ငှက်ဖျားရောဂါကို အမြစ်ဖြတ် တိုက်ဖျက်ရန် ဒေါ်လာ ၄ ဒသမ ၂၈ ဘီလျံ ထောက်ပံ့မည်ဟု ဗြိတိန်နှင့် ဘီဂိတ်ကြေညာ

ငှက်ဖျားရောဂါကို အမြစ်ဖြတ် တိုက်ဖျက်ရန် ဒေါ်လာ ၄ ဒသမ ၂၈ ဘီလျံ ထောက်ပံ့မည်ဟု ဗြိတိန်နှင့် ဘီဂိတ်ကြေညာ
Published 25 January 2016

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဂျော့အော်စဘွန်းနှင့် နည်းပညာ သူဌေးကြီး ဘီဂိတ်တို့က ကမ္ဘာတွင် အဆိုးဆုံးသော လူသတ်ရောဂါတစ်မျိုးဖြစ်သည့် ငှက်ဖျားရောဂါကို အမြစ်ဖြတ် တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၄ ဒသမ ၂၈ ဘီလံျ သုံးစွဲမည့် အစီအစဉ် တစ်ရပ်အား ဇန်နဝါရီ ၂၅ ရက်တွင် ကြေညာခဲ့သည်။ခြင်မှတစ်ဆင့် ကူးစက်သော ယင်းရောဂါကို တိုက်ဖျက်ရေးအတွက် သုတေသန လုပ်ငန်းများနှင့် အခြားကြိုးပမ်းမှုများကို လာမည့် ငါးနှစ်အတွင်း ဒေါ်လာ ၄ ဒသမ ၂၈ ဘီလျံ ပံ့ပိုးပေးမည်ဖြစ်ကြောင်း The Times တွင် ဘီဂိတ်နှင့် အော်စဘွန်းတို့ ပူးတွဲရေးသားခဲ့သော ဆောင်းပါး၌ ဖော်ပြခဲ့သည်။ဗြိတိန်၏ နိုင်ငံရပ်ခြား ထောက်ပံ့ရေး ဘတ်ဂျက်မှ တစ်နှစ်လျှင် ပေါင်သန်း ၅၀၀ နှင့် ဂိတ်ဖောင်ဒေးရှင်းမှ တစ်နှစ်လျှင် ဒေါ်လာ သန်း ၂၀၀ ကို လာမည့် ငါးနှစ်အတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။၂၀၁၅ ခုနှစ်က ကမ္ဘာတွင် ငှက်ဖျားကြောင့် သေဆုံးသူ ၄၃၈၀၀၀ ရှိခဲ့ပြီး အများစုသည် ငါးနှစ်အောက် ကလေးများဖြစ်ကြောင်း အာဖရိကတိုက်တွင် အများဆုံး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ငှက်ဖျားရောဂါ ထိန်းချုပ်ရေးတွင် ထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း သို့သော်လည်း ဆေးယဉ်ပါးသော ငှက်ဖျားရောဂါ ပျံ့နှံ့မှုက ခြိမ်းခြောက်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ငှက်ဖျားဆေးသစ်များ မဖော်ထုတ်နိုင်ပါက အခြေအနေ ပိုမိုဆိုးရွားလာပြီး သေဆုံးသူ မြင့်တက်လာမည်ဟု အော်စဘွန်းနှင့် ဂိတ်တို့က ရေးသားခဲ့သည်။ ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရများနှင့် အများအကျိုးဆောင် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းတို့က ရေးသားခဲ့သည်။မိုက်ခရိုဆော့ဖ်ကို ပူးတွဲတည်ထောင်သူ ဘီဂိတ်သည် ဘီနှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ဇနီးဖြစ်သူနှင့်အတူ ကမ္ဘာတစ်ဝန်း၌ ရောဂါဘယများ တိုက်ဖျက်ရေးကို အာရုံစိုက် ဆောင်ရွက်နေသည်။ ကမ္ဘာ၏ အဆင့်မြင့်ဆုံးသော ငှက်ဖျားကာကွယ်ဆေး Mosquirix အတွက် ဂိတ်ဖောင်ဒေးရှင်းမှ ဒေါ်လာရှစ်ဘီလျံကျော် ထောက်ပံ့ထားသည်။ GlaxoSmithKline ဆေးကုမ္ပဏီက ထုတ်လုပ်သည့် Mosquirix သည် ဈေးကွက်တွင် ဖြန့်ချိရန် သဘောတူခွင့်ပြုချက် မရမီ ဓာတ်ခွဲခန်းစမ်းသပ်မှု အဆင့် (၃)ကို ပြီးစီးအောင်မြင်ခဲ့သော ပထမဆုံး ငှက်ဖျားကာကွယ်ဆေးဖြစ်သည်။ အာဖရိက၊ ဆာဟာရဒေသများ၌ ကလေးငယ်များကို ယင်းကာကွယ်ဆေး ထိုးပေးရန် စီမံကိန်းအား ပြီးခဲ့သည့် အောက်တိုဘာတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထောက်ခံခွင့်ပြုထားသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထောက်ခံချက်များ ရရှိပြီးပါက Mosquirix ကာကွယ်ဆေးသည် ငှက်ဖျားအတွက် ပထမဆုံး ကာကွယ်ဆေး ဖြစ်လာမည်ဖြစ်သည်။Ref: AFP

Most Read

Most Recent