တရုတ်ကမ်းလွန် အနီးတွင် ထိုင်ဝမ်က စစ်ရေးလေ့ကျင့်

တရုတ်ကမ်းလွန် အနီးတွင် ထိုင်ဝမ်က စစ်ရေးလေ့ကျင့်
Published 26 January 2016
Ref: AFP

ထိုင်ဝမ်က ထိန်းချုပ်ထားသော တရုတ်ကမ်းလွန် အနီးရှိ ကျွန်းတစ်ကျွန်းတွင် ဇန်နဝါရီ ၂၆ ရက်၌ အသေးစား စစ်ရေးလေ့ကျင့်မှုတစ်ခု ဆောင်ရွက်ခဲ့ပြီး ထိုင်ဝမ်က တရုတ် ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ဆုံးဖြတ်ထားကြောင်း အချက်ပြခဲ့သည်။ထိုင်ဝမ်ရေတပ်၏ အထူးတပ်ဖွဲ့ ကွန်မန်ဒိုများက ကမ်းတက်စစ်ရေး လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ပြီး ထိုင်ဝမ်ကျွန်းကို လုံခြုံမှု ပေးနိုင်စွမ်းရှိကြောင်း ပြသခဲ့သည်ဟု ကင်မင်ခရိုင် ကာကွယ်ရေးတပ်မှူးက ပြောကြားခဲ့သည်။ ထိုင်ဝမ်တွင် လွတ်လပ်ရေး လိုလားသော ခေါင်းဆောင် ဆန်အင်းဝမ်သည် ဇန်နဝါရီ ၁၆ ရက် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ရက်အနည်းငယ် အကြာတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။ တရုတ်စစ်ရေး လေ့ကျင့်မှုများပြီးနောက် ထိုင်ဝမ်က ယခု စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးလေ့ကျင့်သည့် အထူးတပ်ဖွဲ့များတွင် အမှတ် ၃၁ စုပေါင်းတပ်မမှ တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် တရုတ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ရှိခဲ့သည်မှာ ထူးခြားသည့်ဖြစ်စဉ် မဟုတ်ဘဲ ထိုင်ဝမ်တပ်ဖွဲ့ဝင်များကလည်း ပုံမှန်စစ်ရေး လေ့ကျင့်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကင်မင်တပ်မှူး ဟော်ယွီဟေက ပြောကြားခဲ့သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်၌ ကွန်မြူနစ်တို့ကို အရေးနိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ဆုတ်ခွာခဲ့ရသော အမျိုးသားရေးဝါဒီ တပ်ဖွဲ့ဝင်များသည် မြောက်ဘက်စစ်မျက်နှာမှ ကာကွယ်ရေး စခန်းများအဖြစ် ကင်မင်ကျွန်းနှင့် မက်ဆုကျွန်းတို့ကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ တရုတ်သည် မကြာသေးခင် နှစ်များအတွင်း၌ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး သဘောထားကို အားပေးခဲ့သော်လည်း အခြေအနေ အချို့အရ ထိုင်ဝမ်ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ကြောင်း ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းချက်အား ပယ်ချရန် ငြင်းဆိုထားသည်။ အချိန်ဇယား သတ်မှတ်မထားသော်လည်း တရုတ်သမ္မတ ရှီကျင်ပင်းက ထိုင်ဝမ်လွတ်လပ်ရေး ပြဿနာအား အနာဂတ်မျိုးဆက်အတွက် ချန်မထားလိုကြောင်း ပြောကြားထားသည်။  

Most Read

Most Recent