ဇန်နဝါရီ ၁၀ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။သမ္မတ၏ သဝဏ်လွှာတွင် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သော (၆၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ပထမဆုံး ကျင်းပသော ကချင်ပြည်နယ် ကောင်စီအစည်းအဝေးမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့မှု အားဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါ ရီ ၁၀ ရက်ကို ‘ကချင်ပြည်နယ်နေ့’ အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၆၈) နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြား သည်။ထို့ပြင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ နိုင်ငံရေး မတည်ငြိမ်မှုများ၏ ရိုက်ခတ်မှုကြောင့် လက်နက်ကိုင် ပဋိပက္ခများကို မိမိတု့ိ ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်း၊ ယနေ့အချိန်အခါကာလသည် ထိုကဲ့သို့ မလိုလားအပ်သော အတွေ့အကြုံများကို သင်ခန်းစာ ရယူပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် လက်တွဲဖော်ဆောင်ရမည့် အချိန်အခါလည်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ယင်းအပြင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းကို ကာလရှည်ကြာစွာ ဖြတ်သန်းလာခဲ့ရပြီး တိုင်းရင်းသားညီအစ်ကို အချင်းချင်း သဘောထား မညီမျှမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရ သည့်အတွက် ပြည်နယ်၏ ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရကြောင်း၊ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင်ခြည်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ရရှိနေပြီဖြစ်ရာ ယင်းအခြေခံ ကောင်းများနှင့်အတူ ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများက နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ရေးသားထားသည်။ဆက်လက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့် အလျောက်ရရှိပြီး တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူများအားလုံးက လက်တွဲကြိုးပမ်း ဖော်ဆောင် သွားကြရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ထို့ကြောင့် ရရှိထားပြီးသည့် တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများနှင့်အတူ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။















