အမေရိကန်ပြည်ထောင်စု အလာစကာတွင် ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်

အမေရိကန်ပြည်ထောင်စု အလာစကာတွင် ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်
Published 24 January 2016
Ref: AFP

အမေရိကန်ပြည်ထောင်စု တောင်ပိုင်း အလာစကာတွင် ပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ငလျင်ပညာရှင်များက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်ဘူမိဗေဒ သုတေသနဌာနက ထုတ်ပြန်ရာတွင် GMT စံတော်ချိန် ၁၀:၃၀ နာရီက အိုးအီလီယမ်နာ အရှေ့ဘက် ၅၁ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်း ဆိုသည်။ အမေရိကန် ဘူမိဗေဒသုတေသနဌာနက အစောပိုင်းထုတ်ပြန်ရာတွင် ငလျင်ပြင်းအားပမာဏ ၇ ဒသမ ၁ ရှိကြောင်း ဆိုခဲ့သည်။ ယခုအချိန်ထိ အပျက်အစီး အသေအပျောက် ဒဏ်ရာရမှု နည်းပါးကြောင်း အမေရိကန်ဘူမိဗေဒ သုတေသနဌာနကပြောပြီး  အနီးအနားရှိ မြို့ကြီးများသို့ ငလျင်ထိခိုက်မှု နည်းပါးနိုင်ကြောင်း ဆိုသည်။
ငလျင်ဗဟိုချက်နှင့် အနီးစပ်ဆုံး၊ အကြီးမားဆုံးမြို့မှာ ၁၆၂ မိုင်အကွာမှ အန်ချိုရေ့ဖြစ်ကြောင်း သိရသည်။ အန်ချိုရေ့မြို့မှ လူတိုင်းမှာ ငလျင်ကြောင့် နိုးထလာကြကြောင်း၊ မိမိ၏ တစ်သက်တာတွင် အပြင်းထန်ဆုံးနှင့် အကြာရှည်ဆုံး ငလျင်ဖြစ်ကြောင်း၊ မိသားစုမှာ ထိတ်လန့်နေကြကြောင်းဖြင့် မြို့ခံတစ်ဦးက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ အခြား တွစ်တာသုံးစွဲသူ တစ်ဦးကမူ မှန်ကွဲနေသည့်ပုံနှင့် အခြားအိမ်သုံးပစ္စည်းများ ပြန့်ကြဲနေပုံကို ဖော်ပြခဲ့သည်။ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံဓာတ်အားကုမ္ပဏီက ဆိုသည်။ 

Most Read

Most Recent