ဝေးလံခက်ခဲသည့် ဒေသအချို့ကို အကြောင်းပြု၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားရန် လုပ်ဆောင်လာမှုအပေါ် ဆရာဝန်များ ကြေညာချက်ထုတ်ပြန် ကန့်ကွက်

ဝေးလံခက်ခဲသည့် ဒေသအချို့ကို အကြောင်းပြု၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားရန် လုပ်ဆောင်လာမှုအပေါ် ဆရာဝန်များ ကြေညာချက်ထုတ်ပြန် ကန့်ကွက်
Published 21 January 2016
အိသဉ္ဇာကျော်

ဝေးလံခက်ခဲသည့်ဒေသအချို့ကို အကြောင်းပြု၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားရန် လုပ်ဆောင်လာမှုအပေါ် ဇန်နဝါရီ ၂၁ ရက်က ဖဲကြိုးနက် ဆရာဝန်များက ကြေညာချက် ထုတ်ပြန်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် ဖဲကြိုးနက်လှုပ်ရှားမှုသည် အာဏာရအစိုးရ၏ တရားမဲ့မူဝါဒနှင့် လွဲမှားသော လူသားအရင်းအမြစ် စီမံခန့်ခွဲမှုတို့ကို ဆန့်ကျင်ကန့်ကွက်သော ဆရာဝန်များနှင့် ကျန်းမာရေး မိသားစု၏ သမိုင်းဝင် လှုပ်ရှားမှုကြီးဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းမှ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြသော ဖဲကြိုးနက်များ၏ သဘောထားကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ (ပြည်ထောင်စုဝန်ကြီး)ကိုယ်တိုင် ကာကွယ်ရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ ဆရာဝန်များ ပြောင်းရွှေ့ခန့်ထားခြင်းကို ဆက်လက်လုပ်ဆောင်ရန် မရှိကြောင်း မီဒီယာတစ်ခုမှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ယခုအခါ ဝေးလံခက်ခဲ ဒေသအချို့ကို အကြောင်းပြု၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားရန် စီမံချက်များ ထားရှိလာကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာကြောင်း ယင်းကြေညာချက်တွင် ရေးသားထားချက်အရ သိရသည်။
ထို့ပြင်အရပ်သား ဆရာဝန်များ တာဝန်ထမ်းဆောင်လိုခြင်း မရှိသော ဒေသများသို့ စစ်ဘက်ဆိုင်ရာ ဆရာဝန်များအား ခန့်ထားရသည့် သဘောထားမျိုး ဖြစ်ပေါ်လာပါက ထိုသို့ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် စီမံခန့်ခွဲခဲ့သူတို့၏ တာဝန်သာဖြစ်ကြောင်း၊ အကြောင်းမှာ ဝေးလံခက်ခဲ ဒေသဝန်ထမ်း တစ်ယောက်အတွက် အာမခံချက်ရှိသော ခန့်ထားမှုမျိုးကို ပွင့်လင်းမြင်သာစွာ ကြေညာ ခေါ်ယူခဲ့ပါက ထမ်းဆောင်ရန် အသင့်ဖြစ်နေသော အရပ်သားဆရာဝန်များစွာ ရှိနေသောကြောင့်ဖြစ်ကြောင်း၊ ဖဲကြိုးနက် လှုပ်ရှားသူ ဆရာဝန်များအနေဖြင့် မူလရပ်တည်ချက်ဖြစ်သော တရားမဲ့မူဝါဒနှင့် လွဲမှားသော စီမံခန့်ခွဲမှုများအား ဆက်လက် ဆန့်ကျင် လှုပ်ရှားသွားကြမည်ဖြစ်ကြောင်းနှင့် သို့ပါ၍ တာဝန်ရှိသူများအနေဖြင့် အများကန့်ကွက်ပြီးဖြစ်သော မူဝါဒနှင့်လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ခြင်း မပြုကြပါရန် အသိပေးကြေညာအပ်ပါကြောင်း ယင်းကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
“အပေါ်ယံကြည့်ရင် မဖွံ့ဖြိုးသေးတဲ့ ဒေသကို သွားရောက် တာဝန်ထမ်းဆောင်တာ ဖြစ်သင့်တယ်ဆိုတဲ့ အမြင်ကို မြင်ရလိမ့်မယ်။ သို့သော် တကယ်တမ်း လက်တွေ့မှာ ဒီလောက်မရိုးရှင်းဘူး။ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးဟာ ကကကြည်းမှာရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူ့ဆေးရုံမှာ လာရောက် တာဝန်ထမ်းဆောင်ခွင့် မရှိဘူး။ အထူးသဖြင့် အရပ်ဘက်နဲ့စစ်ဘက် သူတို့ဘာသာ တမင်ခွဲထားပြီးမှ ရရာနေရာက တိုးဝင်နေတာလို့ပဲ မြင်ပါတယ်”ဟု  ဖဲကြိုးနက် လှုပ်ရှားမှုအဖွဲ့တွင် ပါဝင်သည့် ဆရာဝန်တစ်ဦးက သုံးသပ်ပြောကြားသည်။
ယင်းရုံးစာတွင် သွားရောက် တာဝန်ထမ်းဆောင်သူများအတွက် တာဝန်ထမ်းဆောင်သည့် အချိန်ကာလ သတ်မှတ်ထားခြင်း မရှိသည်နှင့်ပတ်သက်၍ “နောက်တစ်ခုက သူတို့ကို တာဝန်ထမ်းဆောင်စေတဲ့ အချိန်မပါပါဘူး။ ပြောချင်တာက အဲဒီကို အသွားပြပြီးရင် လေးငါးလနဲ့ ရာထူးတွေတိုးပေးပြီး ဗဟိုကို ပြန်ခေါ် မြို့ကြီးပြကြီးကို ပြန်မခေါ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ထုတ်ပြန်စာတစ်ရပ် ပျံ့နှံ့ခဲ့ကြောင်း၊ ယင်းရုံးစာမှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် ရက်စွဲ၊ စာအမှတ် ၁/၁/၉၀၇/ဆေး ၁ ပါ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ နာဂ ဒေသရှိ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လိုသည့် မိမိသဘောဆန္ဒအလျောက် ကိုယ်တိုင်အဆိုပြု အမည်စာရင်း တင်ပြသော တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈/၉/ ၁၀) သင်တန်းဆင်းပါရဂူ (ခန့်အပ်/သတ်မှတ်/အောင်)/ ဆေးမှူးများ၏ အမည်စာရင်းကို ပြုစုပြီး၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အရောက် ပြန်လည်တင်ပြရန် အကြောင်းကြားထားကြောင်းနှင့် သက်ဆိုင်ရာပါရဂူ (ခန့်အပ်/သတ်မှတ်/အောင်)/ဆေးမှူးများ၏ မိမိသဘောဆန္ဒအလျောက် တက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြု မှတ်တမ်းတင်သွားမည် ဖြစ်ကြောင်းလည်း ယင်းရုံးစာတွင် ဖော်ပြထားချက်အရ သိရသည်။                
 

Most Read

Most Recent