ငွေဆောင်ကမ်းခြေတွင် လင်းပိုင်ငယ်လေး တစ်ကောင် ကမ်းတင်မှုဖြစ်ပွား

ငွေဆောင်ကမ်းခြေတွင် လင်းပိုင်ငယ်လေး တစ်ကောင် ကမ်းတင်မှုဖြစ်ပွား
Published 18 January 2016

ငွေဆောင်ကမ်းခြေ BOB ဟိုတယ်ရှေ့တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် လင်းပိုင်ငယ်လေးတစ်ကောင် ကမ်းတင်မှုတစ်ခုဖြစ်ခဲ့ပြီး ကမ်းခြေတာဝန်ရှိသူများနှင့် ခရီးသွားအပန်းဖြေသူများမှ ပင်လယ်အတွင်းသို့ ပြန်လည်တွန်းချ ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။အရှည်ငါးပေခန့်ရှိ လင်းပိုင်ငယ်လေးမှာ ငွေဆောင်ကမ်းခြေသို့ ပင်လယ်ရေရိုက်ခတ်မှုကြောင့် လာရောက်ကမ်းတင်ခဲ့ရပြီး ကမ်းခြေတာဝန်ရှိသူများ ဟိုတယ်လုံခြုံရေးဝန်ထမ်းများနှင့် လာရောက်အပန်းဖြေသူ ခရီးသွားများမှ တစ်နာရီနီးပါး ဝိုင်းဝန်း၍ မချီကာ ပင်လယ်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း၊ ရေအနက်ပိုင်းသို့ ရောက်ရှိချိန်တွင် လင်းပိုင်ငယ်လေးမှာ ပင်လယ်အတွင်းသို့ ပြန်လည်ကူးခတ်သွားကြောင်း မျက်မြင်တွေ့ရှိသူများပြောကြားချက်အရ သိရှိရသည်။“နေ့လည် တစ်နာရီ တစ်နာရီကျော်ကျော်လောက်မှာ ကမ်းခြေစောင့်ကြည့်ရေးအဖွဲ့က လင်းပိုင်လေး တွေ့တယ်ပေါ့ဗျာ၊ လင်းပိုင်လေးက ကမ်းပေါ်ကို တင်နေတော့ ကျွန်တော်တို့ဆီက အဖွဲ့တွေရော ဝန်ထမ်းတွေရော ဧည့်သည်တွေရော ကမ်းခြေကအောက်ကို တွန်းချပြီးတော့ ပြန်ပို့တာ နာရီဝက်ကျော်ကျော်လောက်ကို တွန်းရတယ်၊ ပင်လယ်က လှိုင်းလဲကြီးနေတော့ မနည်းတွန်းရတယ်၊ ဝိုင်းတွန်းတော့မှာ သူက ကမ်းခြေကနေခွာပြီးတော့ အပြင်ကို ထွက်သွားတယ်ခင်ဗျ၊ သူ့အရွယ် ငါးပေကျော်ကျော် ခြောက်ပေနီးနီးပဲ အလေးချိန်က ခြောက်ဆယ်နီးနီး ရှိမယ်၊ ကူပြီးတော့ ဝင်တွန်းပေးတဲ့ ဧည့်သည်တစ်ယောက်ရဲ့ အိုင်ဖုန်းလား ဆမ်ဆောင်းလား မသိဘူး ရေဝင်လို့တောင် ပျက်စီးသွားသေးတယ်၊ ကျွန်တော်က ကမ်းခြေကိုရောက်တာ ခုနှစ်နှစ်ရှိပြီ ဒီလိုမျိုး တစ်ခါမှမကြုံဖူးဘူး မြင်ရပြီး ကူညီပေးရတာ ဝမ်းသာတာပေါ့ဗျာ” လင်းပိုင်ငယ်လေးအား ကိုယ်တိုင်ဝင်ရောက် ကူညီပေးခဲ့သည့် BOB ဟိုတယ်မှ လုံခြုံရေးအရာရှိဖြစ်သူ ဦးအုန်းသွင်က ပြောသည်။

Most Read

Most Recent