ခြစားမှု တိုက်ဖျက်ရေး ကတိပေးမှုများဖြင့် အာရှ-ပစိဖိတ်တွင် အစိုးရများ အာဏာရလာသော်လည်း ဒေသတွင်း၌ ခြစားမှုက မီဒီယာများ၌ ဆက်လက်လွှမ်းမိုးထားခဲ့သည်။ အိန္ဒိယနှင့် သီရိလင်္ကာ ခေါင်းဆောင်များသည် ကတိများ ပေးခဲ့သော်လည်း ခြစားမှု တိုက်ဖျက်ရေးကို မျှော်လင့်ထားသကဲ့သို့ မဆောင်ရွက်နိုင်ခဲ့ကြပေ။ မြန်မာက ရမှတ် ၂၂ မှတ်ဖြင့် ခြစားမှုတိုက်ဖျက်ရေးတွင် ၁၆၈ နိုင်ငံအနက်အဆင့် ၁၄၇ ရရှိခဲ့သည်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက (BRICS) တို့တွင် ခြစားမှု မြင့်တက်လာကြောင်း၊ ယင်းနိုင်ငံအားလုံးသည် အညွန်းကိန်း၏ ၅၀ မှတ်အောက်ကိုသာ ရရှိခဲ့ကြသည်။တောင်အာဖရိကသည် ရမှတ် ၄၄ မှတ်ဖြင့် အဆင့် ၆၁ ရရှိခဲ့ပြီး ဘရာဇီးနှင့် အိန္ဒိယက ရမှတ် ၃၈ မှတ်ဖြင့် အဆင့် ၇၆ ကို ပူးတွဲရရှိခဲ့သည်။ တရုတ်က အနည်းငယ်ပိုဆိုးခဲ့ပြီး ရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၈၃ ရရှိခဲ့သည်။ ရုရှားက ၂၉ မှတ်ဖြင့် အဆင့် ၁၁၉ နေရာရောက်ခဲ့သည်။ ယခုနှစ်တွင် တစ်ကမ္ဘာလုံး၌ ခြစားမှု ဆိုးရွားခဲ့သော်လည်း ယမန်နှစ်ကထက် ရမှတ်တိုးတက်ခဲ့သော နိုင်ငံများ ပိုမို မြင့်တက်လာခဲ့သည်။Ref: AFP

Most Read

Most Recent