ပါရီတိုက်ခိုက်သူများ ပါဝင်သည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်

ပါရီတိုက်ခိုက်သူများ ပါဝင်သည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်
Published 25 January 2016
Ref: AFP

လူပေါင်း ၁၃၀ ကို သေစေခဲ့သော နိုဝင်ဘာလက ပါရီတိုက်ခိုက်မှုထဲမှ ဂျီဟတ်ကိုးဦးဟု ယူဆရသူများ ပါဝင်သည့် ဗီဒီယိုတစ်ခုကို IS အဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုဗီဒီယိုထဲတွင် ဗြိတိန်အပါအဝင် အမေရိကန် ညွန့်ပေါင်းအုပ်စုထဲ၌ ပါဝင်သည့် နိုင်ငံများအားလုံးကို ခြိမ်းခြောက်ခဲ့သည်။
ဂျီဟတ်ဝက်ဆိုက်များတွင် တင်ခဲ့သည့်  "သူတို့ကို တွေ့တဲ့နေရာမှာ သတ်" ဟု အမည်ပေးထားသော ထိုဗီဒီယိုထဲ၌ ပါရီ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသော ဘယ်လ်ဂျီယံ လေးဦး၊ ပြင်သစ် သုံးဦး၊ အီရတ်နှစ်ဦးတို့ ပါဝင်ခဲ့သည်။ ထိုကိုးဦးသည် ပါရီတိုက်ခိုက်မှုကို မလုပ်ဆောင်မီ ဓားစာခံများဟု ယူဆရသူများကို ခေါင်းဖြတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း အစရှိသော ရက်ရက်စက်စက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပုံများကိုလည်း ယင်းဗီဒီယိုထဲတွင် ပြသခဲ့သည်။
ပြင်သစ်နှင့် အာရပ် နှစ်ဘာသာပြော ထိုဗီဒီယိုထဲ၌ ဆီးရီးယားနှင့် အီရတ်တို့တွင် ရှိသော IS တို့အား ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်တိုက်ခိုက်ခဲ့သည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအုပ်စုထဲတွင် ပါဝင်သည့် နိုင်ငံများအားလုံးကို ရည်ညွှန်း ပြောကြားသွားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်၏ ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြခဲ့ကာ အင်္ဂလိပ်ဘာသာဖြင့် "မယုံကြည်သူအားလုံးဟာ ကျုပ်တို့ဓားရဲ့ပစ်မှတ် ဖြစ်လာလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ထိုဗီဒီယိုသည် ပြင်သစ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို တားဆီးနိုင်မည် မဟုတ်ဟု ဆိုခဲ့သည်။ "ပြင်သစ်ရဲ့ အကြမ်းဖက်မှု စစ်ဆင်ရေးကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်သလို ဘယ်လို ခြိမ်းခြောက်မှုမှလည်း လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး"ဟု အိန္ဒိယသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်နေသည့် အော်လွန်ဒ်က နယူးဒေလီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုဗီဒီယိုကို IS အဖွဲ့၏ အယ်ဟာရက် မီဒီယာစင်တာက ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပါရီတိုက်ခိုက်သူများကို 'ခြင်္သေ့' များဟု ဖော်ညွှန်းခဲ့ပြီး ပြင်သစ်ကို ဒူးထောက်သွားအောင် လုပ်ခဲ့သူများဟု ဆိုခဲ့သည်။ ပါရီတိုက်ခိုက်မှု ဖြစ်ပွားစဉ်က ရုပ်ပုံများနှင့် တိုက်ခိုက်မှုအတွင်း ပြင်သစ် အထူးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကိုလည်း ဗီဒီယိုထဲ၌ ဖော်ပြခဲ့သည်။ ပါရီတိုက်ခိုက်မှု ဖြစ်ပွားပြီး နှစ်လကြာသည့်အချိန်မှ ယင်းဗီဒီယို ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပါရီတိုက်ခိုက်သူများအနက် ခုနစ်ဦးသည် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးသည် ရဲများ၏ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သည်။ သို့သော် ပါရီတိုက်ခိုက်မှု၌ တိုက်ရိုက် ပါဝင်ခဲ့သည့် တိုက်ခိုက်သူဦးရေကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Most Read

Most Recent