တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လိမ့်မည်ဟု ဥရောပ ရဲတပ်ဖွဲ့က သတိပေးထားစဉ် ပြင်သစ်နှင့် ဗြိတိန်က IS ဗီဒီယိုကို ပယ်ချ

တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လိမ့်မည်ဟု ဥရောပ ရဲတပ်ဖွဲ့က သတိပေးထားစဉ် ပြင်သစ်နှင့် ဗြိတိန်က IS ဗီဒီယိုကို ပယ်ချ
Published 26 January 2016
Ref: AFP

ဥရောပ ရဲတပ်ဖွဲ့က ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လိမ့်မည်ဟု သတိပေးထားစဉ် ပြင်သစ်နှင့် ဗြိတိန်တို့က IS တို့၏ နယ်မြေအတွင်း ပါရီတိုက်ခိုက်မှု ပြုလုပ်ရန် ပြင်ဆင်နေပုံကို ဖော်ပြသည့် ဗီဒီယိုကို ဇန်နဝါရီ ၂၅ ရက်တွင် ပယ်ချလိုက်သည်။ ၁၇ မိနစ်ကြာ ဗီဒီယိုသည် နိုဝင်ဘာ ၁၃ ရက်တွင် IS အဖွဲ့ သေနတ်သမားများနှင့် အသေခံ ဗုံးခွဲသမားများ ပါရီမြို့တွင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည့် လူပေါင်း ၁၃၀ သေဆုံးခဲ့မှု မတိုင်မီ အဆင့်မြင့်ပူးပေါင်း လုပ်ဆောင်မှုနှင့် အစီအစဉ် ချမှတ်မှုတို့ကို ဖော်ပြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။"တွေ့တဲ့နေရာမှာ သတ်ပစ်" ဟု ခေါင်းစဉ်တပ်ထားသော ဗီဒီယိုဖိုင်တွင် ယင်းတိုက်ခိုက်မှု၌ ပါဝင်ခဲ့သော ဘယ်လ်ဂျီယံ နိုင်ငံသား လေးဦး၊ ပြင်သစ်နိုင်ငံသား သုံးဦးနှင့် အီရတ် နိုင်ငံသား နှစ်ဦးတို့ကို တွေ့မြင်ရသည်။ သူတို့အားလုံးသည် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ညနှင့် ယင်းနောက်ပိုင်းနေ့များ၌ ရဲတပ်ဖွဲ့နှင့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြသည်။IS အဖွဲ့၏ အယ်လ်ဟေယက်မီဒီယာ ဌာနက ဖြန့်ချိခဲ့သည့် အဆိုပါ ဗီဒီယိုဖိုင်တွင် တိုက်ခိုက်သည့်ညက ရုပ်သံသတင်းများက ဖော်ပြခဲ့သည့် ပြကွက်များအပြင် တိုက်ခိုက်သူများတွင် ပြင်သစ်နှင့် အာရေဗျဘာသာ စကားများဖြင့် သတင်းပေးပို့ခဲ့ကြသော နောက်ဆုံး အချက်အလက်များ ပါဝင်သည်။သူတို့က ဥရောပတိုက်တွင် နေထိုင်သော မွတ်စလင်များကို တစ်ကိုယ်တော် တိုက်ခိုက်မှုများ ပြုလုပ်ရန်နှင့် အထူးသဖြင့် ဗြိတိန်ကို ခြိမ်းခြောက်ရန် တောင်းဆိုထားသည်။ယခုဖြန့်ချိခဲ့သည့် ဗီဒီယိုဖိုင်တွင် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့၏ ပုံကိုလည်း အသုံးပြုခဲ့ပြီး ၎င်းတို့နှစ်ဦးကိုပါ ပစ်မှတ်ထားရန် တိုက်တွန်းထားသည်။IS အဖွဲ့အကြမ်းဖက် ကွန်ရက်ခေါင်းဆောင် အဗ္ဗဒယ်ဟာမစ်အဘားယောက်က IS အဖွဲ့ကို တိုက်ခိုက်နေသည့် ညွန့်ပေါင်းအဖွဲ့ဝင် နိုင်ငံ ၇၀ ကို ရည်ညွှန်းလျက် "ခင်ဗျားတို့ အနေနဲ့ IS အဖွဲ့ကို ပိုပြီးစစ်ပြုလေလေ ကျွန်တော်တို့ အနေနဲ့ အကြမ်းဖက် သမားတွေအဖြစ် ကျွန်တော်တို့ ပိုပြီးချဲ့ထွင်သွားလေလေပဲ" ဟု ပြောကြားခဲ့သည်။သို့သော် အိန္ဒိယသို့ ရောက်ရှိနေသော အော်လွန်ဒ်က ခြိမ်းခြောက်မှုများကို ပယ်ချခဲ့သည်။ သူက "ကျွန်တော်တို့ကို ဘယ်အရာကမှ မဟန့်တားနိုင်ပါဘူး။ အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ပြင်သစ်ကို ဘယ်ခြိမ်းခြောက်မှုကမှ သွေဖည်သွားအောင် မလုပ်နိုင်ပါဘူး" ဟု ပြောကြားခဲ့သည်။ဒေးဗစ်ကင်မရွန်၏ ရုံးကလည်း အဆိုပါ ဗီဒီယိုသည် သိသိသာသာ ဆုတ်ယုတ်ကျဆင်းနေသည့် ဆိုးရွားသော အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဥရောပ ရဲတပ်ဖွဲ့ဖြစ်သော Europol က ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအတွင်း အားနည်းသော ပစ်မှတ်များကို ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်ရန် IS အဖွဲ့က စီစဉ်နေကြောင်း သတိပေးထားသည်။

Most Read

Most Recent