ကုလသမဂ္ဂ ထောက်ခံသည့် မဟာမိတ်အစိုးရ အကြံပြုချက်ကို လစ်ဗျားပါလီမန် ပယ်ချ

ကုလသမဂ္ဂ ထောက်ခံသည့် မဟာမိတ်အစိုးရ အကြံပြုချက်ကို လစ်ဗျားပါလီမန် ပယ်ချ
Published 26 January 2016
Ref: AFP

နိုင်ငံတကာ အသိအမှတ်ပြုထားသော လစ်ဗျားပါလီမန်က ဇန်နဝါရီ ၂၅ ရက်တွင်  ကုလသမဂ္ဂ ထောက်ခံသည့် မဟာမိတ်အစိုးရ ဖွဲ့စည်းရေးကို ပယ်ချခဲ့သောကြောင့် လစ်ဗျား၏ မတည်ငြိမ်မှုများ အဆုံးသတ်ရေး ဝိုင်းဝန်း ကြိုးပမ်းမှုအတွက် ထိုးနှက်ချက် ဖြစ်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် အာဏာရှင် မွမ်မာက ဒါဖီကို ဖြုတ်ချခဲ့ပြီးနောက် လစ်ဗျားနိုင်ငံသည် နိုင်ငံရေး ကသောင်းကနင်း ဖြစ်ရပ်များနှင့် ကြုံတွေ့နေရပြီး ကုလသမဂ္ဂနှင့် အနောက်တိုင်း သံတမန်များက မဟာမိတ် အစိုးရ ဖွဲ့စည်းကြရန် ပြီးခဲ့သည့် တစ်ပတ်တွင် လစ်ဗျားအဖွဲ့အစည်း အားလုံးကို တိုက်တွန်းခဲ့သည်။ လစ်ဗျားတွင် လတ်တလော၌ အရှေ့ဘက်၌ အခြေစိုက်သည့် နိုင်ငံတကာ အသိအမှတ်ပြု အစိုးရနှင့် ပါလီမန်အပြင် မြို့တော် ထရီပိုလီ၌ ပြည်သူ့စစ်တို့က တင်မြှောက်ထားသည့် အာဏာပိုင် အဖွဲ့နှစ်ဖွဲ့ အပြိုင်ဖြစ်နေသည်။စီးပွားရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ဖာရက်အယ်ဆာရက် ဦးဆောင်သော အမျိုးသားရေး ညီညွတ်ရေး အစိုးရအဖွဲ့ကို ပြီးခဲ့သည့် တစ်ပတ်တွင် ဖွဲ့စည်းခဲ့သောလည်း နိုင်ငံတကာ အသိအမှတ် ပြုထားသည့် ပါလီမန်က ဝန်ကြီး ၃၂ ဦးပါ ယင်းအစိုးရ အဖွဲ့ကို ခွင့်ပြုရန် ပယ်ချခဲ့ခြင်းဖြစ်သည်။ အရှေ့ပိုင်းရှိ တိုဘရက်မြို့၌ ကျင်းပသည့် ပါလီမန် အစည်းအဝေး၌ ဥပဒေပြုအမတ် ၁၀၄ ဦး တက်ရောက်ခဲ့ပြီး ၈၉ ဦးက အစိုးရသစ်ကို ပယ်ချခဲ့သည်ဟု ပါလီမန်အမတ် အလီအယ်ဂေဒီက ပြောကြားခဲ့သည်။ဝန်ကြီးအရေအတွက် လျှော့ချပြီး ပိုမိုသေးငယ်သော အစိုးရ တစ်ရပ်ကို ပါလီမန် အမတ်များက လိုလားကြောင်း ဥပဒေပြု အမတ် အယ်ဆာလီဟင်အဗ္ဗဒယ်နာဘီက ပြောကြားခဲ့သည်။ လျှော့ချထားသော ဝန်ကြီးစာရင်းနှင့် အတူ ၁၀ ရက်အတွင်း အစိုးရ အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရမည်ဖြစ်ကြောင်း ပါလီမန်ဥက္ကဋ္ဌ၏ မီဒီယာအကြံပေး ဖာဒီ အဗ္ဗဒယ်ကာရင်က ပြောကြားခဲ့သည်။အငြင်းပွားနေသော သဘောတူညီချက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ပါတီအားလုံးနှင့် ဆွေးနွေးအဖြေရှာရမည် ဖြစ်ကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မာတင်ကိုဗလာက ပြောကြားခဲ့သည်။ ပါလီမန်ဥက္ကဋ္ဌ ဆာလာနှင့် သြဇာကြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟာ လီဖာဟက်တာတို့က ရာထူးဆုံးရှုံးမည်ကို စိုးရိမ်နေသောကြောင့် ဥပဒေပြု အမတ်များသည် အစိုးရသစ် ဖွဲ့စည်းရေး သဘောတူညီချက်ကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း ပါလီမန်အမတ် ဖာမီတူဝါတီက ပြောကြားခဲ့သည်။ကုလသမဂ္ဂက ထောက်ခံထားသော ယင်းသဘောတူညီချက်က အသွင်ကူးပြောင်းရေး ကာလကို နှစ်နှစ်သတ်မှတ်ပြီး ပါလီမန် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန် တောင်းဆိုထားသည်။ ဥရောပ၏ အဝင်ဝတွင် ဂျီဟတ်တို့က ခြေကုပ်စခန်းသစ် တည်ထောင်မည်ကို စိုးရိမ်မှုကြောင့် လစ်ဗျားတွင် အကွဲကွဲ အပြားပြားဖြစ်နေသော အဖွဲ့များကို ပေါင်းစည်းရန် သံတမန်များက အရေးတကြီး ကြိုးပမ်းနေခြင်းဖြစ်သည်။

Most Read

Most Recent