ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ KARA ဖေဖော်ဝါရီလတွင် ဖျက်သိမ်းတော့မည်

ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ KARA ဖေဖော်ဝါရီလတွင် ဖျက်သိမ်းတော့မည်
Published 14 January 2016

ကိုရီးယားအမျိုးသမီး အဆိုတော်အဖွဲ့   KARA ကို ဖေဖော်ဝါရီတွင် ဖျက်သိမ်းတော့မည်ဟု ကေပေါ့ပ်လောကမှ သတင်းရင်းမြစ်များ၏ ပြောစကားကို  ယွန်ဟပ် သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။
KARA အဖွဲ့ဝင်များဖြစ်သည့် ပက်ဂူရီ၊ ဟန်ဆောင်ယွန်နှင့် ဂိုဟာရာတို့သည်  ဖေဖော်ဝါရီတွင် ၎င်းတို့၏ အေဂျင်စီ DSP Mediaနှင့် စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မည် မဟုတ်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
၎င်းတို့သုံးဦးသည် ၂၀၁၅ ခုနှစ်ကုန်မှ စတင်ပြီး အေဂျင်စီ အသစ်များ ရှာဖွေနေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ဂိုဟာရာသည် တောင်ကိုရီးယားထက် ဂျပန်နှင့် တရုတ်နိုင်ငံတွင် အနုပညာ လုပ်ငန်းလုပ်ဆောင်မှု ပိုများသဖြင့် Keyeast Entertainment ၊ S.M. Culture & Contents  နှင့် JYP Entertainment များသို့ ပြောင်းရွှေ့နိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။ ဟန်နှင့်ပက်တို့သည် သရုပ်ဆောင်လုပ်ရန် ပိုမိုအထောက်အပံ့ ပေးနိုင်မည့် အေဂျင်စီများကို ရှာဖွေနေသည်ဟု သတင်းများထွက်ရှိခဲ့သည်။
ပက်ဂူရီ၊ ဟန်ဆောင်ယွန်နှင့် ဂိုဟာရာတို့ နှုတ်ထွက်သွားပါက KARA အဖွဲ့တွင် ဟောင်ယောင်ဂျီ တစ်ဦးသာ ကျန်ရစ်တော့မည်ဖြစ်သည်။ DSO အေဂျင်စီသည် အဖွဲ့ဝင် အသစ်များ ဖိတ်ခေါ်ပြီး KARA အမည်ဖြင့် ဂီတလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်၊ မလုပ်ကိုင်မည်ကို တိတိကျကျ မသိရသေးပေ။ KARA အေဂျင်စီကမူ စာချုပ်သက်တမ်း တိုးရန်အတွက် ယခုအချိန်ထိ ဆုံးဖြတ်ချက် မချရသေးဟုသာ ထုတ်ပြန်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ဂီတလောကသို့ ဝင်ရောက်ခဲ့သည့် KARA အဖွဲ့သည် ကေပေါ့ပ်ဂီတကို ဦးဆောင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သည်။ ယင်းအဖွဲ့သည် ဂျပန်နိုင်ငံတွင် Girl’s Generation ထက် ပိုမိုအောင်မြင်ခဲ့ပြီး ရောင်းအားအကောင်းဆုံး အမျိုးသမီး ကေပေါ့ပ်အဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။ ၎င်းတို့အဖွဲ့သည် Tokyo Dome တွင် ပထမဆုံး ဖျော်ဖြေခွင့်ရသည့်  ကေပေါ့ပ်အဖွဲ့လည်း ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် အဖွဲ့ဝင် ကင်ဆောင်ဟီး နုတ်ထွက်ခဲ့ပြီးနောက် နီကိုးနှင့် ဂျီယောင်းတို့ဖြင့် အဖွဲ့ကို အားဖြည့်ခဲ့သည်။ နီကိုးနှင့် ဂျီယောင်းသည် ၂၀၁၄ ခုနှစ်တွင် DPS အေဂျင်စီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။ ၎င်းတို့နှစ်ဦး နှုတ်ထွက်ခဲ့ပြီးနောက် KARAအဖွဲ့ ဖျက်သိမ်းတော့မည်ဆိုသော သတင်းများ ထွက်ရှိခဲ့သော်လည်း ကျန်ရှိသည့် အဖွဲ့ဝင် လေးဦးဖြင့် ၂၀၁၅ ခုနှစ်တွင် အယ်လ်ဘမ်သစ် ဖြန့်ချိခဲ့သည်။
KARA အဖွဲ့သည် ဂီတသက်တမ်း ကိုးနှစ်အတွင်း ကိုရီးယား အယ်လ်ဘမ်လေးခုနှင့် ဂျပန်အယ်လ်ဘမ် ငါးခု ဖြန့်ချိခဲ့သည်။ ယင်းဖွဲ့သည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၂ ခုနှစ်နှင့်၂၀၁၃ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံး ကိုရီးယား အနုပညာရှင်စာရင်းတွင် နံပါတ်လေး နှင့် ၁၄ နေရာတို့၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent