တရုတ်တွင် ကင်ဆာကြောင့် လူ ၇၀၀၀ နေ့စဉ် သေဆုံးနေ

တရုတ်တွင် ကင်ဆာကြောင့် လူ ၇၀၀၀ နေ့စဉ် သေဆုံးနေ
Published 27 January 2016

တရုတ်တွင် ကူးစက်ရောဂါ နာတာရှည် ဖြစ်ပွားမှုများ၊ ဆေးလိပ်သောက်သုံးမှုများ၊ ညစ်ညမ်းမှုများကြောင့် ကင်ဆာဖြစ်ပွားမှု တစ်ရှိန်ထိုး မြင့်တက်နေပြီး ယမန်နှစ်က ကင်ဆာဖြစ်ပွားသူ ၄ ဒသမ ၃ သန်း ထပ်မံ မြင့်တက်ခဲ့၍ ၂ ဒသမ ၈ သန်း သေဆုံးခဲ့ကြောင်း သုတေသန ပညာရှင်များက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။အဆုတ်ကင်ဆာသည် တရုတ်တွင် အသေအများဆုံး ကင်ဆာဖြစ်ပြီး ကင်ဆာသည် အဓိက ကျန်းမာရေးပြဿနာ ဖြစ်လာကြောင်း ပေကျင်းရှိ ဝမ်ချင်ချန် ကင်ဆာစင်တာမှ ဦးဆောင်ပြုလုပ်ခဲ့သည့် သုတေသနတွင် တွေ့ရှိခဲ့သည်။ လူဦးရေ ၁ ဒသမ ၃၇ ဘီလျံရှိသော တရုတ်တွင် ယခင်က လူဦးရေ၏ အနည်းငယ်ကိုသာ အခြေပြုသည့် သုတေသနများကြောင့် ကင်ဆာ၏ ဝန်ထုပ်ဝန်ပိုးကို ခန့်မှန်းရန် ခက်ခဲခဲ့ကြောင်း ယင်းလေ့လာမှုက ပြောကြားခဲ့သည်။သို့သော်လည်း မကြာသေးခင်နှစ်များအတွင်း အမျိုးသားကင်ဆာ မှတ်ပုံတင်ဌာနများမှ ကျယ်ပြန့်သော လူဦးရေကို အခြေခံသည့် ပိုမိုခိုင်မာသော သတင်းအချက်အလက်များ ရရှိခဲ့ကြောင်း ယင်းသုတေသနက ဆိုသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကင်ဆာမှတ်ပုံတင်ဌာန ၇၂ ခုမှ ကိန်းဂဏန်းများကို အခြေခံ၍ နောက်ဆုံးလေ့လာမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ယင်းသတင်းအချက်အလက်များအရ ၂၀၁၅ ခုနှစ်တွင် ကင်ဆာရောဂါဖြစ်ပွားမှု အသစ် ၄၂၉၂၀၀၀ ရှိမည်ဖြစ်ကြောင်း သုတေသန ပညာရှင်များက ခန့်မှန်းထားသည်။ ယင်းခန့်မှန်းမှုအရ နေ့စဉ် ကင်ဆာဖြစ်ပွားသူ ၁၂၀၀၀ နီးပါးရှိနေပြီး ၇၅၀၀ နေ့စဉ် သေဆုံးနေမည်ဖြစ်သည်။ အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာသည် အဆုတ်၊ အစာအိမ်၊ အသည်း၊ အစာပြွန်၊ အူမကြီးတို့ဖြစ်ပြီး အမျိုးသမီးများတွင် ရင်သားကင်ဆာသည် အဖြစ်အများဆုံးဖြစ်ကြောင်း သိရသည်။ တရုတ်အမျိုးသမီးများတွင် ဖြစ်ပွားသည့် ကင်ဆာအားလုံးအနက် ၁၅ ရာခိုင်နှုန်းသည် ရင်သားကင်ဆာဖြစ်သည်။ကင်ဆာသည် တရုတ်တွင် အမျိုးသမီးများထက် အမျိုးသားများကို အသက်အန္တရာယ် ပိုဖြစ်စေပြီး အမျိုးသားများ၌ ကင်ဆာဖြစ်ပွားမှု ၁၀၀၀၀၀ လျှင် ၁၆၆ ဦးနှုန်း သေဆုံးပြီး အမျိုးသမီး သေဆုံးမှုနှုန်းထက် နှစ်ဆနီးပါး ပိုမြင့်မားကြောင်း သိရသည်။ သက်ကြီးရွယ်အို လူဦးရေ များလာပြီး လူဦးရေ တိုးတက်မှုကြောင့် ကင်ဆာဖြင့် သေဆုံးမှု နှုန်းသည်လည်း သိသိသာသာ မြင့်မားခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှစပြီး ကင်ဆာကြောင့် သေဆုံးမှု ၇၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာမှုက ဆိုသည်။အစာအိမ်၊ အသည်းနှင့် သားအိမ်ခေါင်းတို့တွင် ကာလရှည် ကူးစက်ပိုးကြောင့် သေဆုံးမှုသည် ကင်ဆာဖြင့် သေဆုံးမှု အားလုံး၏ သုံးပုံတစ်ပုံနီးပါးရှိကြောင်း၊ ဆေးလိပ်သောက်သုံးမှုသည် ကင်ဆာကြောင့် သေဆုံးမှု အားလုံး၏ လေး ပုံတစ်ပုံရှိကြောင်း သိရသည်။Ref: AFP

Most Read

Most Recent