ကြီးမားသည့် နှင်းမုန်တိုင်းကြီးကြောင့် အမေရိကန်နိုင်ငံအရှေ့ပိုင်းတွင် လှုပ်ရှားမှုများရပ်တန့်ပြီး လူ ၁၆ ဦး သေဆုံး

ကြီးမားသည့် နှင်းမုန်တိုင်းကြီးကြောင့် အမေရိကန်နိုင်ငံအရှေ့ပိုင်းတွင် လှုပ်ရှားမှုများရပ်တန့်ပြီး လူ ၁၆ ဦး သေဆုံး
Published 24 January 2016
Ref:AFP

အမေရိကန်နိုင်ငံအရှေ့ပိုင်းတွင် စံချိန်တင်လုနီးပါးကြီးမားသော နှင်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့ရာ ဇန်နဝါရီ ၂၃ ရက်က နယူးယောက်၊ ဝါရှင်တန်တို့၌ မြို့တွင်းလှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။ ထိုနှင်းမုန်တိုင်းကြီးကြောင့် သေဆုံးသူ ၁၆ ဦး အထိရှိနေပြီဖြစ်ပြီး လူပေါင်း ၈၅ သန်းအပေါ် သက်ရောက်မှုရှိခဲ့သည်ဟု သိရသည်။နယူးယောက်၊ ဖီလာဒဲဖီးယား၊ ဝါရှင်တန်၊ ဘော်လ်တီးမိုးမြို့များရှိ လေဆိပ်များတွင် လေကြောင်းခရီးစဉ် ၄၄၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရသည်။ မြို့တော်ဝါရှင်တန်၌ သယ်ယူပို့ဆောင်ရေးစနစ်များအားလုံး ရပ်တန့်ခဲ့ပြီး နယူးယောက်မြို့တွင် ခရီးသွားလာခြင်းကို တားမြစ်ချက်ပင် ထုတ်ခဲ့ရသည်။ သေဆုံးသူ ၁၆ ဦးရှိပြီး လူပေါင်းနှစ်သိန်းကျော် လျှပ်စစ်မီးပြတ်တောက်ခြင်းကို ခံစားနေရသည်။‘Snowzilla’ ဟု အမည်ပေးထားသော ထိုနှင်းမုန်တိုင်းကြီးကြောင့် ဝါရှင်တန်တွင် ဆီးနှင်းများသည် ၂၂ ဒသမ ၂ လက်မအထိ ကျဆင်းခဲ့ပြီး နယူးယောက် စင်ထရယ်ပန်းခြံတွင် ၂၅ ဒသမ ၁ လက်မအထိ နှင်းများကျဆင်းခဲ့သဖြင့် ၁၈၆၉ ခုနှစ်နောက်ပိုင်း တတိယမြောက်အများဆုံး ဆီးနှင်းကျဆင်းမှု ဖြစ်နေကြောင်း မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။ မုန်တိုင်းသည် ညတွင်းချင်း အားပျော့သွားနိုင်ပြီး အာဏာပိုင်များသည် ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီတွင် လူပေါင်း ၈ ဒသမ ၄ သန်းနေထိုင်သည့် နယူးယောက်မြို့၌ ခရီးသွားလာမှု ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးမည်ဖြစ်သည်။“အပြင်မှာ အခြေအနေတွေဟာ အရမ်းဆိုးရွားနေပါတယ်။ မြင်နိုင်တဲ့အကွာအဝေးဟာလည်း အလွန်နည်းပါးနေပါတယ်”ဟု ဝါရှင်တန်မြို့တော်ဝန်မူရီယယ်ဘောဆာက ပြောကြားခဲ့သည်။နယူးယောက်မြို့တွင် ဘတ်စကားပြေးဆွဲမှုနှင့် မြေအောက်ရထားပြေးဆွဲမှုများကို ရပ်နားထားသလို ပြတိုက်များ၊ ဈေးဆိုင်များကို ပိတ်ထားပြီး အားကစားပွဲများကိုလည်း ပယ်ဖျက်ခဲ့ရကြောင်း သိရသည်။ “ဘယ်လောက် ကြီးတဲ့ နှင်းမုန်တိုင်းပဲဖြစ်ဖြစ် ဘယ်သူမဆို ပို့ဆောင်ဆက်သွယ်ရေးတွေ ပြတ်တောက်တာကိုတော့ ကြိုက်မှာမဟုတ်ပါဘူး”ဟု နယူးယောက်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ဝါရှင်တန်တွင်လည်း ယခုသီတင်းပတ် ကုန်ရက်နှစ်ရက်စလုံး၌ မြေအောက်ရထားနှင့် ဘတ်စကားကွန်ရက်များ ရပ်နားထားခဲ့ရပြီး ဖီလာဒဲဖီးယားနှင့် နယူးဂျာစီတို့မှ နေရာအများအပြားတွင် ပို့ဆောင်ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရသည်။ယခုနှင်းမုန်တိုင်းကြီးသည် ဒေါ်လာတစ်ဘီလျံကျော်ခန့် ပျက်ဆီးဆုံးရှုံးစေလိမ့်မည်ဟု အစိုးရအရာရှိများက ခန့်မှန်းထားခဲ့ကြသည်။ ၁၉၂၂ ခုနှစ်က စံချိန်တင် နှင်းမုန်တိုင်းကြီးတိုက်ခတ်စဉ်က ဝါရှင်တန်မြို့တွင် ဆီးနှင်းများသည် သုံးရက်အတွင်း ၂၈ လက်မ အထိကျဆင်းခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည်။ 

Most Read

Most Recent