တရုတ်သိပ္ပံ ပညာရှင်များက အော့တစ်ဇင် ရောဂါရနေသော မျောက်များကို ဖန်တီး

တရုတ်သိပ္ပံ ပညာရှင်များက အော့တစ်ဇင် ရောဂါရနေသော မျောက်များကို ဖန်တီး
Published 26 January 2016
Ref: AFP

တရုတ်သိပ္ပံ ပညာရှင်များက လူသားများ၌ အော့တစ်ဇင် ရောဂါဖြစ်စေသော ဗီဇကို ထည့်သွင်းကာ မျောက်များကို ဖန်တီးလျက် ရောဂါလက္ခဏာရပ်များ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် အနည်းငယ်မျှသာ သိရှိရသေးသည့် အော့တစ်ဇင်ရောဂါကို ကုသနိုင်ရေးအတွက် လမ်းစရှာဖွေရန် ယင်းကဲ့သို့သော မျောက်များကို ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ယင်းကဲ့သို့ ဗီဇထည့်သွင်းထားသော မားကပ်မျောက်များသည် အော့တစ်ဇင် ရောဂါရှိသည့် လူသားများ ကဲ့သို့ပင် ပြုမူပြီး ၎င်းတို့တွင် အမူအရာများကို အထပ်ထပ် ပြုမူခြင်း၊ စိုးရိမ်သောကများကို ပြသခြင်းနှင့် ဆက်ဆံရေး ညံ့ဖျင်းခြင်းတို့ တွေ့ရှိရကြောင်း အဆိုပါ သိပ္ပံပညာရှင် အဖွဲ့က ရေးသားခဲ့သည်။အဆိုပါ မျောက်များကို အော့တစ်ဇင် ရောဂါနှင့် ပတ်သက်၍ အကြောင်းရင်းများကို သုသေတနပြုရန်အတွက် ယုံကြည်စိတ်ချရသော တိရစ္ဆာန် ပုံစံတစ်ရပ်အဖြစ် အသုံးပြုနိုင်ပြီး လူသားများတွင် အော့တစ်ဇင် ရောဂါကုသရန်အတွက် ဖြစ်လာနိုင်စေလိမ့်မည်ဟု ဆိုသည်။ အဆိုပါ မျောက်များ ဖန်တီးနိုင်မှုကို ယခုလေ့လာချက်တွင် မပါဝင်သော အခြားအထူး ပညာရှင်များကလည်း ကြိုဆိုခဲ့ကြသည်။"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေက ဦးနှောက်ချို့ယွင်းချက်တွေကို လေ့လာဖို့အတွက် ဗီဇအင်ဂျင်နီယာ လုပ်ထားတဲ့ မားကပ်မျောက်တွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် လမ်းခင်းပေးနိုင်ပါတယ်" ဟု ယခုသုတေသနတွင် ပါဝင်ရေးသားခဲ့သူများက ပြောကြားခဲ့သည်။ယခုအထိ အော့တစ်ဇင် ရောဂါကို တိရစ္ဆာန်များ၌ လေ့လာရာတွင် အဓိကအားဖြင့် ဓာတ်ခွဲခန်းအတွင်း၌ ကြွက်များကိုသာ အသုံးပြုနေရပြီး ကြွက်များသည် ဗီဇအရလည်းကောင်း၊ အပြုအမူအရ လည်းကောင်း၊  ဇီဝကမ္မဗေဒအရ လည်းကောင်း လူသားများနှင့် များစွာကွဲပြား ခြားနားသော မျိုးစိတ်ဖြစ်သည်။ရှန်ဟိုင်းမြို့ရှိ အာရုံကြော သိပ္ပံပညာဌာနမှ ကျိလောင်ချူး ဦးဆောင်သော အဖွဲ့သည် မျောက်များကို ဖန်ပြွန်အတွင်း မျိုးစပ်ခဲ့ရာ၌ လူသားများတွင် အော့တစ်ဇင် ရောဂါဖြစ်စေသည်ဟု ယူဆထားသော MECP2 ဗီဇ ကော်ပီပေါင်းများစွာကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent