နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ကင်းစောင့်နေစဉ် စိတ်ဖောက်ပြန်ပြီး သေနတ်ဖြင့် ဝှေ့ယမ်း ပစ်ခတ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ကင်းစောင့်နေစဉ် စိတ်ဖောက်ပြန်ပြီး သေနတ်ဖြင့် ဝှေ့ယမ်း ပစ်ခတ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်
Published 27 January 2016
စိုးစိုး (ဘားအံ)

ဘားအံမြို့နယ် နောထင်လုံးကျေးရွာအုပ်စု (ခစတ) တပ်နယ် (၃) သစ်စုပုံစခန်းမှ BGF တပ်ဖွဲ့ဝင်တစ်ဦးသည် ကင်းစောင့်နေစဉ် စိတ်ဖောက်ပြန်ပြီး သေနတ်ဖြင့် ဝှေ့ယမ်းပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ပြီး အဆိုပါတပ်သားမှာလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘားအံမြို့နယ် နောထင်လုံးကျေးရွာအုပ်စု ဖာလင် (၁) ကျေးရွာ၌ BGF (ခစတ) တပ်နယ် (၃) မှ ဒုတပ်ခွဲမှူး ဗိုလ်ကြီး စိုးခိုင်ဦးစီးသည့် တပ်ဖွဲ့ဝင်လေးဦးမှာ လွန်ခဲ့သော တစ်နှစ်ခန့်က လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လုံခြုံရေး ကင်းစခန်းဖွင့်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီတွင် ကင်းတာဝန်ကျသူ တပ်သား စောတပ်ဖော်ခွား၊ အသက် ၃၅ နှစ် (ဘ) စုံစမ်းဆဲဆိုသူ ကင်းစောင့်နေစဉ် ရုတ်တရက် စိတ်ဖောက်ပြန်ပြီး ၎င်းကိုင်ဆောင်ထားသည့် အမေရိကန်လုပ် M15 ပြောင်းတိုဖြင့် ဝှေ့ယမ်းပစ်ခတ်ရာ ကျည် ၁၀ တောင့်ထွက်ပြီး ဦကျဲခင်၊ အသက် ၃၅ နှစ် (ဘ) ဦးသောင်းရွှေ၊ ကျွန်းတောလမ်း၊ (၃) ရပ်ကွက်၊ မြဝတီမြို့နေသူမှာ ဆီးခုံအပေါ်ပိုင်း၌ ကျည်ဝင်ပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ တပ်သားအောကြီး (ခ) ပသိုင် ၃၅ နှစ် (ဘ) ဦးတင်စိုး ကြံခင်းလမ်း၊ (၃) ရပ်ကွက်၊ မြဝတီမြို့နေသူမှာ ဝဲဘက်လက်မောင်းနှင့် ဝဲဘက်ရင်အုံ၌ ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ဝှေ့ယမ်းပစ်ခတ်သူ စောတပ်ဖော်ခွားမှာ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် မိမိကိုယ်ကိုယ်ပစ်ခတ်ရာ ယာဘက်ပါးစပ်မှ ကျည်ဝင်ပြီး နဖူးနှင့် နောက်စေ့ပေါက်ထွက် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထုံးအိုင်နယ်မြေရဲစခန်းမှ (ပ)၇/၂၀၁၆ ရာဇသတ် ဥပဒေပုဒ်မ ၃၀၄/၃၀၇ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent