ကမ္ဘောဒီးယား စီးပွားရေး ပြန်လည် အားကောင်းလာမှုကို ကယ်ရီက ချီးကျူးခဲ့သော်လည်း လူ့အခွင့်အရေးအတွက် စိုးရိမ်မိကြောင်း ပြောကြား

ကမ္ဘောဒီးယား စီးပွားရေး ပြန်လည် အားကောင်းလာမှုကို ကယ်ရီက ချီးကျူးခဲ့သော်လည်း လူ့အခွင့်အရေးအတွက် စိုးရိမ်မိကြောင်း ပြောကြား
Published 26 January 2016
Ref: AFP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်ကို တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား၏ ချီးကျူးလောက်စရာ စီးပွားရေးပြန်လည် အားကောင်းလာမှုကို ဂုဏ်ပြုခဲ့သည်။သို့သော် ဟွန်ဆန်က ဆယ်စုနှစ် သုံးခုကြာ အာဏာချုပ်ကိုင်မှုကို တိုးချဲ့ရန် ကြိုးပမ်းနေစဉ် နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့် ပိုမိုတိုးမြှင့်ပေးရန် ကယ်ရီက ဖိအားပေးခဲ့ကြောင်း သိရသည်။လူမျိုးတုံး သတ်ဖြတ်သည့် ခမာနီအစိုးရ အုပ်ချုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် ပြာပုံဘဝမှ ကမ္ဘောဒီးယားသည် အရှေ့တောင် အာရှတွင် စီးပွားရေး အလျင်မြန်ဆုံး တိုးတက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် ကမ္ဘောဒီးယားက တရုတ်ကို နိုင်ငံရေးဆိုင်ရာ ထောက်ခံမှုများကြောင့် တောင်တရုတ် ပင်လယ်တွင် ပိုင်နက်အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ်၏ ရန်လိုသော အပြုအမူများကို ရင်ဆိုင်နေရစဉ် အာဆီယံ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။အရှေ့တောင်အာရှတွင် တရုတ်၏ ကုန်သွယ်ရေးနှင့် သံတမန်ရေးရာ သြဇာကြီးထွားလာမှုကို ဟန့်တားရန် ရည်ရွယ်သော အရှေ့ဘက်ကို အာရုံစိုက်သည့် သံတမန်ရေးရာ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် အာဆီယံ အဖွဲ့၏ ထောက်ခံမှု ရရှိရန်အတွက် စနစ်တကျ ကြိုးပမ်းနေသည်။ ကမ္ဘောဒီးယားတွင် မော်ဝါဒီ ခမာနီအစိုးရ လက်ထက်၌ လူဦးရေ လေးပုံတစ်ပုံ သေဆုံးခဲ့ရပြီး ခမာနီအစိုးရသည် ၁၉၇၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် ဖြုတ်ချခံခဲ့ရသည်။ယခုအခါ ကမ္ဘောဒီးယား လူဦးရေ သုံးသန်းခန့်သည် ဆင်းရဲမွဲတေမှုအောက်တွင် နေထိုင်နေရဆဲဖြစ်သော်လည်း စီးပွားရေးသည် ယခုနှစ်၌ ခုနစ်ရာခိုင်နှုန်းနီးပါး တိုးတက်နိုင်သော လမ်းကြောင်းပေါ်၌ ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားသည် ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်လာရန် အနေအထား၌ ရှိနေကြောင်း ကယ်ရီက ဆိုသည်။ အထည်ချုပ် လုပ်ငန်းများသည် ကမ္ဘောဒီးယား စီးပွားရေး အောင်မြင်မှု၏ အဓိက ထောက်တိုင်တစ်ခု ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အမေရိကန် တစ်နိုင်ငံတည်းသို့ အထည်တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ရှိခဲ့သည်။သို့သော် စီးပွားရေးအရ အောင်မြင်မှုများသည် ကမ္ဘောဒီးယား၏ ယိုင်နဲ့နေသော ဒီမိုကရေစီကို ဦးတည်သည့် ခြိမ်းခြောက်မှုကြောင့် အဟန့်အတား ဖြစ်နေသည်။ အာဏာချုပ်ကိုင်ထားမှု ၃၁ နှစ်ရှိလာပြီဖြစ်သော ဟွန်ဆန်သည် နိုင်ငံရေးဆိုင်ရာ ပရိယာယ်နှင့် အင်အားသုံးမှုကို ပေါင်းစပ်၍ အင်အား ပြန်လည် ကောင်းမွန်လာသော အတိုက်အခံများကို မကြာသေးမီလများ အတွင်းက ဥပဒေကြောင်းဆိုင်ရာ စွဲချက်များ စွဲဆို၍ ဖိနှိပ်မှုများ ပြုလုပ်နေသည်။ ယင်းအတွက်ကြောင့် ကမ္ဘောဒီးယား အဓိက အတိုက်အခံဖြစ်သော ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ခေါင်းဆောင် ဆမ်ရိန်စီသည် ယခုအခါ ပြည်ပ၌ ခိုလှုံနေရပြီး ၂၀၁၈ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများ၌ CNRP ပါတီက လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရ၊ မရကို သံသယများ မြင့်တက်လာနေသည်။  

Most Read

Most Recent