ရန်ကုန်မြို့တွင် အိမ်ရာဖော်ထုတ်ရန် အစိုးရပိုင်မြေ နည်းပါးနေသော်လည်း မြို့နယ်အချို့၌ အဆင့်ဆင့်ဝယ်ယူထားရာမှ ပုဂ္ဂလိကလက်သို့ ရောက်ရှိနေကာ အသုံးမချရသေးသည့် မြေကွက်အများအပြား ရှိနေဟုဆို

ရန်ကုန်မြို့တွင် အိမ်ရာဖော်ထုတ်ရန် အစိုးရပိုင်မြေ နည်းပါးနေသော်လည်း မြို့နယ်အချို့၌ အဆင့်ဆင့်ဝယ်ယူထားရာမှ ပုဂ္ဂလိကလက်သို့ ရောက်ရှိနေကာ အသုံးမချရသေးသည့် မြေကွက်အများအပြား ရှိနေဟုဆို
Published 10 January 2016
နီလာ

ရန်ကုန်မြို့၏ အိမ်ရာလိုအပ်ချက်အတွက် အိမ်ရာများ ဖော်ထုတ်ရန် အစိုးရပိုင်မြေ နည်းပါးနေသော်လည်း မြို့နယ်အချို့တွင်မူ အကြောင်းအမျိုးမျိုးကြောင့် အဆင့်ဆင့် ဝယ်ယူထားရာမှာ ပုဂ္ဂလိကလက်သို့ ရောက်ရှိနေကာ အသုံးမချရသေးသည့် မြေကွက်များ အများအပြားရှိနေကြောင်း  ဇန်နဝါရီ  ၈ ရက်က  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီညီလာခံ၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားမှ သိရသည်။ရန်ကုန်မြို့တွင် မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် အဆိုပါပုဂ္ဂလိကပိုင်မြေများပေါ်တွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းကာ အိမ်ရာများဖော်ဆောင်ပေးသင့်ကြောင်းနှင့် ယင်းအတွက်လည်း လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို အစိုးရဘက်မှ လုပ်ဆောင်ပေးသင့်ကြောင်း အိမ်ခြံမြေရေးရာ ကျွမ်းကျင်သူများက ဆိုသည်။“ရန်ကုန်မြို့မှာ အစိုးရပိုင်မြေနဲ့ ပုဂ္ဂလိကပိုင်မြေဆိုရင် ပုဂ္ဂလိကပိုင်မြေတွေက ပိုများတာပေါ့။ ဒါပေမဲ့ ဒါကပုဂ္ဂလိကရဲ့ Right ပဲလေ။ ဒါကိုသွားပြီးတော့ ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုတာမျိုး၊ ပုဂ္ဂလိကကို Right ပေးထားပြီးရင် အဲဒီလို လိုက်လုပ်ဖို့တော့ ခက်တယ်။  သို့သော်လည်း ဒီဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကဟာ ဒီမြေကို အရင်းထည့်၊ အစိုးရဟာ ဒီစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ပေးမယ်။ ပုဂ္ဂလိက ကဏ္ဍကလည်း Invest လုပ်ရမယ်။ ဒီနယ်မြေတစ်ခုကို သတ်မှတ်လိုက်မယ်။ ဥပမာအားဖြင့် လူတွေတော့ ၄၀x၆၀အကွက်တွေ ချထားတယ်။ ဘာမှလည်း ဖြစ်မလာဘူးဆိုတဲ့ နှစ်ပေါင်းကြာနေတဲ့ဟာမျိုးကိုတော့ ဖြစ်မြောက်အောင် အစိုးရက Guide လုပ်ပေးလို့ရတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောကြားသည်။ရန်ကုန်မြို့၌ မြို့သစ်မြို့နယ်အချို့တွင် လူနေထူထပ်လာသော်လည်း တောင်ဒဂုံ၊ ဒဂုံအရှေ့ စသည့်မြို့နယ်များတွင် လူနေကျဲပါးနေကာ မြေကွက်လွတ်များစွာ ရှိနေကြောင်း သိရသည်။“ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာတို့ လှိုင်သာယာတို့ စသဖြင့်ပေါ့။ လှိုင်သာယာဆိုတာတောင် လူတော်တော်နေနေပြီ။ ဒဂုံတောင်တို့ ဒဂုံအရှေ့တို့ဆို လူသိပ်မနေသေးဘူး။ ကျဲတယ်။ အကွက်တွေကတော့ Individual  ပိုင်နေတယ်။ အဆင့်ဆင့် ဝယ်ထားတာပဲ ဖြစ်ဖြစ်ပေါ့။သို့သော် အဲဒါတွေကို နယ်မြေသတ်မှတ်လိုက်ရမယ်ပေါ့”ဟု ၎င်းက ဆိုသည်။အိမ်ရာများ ဖော်ဆောင်ရာတွင်လည်း   ရေ၊ မီး စသည့် အခြေခံအဆောက်အအုံလို အပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်မှုများရှိနေသေးကြောင်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက်အတွက်လည်း အစိုးရဘက်မှ ဖြည့်ဆည်းပေးရန် လိုအပ်ကာရေရှည်အတွက် မဟာဗျူဟာစီမံကိန်းများ ချမှတ်ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။“အိမ်ရာတွေဖော်ဖို့အတွက် Individual တစ်ကွက်စီမှာဆိုရင် အဲဒီတစ်ကွက်စီမှာ တစ်အိမ်စီ ဆောက်တယ်ဆိုလည်း Infrastructure က မလိုက်နိုင်ဘူးလေ။ မီးမရှိဘူး။ ရေမရောက်သေးဘူး။ ၂၀၁၈ ကျမှ ရေရောက်မယ်။ အဲဒီတော့ ရေမရှိသေးလို့ လူမနေနိုင်သေးဘူး။ မီးမရှိသေးလို့ လူမနေနိုင်သေးဘူး ဆိုတာတွေကလည်း အများကြီးပဲလေ။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က ဒီတစ်နေရာကို ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် သေချာလုပ်။ ခုနကပြောတဲ့အခြေခံအဆောက်အအုံတွေလည်း သေချာလိုက်။ Master Plan နဲ့ သွားရမယ်။ ဒါတွေကို အစိုးရ တစ်ခုတည်းချည်း ထလုပ်လို့မရဘူး။ အစိုးရနဲ့ ပုဂ္ဂလိကပေါင်း လုပ်ရမယ်။ အစိုးရဟာ သူ့လည်းလိုက်ပြီး Invest မလုပ်နိုင်ဘူး။ သူက Sector တွေအများကြီးပဲ။ Housing တစ်ခုတည်း ဦးစားပေးမဟုတ်ဘူး။ မီးရဖို့လုပ်ရမယ်။ စက်မှုဇုန်လုပ်ရမယ်စသဖြင့် အစိုးရမှာ လုပ်စရာတွေ ကအများကြီးပဲ။ နယ်မြေဒေသတွေကလည်း အများကြီးပဲ။ ဒါကြောင့်Housing Sector ရဲ့ Investment ကိုတော့ ခေါ်ရတာပဲ။ ဒါပေမဲ့ နည်းမှန်လမ်းမှန်အတိုင်းဖြစ်ဖို့တော့ Plan အတိုင်း လုပ်ရမယ်”ဟု ရန်ကုန် မြို့၏ အိမ်ခြံမြေရေးရာကဏ္ဍ စောင့်ကြည့်လေ့လာနေသူတစ်ဦးက ဆိုသည်။    

Most Read

Most Recent