သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၁၁၅၇၄ ဦးရှိသည့်အနက် လူသတ်မှုကျူးလွန်သူ ၂၃၇၄ ဦး၊ မုဒိမ်းမှု ကျူးလွန်သူ ၁၇၂၆ ဦး ပါဝင်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ပြောကြား

သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၁၁၅၇၄ ဦးရှိသည့်အနက် လူသတ်မှုကျူးလွန်သူ ၂၃၇၄ ဦး၊ မုဒိမ်းမှု ကျူးလွန်သူ ၁၇၂၆ ဦး ပါဝင်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ပြောကြား
Published 25 January 2016
စိုးမင်းထိုက်

လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၁၁၅၇၄ ဦး ရှိသည့်အနက် လူသတ်မှု ၂၃၇၄ ဦး၊ မုဒိမ်းမှု ၁၇၂၆ ဦး ပါဝင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် မေးမြန်းသည့် သေဒဏ်ကျ အကျဉ်းသားများ၊ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများနှင့် ပတ်သက်သည့် မေးမြန်းမှုအား ဖြေကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သော အကျဉ်းသားများအနက် ပုဂ္ဂလိက နစ်နာစေမှု ပြုလုပ်ခဲ့သော အကျဉ်းသား အရေအတွက်မှာ အသရေဖျက်မှု ၉၇ ဦး၊ ပစ္စည်းဥစ္စာခိုးမှု ၅၀၆၄ ဦး၊ ဖျက်ဆီးမှု ၃၃၄ ဦး၊ ကိုယ်အင်္ဂါ ထိခိုက်နစ်နာစေမှု ၁၉၇၉ ဦး၊ မုဒိမ်းမှု ၁၇၂၆ ဦး၊ လူသတ်မှု ၂၃၇၄ ဦး ဖြစ်သည့်အတွက် စုစုပေါင်း ၁၁၅၇၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
လက်ရှိအစိုးရ လက်ထက်တွင် သေဒဏ်ကျ အကျဉ်းသား ၁၈၁ဦး ရှိခဲ့ကြောင်း၊၂၀၁၂ ခုနှစ်တွင် ၃၃ဦး၊ ၂၀၁၄ ခုနှစ်တွင် ၇၁ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး သေဒဏ်ပြစ်ဒဏ်မှ ထောင်တစ်သက် ပြစ်ဒဏ်သို့ ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပြီးနောက်ပိုင်းတွင် သေဒဏ်ကျ အကျဉ်းသား ၇၇ ဦးရှိခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ) သို့ ပြင်ဆင်ခဲ့ကြောင်း၊ ထိုသို့ လေးကြိမ် ပြစ်ဒဏ်ပြင်ဆင် ပြောင်းလဲခဲ့သည့်အတွက် အစိုးရသစ်မတိုင်မီ ကျန်ရှိသည့် အကျဉ်းသား ၆၅၇ ဦးနှင့် အစိုးရသစ်ကာလ ၁၈၁ ဦး စုစုပေါင်း သေဒဏ်ကျ အကျဉ်းသား ၈၃၈ ဦးအား ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိ)သို့ ပြင်ဆင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
လက်ရှိအစိုးရ မတိုင်မီ သေဒဏ်ကျ အကျဉ်းသား အရေအတွက်သည် ၆၅၇ ဦး ရှိခဲ့ကြောင်း၊ သေဒဏ်ပြစ်ဒဏ်ကျ အကျဉ်းသား ၆၅၇ ဦးအား နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၂၈/၂၀၁၁) ဖြင့် သေဒဏ် ပြစ်ဒဏ်မှ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်သို့ လျှော့ပေါ့ကာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များ ခွင့်ပြုခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းခွင့် ပေးရာတွင် အစိုးရကို နစ်နာအောင် ပြုလုပ်သူ၊ ဌာနဆိုင်ရာကို နစ်နာအောင် ပြုလုပ်သူ၊ မည်သူမည်ဝါကို နစ်နာအောင်ပြုလုပ်သူ စသည်ဖြင့် မည်သူ့ကို လွတ်စေ၊ မည်သူ့ကို ချန်စေဟု ခွဲခြားခြင်းမရှိဘဲ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သေဒဏ်ကျခံနေရသူ မည်သူ့ကိုမျှ ကွပ်မျက်ခြင်းမရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
၂၀၁၅ ခုနှစ် ဇူလိုင်တွင် လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့ရာ၌ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ကျခံပြီးကာလ တစ်နှစ်နှင့် အထက်ရှိပြီး ကျန်ကာလတစ်နှစ်နှင့် အောက်ရှိသည့် အကျဉ်းသား/အကျဉ်းသူ ပေါင်း ၆၇၆၈ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးများနှင့်အညီ လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
ဒုတိယဝန်ကြီးက"လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ အကျဉ်းသားတွေဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံစားပြီးသူ၊ အကျဉ်းထောင်အတွင်းရှိ နေစဉ်မှာ စည်းကမ်းနဲ့ အကျင့်စာရိတ္တ ကောင်းမွန်သူတွေ ဖြစ်ပါတယ်။ အကျဉ်းထောင်က နေလွတ်မြောက်ပြီးသူ အနည်းစုသာလျှင် ပြစ်မှု ထပ်မံကျူးလွန်မှုရှိတာကို တွေ့ရပါတယ်။ အဲဒီလိုကျူးလွန်ခြင်းကလည်း ကာယကံရှင်နဲ့သာ သက်ဆိုင်တဲ့ အပိုင်းဖြစ်ပါတယ်"ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုကာ ကျူးလွန်ခဲ့သူ အကျဉ်းသားများနှင့် တစ်ဖက် ထိခိုက်နစ်နာသူများအတွက် မျှတမှုရှိရန် ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းသား စိစစ်ရေးအဖွဲ့များမှ စိစစ်ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက စဉ်းစားသုံးသပ်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။       

Most Read

Most Recent