အာရှဒေသ တစ်ဝန်းတွင် ဆီးနှင်း၊ မိုးနှင်းကျမှုနှင့် လေအေးတိုက်ခတ်မှုနှင့်အတူ အပူချိန် စံချိန်တင် ကျဆင်း

အာရှဒေသ တစ်ဝန်းတွင် ဆီးနှင်း၊ မိုးနှင်းကျမှုနှင့် လေအေးတိုက်ခတ်မှုနှင့်အတူ အပူချိန် စံချိန်တင် ကျဆင်း
Published 25 January 2016

ပုံမှန်အားဖြင့် ပူနွေးသော ရာသီဥတုနှင့် အသားကျနေသည့် အာရှဒေသ တစ်ဝန်းတွင် ပြီးခဲ့သော သီတင်းပတ်ကုန်ရက်၌ ဆီးနှင်း၊ မိုးနှင်းများ ကျဆင်းမှုနှင့် ရေခဲတမျှ အေးမြသော လေတိုက်ခတ်မှုများကြောင့် စံချိန်တင် အပူချိန် ကျဆင်းမှု ကြုံတွေ့ခဲ့ရပြီး လူသေဆုံးခြင်း၊ လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းရခြင်းနှင့် ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ရာသီဥတုနှင့် ဆက်နွှယ်၍ သေဆုံးမှုများသည် ဂျပန်နှင့် ထိုင်ဝမ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အာရှဒေသ တစ်ဝန်း၌ လေယာဉ် ခရီးစဉ် ရာနှင့်ချီကို ဖျက်သိမ်းခဲ့ရသဖြင့် တောင်ကိုရီးယားတွင် အားလပ်ရက် ခရီးထွက်သူ သောင်းနှင့်ချီ သောင်တင်နေခဲ့ကြောင်း သိရသည်။အပူချိန် ၂၀-၂၅ ဒီဂရီဆဲစီးယပ် (၆၈-၇၇ ဖာရင်ဟိုက်) အောက်သို့ ကျဆင်းမှု ကြုံခေါင့်ကြုံခဲဖြစ်သည့် ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၂၄ ရက်နှောင်းပိုင်းက အပူချိန်သည် ၁၆ ဒီဂရီ ဝန်းကျင်သို့ စံချိန်တင် ကျဆင်းခဲ့ကြောင်း သိရသည်။ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၂၄ ရက်က အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ စံချိန်တင် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုနှင့် အပူချိန် ကျဆင်းမှု၊ အပူပိုင်း ဒေသများတွင် ကြုံခေါင့်ကြုံခဲ ဆီးနှင်းကျဆင်းမှုတို့ကြောင့် လူငါးဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများနှင့် ဂျပန် မီဒီယာများက ဖော်ပြခဲ့သည်။ အပူပိုင်းဇုန်နှင့် နီးကပ်သော အမာမီကျွန်းတွင် ၁၉၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆီးနှင်းကျဆင်းခဲ့ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။တရုတ်တွင်လည်း ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အကြား နိုင်ငံတစ်ဝန်းရှိ မိုးလေဝသဌာန ၂၄ ခုက စံချိန်တင် အပူချိန် အနိမ့်ဆုံး ကျဆင်းခဲ့မှုကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ အင်းနားမွန်ဂိုလီးယားရှိ Eergu'Na တွင် အပူချိန်သည် ဇန်နဝါရီ ၂၃ ရက်က အနုတ် ၄၆ ဒသမ ၈ ဒီဂရီဆဲစီးယပ်အထိ စံချိန်တင် ကျဆင်းခဲ့ကြောင်း သိရသည်။ တရုတ် တောင်ပိုင်းမြို့ ကွမ်ကျိုးတွင် မြို့လယ်ဧရိယာ၌ အနှစ် ၆၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ကြုံခေါင့်ကြုံခဲ မိုးနှင်းများ ကျဆင်းခဲ့ကြောင်း ပြည်နယ်မိုးလေဝသဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဟောင်ကောင်တွင် အပူချိန်သည် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီးနောက် မူလတန်းကျောင်းများနှင့် မူကြိုကျောင်းများကို ဇန်နဝါရီ ၂၅ ရက်တွင် ပိတ်ခဲ့ရကြောင်း သိရသည်။ ဟောင်ကောင်ရှိ အမြင့်ဆုံးတောင်ထွတ် တိုင်မိုရှန်းတွင် အေးမြလွန်းသော လေများ တိုက်ခတ်မှုများကြောင့် ကီလိုမီတာ ၁၀၀ မာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်သူများသည် ရေခဲနေသော ကုန်းလျှောများတွင် ချော်လဲခဲ့ပြီးနောက် ယင်းပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။တောင်ကိုရီးယားနိုင်ငံ အပန်းဖြေကျွန်းစု ဂျီဂျူတွင် ဆယ်စုနှစ် သုံးခုအတွင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှုကြောင့် လေဆိပ်ကို သုံးရက်ဆက်တိုက် ပိတ်ခဲ့ရပြီးနောက် ဇန်နဝါရီ ၂၅ ရက်တွင် ပြန်ဖွင့်နိုင်ခဲ့ပြီး လူ ၉၀,၀၀၀ အထိ သောင်တင်ခဲ့သည်ဟု သိရသည်။ တိုင်ပေမြို့တွင် ပြီးခဲ့သော သီတင်းပတ်ကုန်ရက်က နှစ်ပေါင်း ၄၄ နှစ်အတွင်း စံချိန်တင် အပူချိန် ကျဆင်းမှုအဖြစ် လေးဒီဂရီဆဲစီးယပ်စ်သို့ ကျဆင်းခဲ့ပြီး လူပေါင်း ၉၀ သေဆုံးခဲ့ကြောင်း ထိုင်ဝမ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ပြီးခဲ့သော သီတင်းပတ်ကုန်ရက် ညက ဆယ်စုနှစ် နှစ်ခုခန့်အတွင်း စံချိန်တင် အပူချိန် ခြောက်ဒီဂရီဆဲစီးယပ်သို့ ကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့သည်။Ref: AFP

Most Read

Most Recent