ကြောက်မက်ဖွယ် နှင်းမုန်တိုင်းပြီးနောက် အမေရိကန်မြို့တော်တွင် နှင်းရှင်းလင်းရေးအတွက် ကြိုးပမ်းနေ

ကြောက်မက်ဖွယ် နှင်းမုန်တိုင်းပြီးနောက် အမေရိကန်မြို့တော်တွင် နှင်းရှင်းလင်းရေးအတွက် ကြိုးပမ်းနေ
Published 26 January 2016
Ref: AFP

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းတွင် ကြောက်မက်ဖွယ် နှင်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန်မြို့တော် ဝါရှင်တန်တွင် တောင်လိုပုံနေသော နှင်းများကို ရှင်းလင်းပြီး ပြန်လည် အသက်ဝင်ရန် ရုန်းကန်နေရသည်။ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက် နှောင်းပိုင်းအထိ အမေရိကန်ပြည်နယ် တစ်ဒါဇင်ခန့်ကို ဝင်ရောက်ခဲ့သော နှင်းမုန်တိုင်းကြောင့် ၃၃ ဦးထက် မနည်း သေဆုံးခဲ့ပြီး သေသူအများစုသည် နှင်းရှင်းလင်းနေစဉ် နှလုံးရပ်၍ သေဆုံးခဲ့ခြင်းနှင့် နှင်းဖုံးနေသော လမ်းများပေါ်တွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် အိမ်များ၊ ကားများအတွင်း၌ နွေးနေစေရန် ကြိုးပမ်းကြစဉ် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်၍ အမြောက်အမြား သေဆုံးခဲ့ကြသည်။ဝါရှင်တန်၏ မြေအောက်ရထား ကွန်ရက်နှင့် ဘတ်စ်ကား ကွန်ရက်ကို ပြီးခဲ့သော ရက်သတ္တပတ် ကုန်ရက်များတွင် ပိတ်ထားခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်တွင် ပြန်လည် စတင်ခဲ့သည်။ သို့သော်လည်း ရထားများသည် အခမဲ့နှင့် အကန့်အသတ်ဖြင့်သာ ပြေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ နှင်းများထူထပ်စွာ ကျဆင်းခဲ့သော်လည်း နယူးယောက်စီးတီးတွင် ကျောင်းများပြန်ဖွင့်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးကိုလည်း နေရာအများစုတွင် ပြန်လည် လည်ပတ်နိုင်ခဲ့၍ အလွယ်တကူ ပြန်လည်နိုးထ နိုင်ခဲ့သည်။ဝါရှင်တန်တွင် နှင်းထုသည် ၂၂ လက်မ ကျော်ရှိခဲ့သည်။ နယူးယောက်၏ စင်ထရယ်ပက်တွင် နှင်းထုသည် ၂၆ ဒသမ ၈ လက်မထိ ကျဆင်းခဲ့ပြီး ၁၈၆၉ ခုနှစ် နောက်ပိုင်းဒုတိယ အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။ နယူးယောက်တွင် နှင်းရှင်းလင်းရေးစက် ၂၅၀၀ ဖြင့် ရှင်းလင်းနေသည်။ နယူးယောက်နှင့် ဝါရှင်တန်အပြင် နယူးဂျာစီ၊ ပင်ဆယ်ဗေးနီးယား၊ မေရီလန်း၊ ဗာဂျီးနီးယားတို့သည် နှင်းမုန်တိုင်း ဒဏ်ရာကို အဆိုးဆုံး ခံခဲ့ကြရသည်။ နေရာအချို့တွင် နှင်းစံချိန်တင် ကျဆင်းမှုကို နှစ်ရက်ကျော်ထိ ခံစားခဲ့ရကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။ နှင်းမုန်တိုင်းပြီးခဲ့ပြီးနောက် အပူချိန် မြင့်တက်လာခဲ့ပြီး နယူးယောက်သည် လုံးဝနီးပါး ရပ်ဆိုင်းခဲ့ရသည်။ ထို့နောက် ဇန်နဝါရီ ၂၄ ရက်တွင် ခရီးသွားလာမှု တားမြစ်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ပြဇာတ်ပွဲများ ပြန်လည်စတင်ခဲ့ပြီး ပြခန်းများလည်း ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ဝါရှင်တန်နှင့် နယူးယောက်နေရာ အချို့တွင် အပူချိန်သည် ၃ ဒီဂရီဆဲစီးယပ်သို့ မြင့်တက်ခဲ့သည်။ သို့သော်လည်း ဝါရှင်တန်ရှိမြို့တော် လူထုသည် ရက်အတန်ကြာအောင် အတားအဆီးများ ကြုံရဖွယ်ရှိသည်။အောက်လွှတ်တော်ကို လာမည့်တစ်ပတ်အထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။

Most Read

Most Recent