ချစ်စိတ်နှင့် ချစ်ခွင့်

ချစ်စိတ်နှင့် ချစ်ခွင့်
Published 9 January 2016
သန်းထိုက် (သာကေတ)

လူ့လောကမှာ အကြီးမားဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံးသော ခံစားမှုကွန်ရက်ကို ပြောပါဆိုလျှင် ချစ်ခြင်းကွန်ရက်ကိုသာ ညွှန်းဆိုချင်ပါသည်။ လူရယ်လို့ဖြစ်လာလျှင် ချစ်စိတ်က တစ်ပါတည်း ကပ်လျက်ပါလာစမြဲပါ။ သားကိုချစ်တဲ့ စိတ်၊ အမေကိုချစ်တဲ့ စိတ်၊ အဖေချစ်စိတ်၊ မောင်နှမချစ်စိတ်၊ ခွေးကြောင်ကလေးတွေ ချစ်တဲ့စိတ်ဆိုတာက ပေါ်ပေါက်လာမြဲ ဖြစ်သည်။ အရွယ်လေးရလာပြန်တော့လည်း သူငယ်ချင်းချစ်စိတ်၊ ဆရာချစ်စိတ်တို့ ပေါ်လာပြန်သည်။ အချိန်တန်တော့ လူငယ်သဘာ၀ သမီးရည်းစား ချစ်စိတ်က အလိုအလျောက် ပေါ်ထွက်လာပြန်သည်။ မိသားစု၊ ဆရာတပည့်၊ လူငယ်လူရွယ်၊ လူကြီးဆိုတာ လူသားတိုင်းမဖြစ်မနေ ဖြတ်သန်းကြရတာမို့ အချိန်ကာလနဲ့ လိုက်လျောညီစွာ ဖြစ်ထွန်းပေါ်ပေါက်လာသော ချစ်စိတ်တို့သည် လူတိုင်းမှာရှိကြပါသည်။ချစ်စိတ်၏ စွမ်းပကားက အလွန်ကြီးပါသည်။ မမျှော်လင့်နိုင်သော အရာတစ်ခုကို အံ့သြစရာကောင်းလောက်အောင် ပြီးမြောက်စွမ်းဆောင်နိုင်စွမ်း ရှိသည်။ ချစ်စိတ်ကြောင့် ဘဝတစ်ခု၊ နိုင်ငံတစ်ခုကို ပြောင်းလဲပစ်နိုင်သည်။ အမှန်ကို အမှားဖြစ်အောင် ကြက်ခြေခတ်နိုင်သည်။ အမည်းကို အဖြူဖြစ်အောင် မြင်လာနိုင်သည်။ အမုန်းနှင့် အာဃာတတရားတွေကို မေ့ဖျောက်ပစ်နိုင်သည်။ ရန်သူကို မိတ်ဆွေလို့ ခံယူလာနိုင်သည်။ မိတ်ဆွေကို ရန်သူလို သဘောထားနိုင်လာသည်။ အရိပ်ကို အကောင်ထင်နိုင်သည်။ လူဆိုးကို လူကောင်းထင်လာတတ်သည်။ ချစ်စိတ်၏ ပြောင်းလဲနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းသော အဆုံးသတ်ကို မျှော်မှန်းဖော်ပြဖို့ ခက်ပါသည်။ ထို့ကြောင့် ချစ်စိတ်သည် အရာရာတိုင်းကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိသည်ဟုပဲ တင်စားချင်ပါသည်။လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ချစ်ခြင်းနှင့် ချစ်စိတ်တို့ ရှိကြသည်။ ချစ်စိတ်၏ စေ့ဆော်မှုကြောင့် ချစ်ခြင်းကို သရုပ်ဖော်ဖန်တီးကြသည်။ လူသတ္တဝါတိုင်းသည် ချစ်စိတ်မွေးဖွားနိုင်ခွင့်နှင့် ချစ်ပိုင်ခွင့်အတွက် ကြိုးစားခွင့် ရှိပါသည်။ လောကလူသားမှန်လျှင် ချစ်ခြင်း သဘောတရားနှင့် မကင်းနိုင်သလို ချစ်ခြင်းသဘောတရားများဖြစ်သည့် သမုဒယ၊ သံယောဇဉ်၊ တွယ်တာမြတ်နိုး၊ ရယူပိုင်ဆိုင်လိုခြင်းတို့ကြောင့်လည်း  တက်ကြွလန်းဆန်း ခွန်အားပြည့်ဝနေကြခြင်း ဖြစ်ပါသည်။ ချစ်ခြင်း၊ ချစ်လိုခြင်း၊ ချစ်ခွင့်ရလိုခြင်း၊ သရုပ်ဖော် ဖန်တီးလိုခြင်းတို့ကြောင့်လည်း ပူပင်သောကဗျာပါဒများခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်း၊ မတူကွဲပြား ရန်လိုများခြင်း၊ မငြိမ်းချမ်းခြင်းတို့ ဆက်နွယ် ပေါ်ထွက်လာကြပြန်ပါသည်။ယနေ့ ကမ္ဘာကြီးတွင် နေ့စဉ်နှင့်အမျှ တစ်နေရာ မဟုတ်တစ်နေရာမှာ ပဋိပက္ခနှင့် ခိုက်ရန်ဒေါသများ၊ စစ်ပွဲများဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုအကြောင်းတရားများသည် လူတို့၏ မတူညီသော အတ္တနှင့်လိုအင်ဆန္ဒ (ချစ်ခြင်း) များ ထိပ်တိုက်တွေ့ဆုံခြင်းမှ အစပြုပါသည်။ လူတိုင်းသည် မိမိကိုယ်မိမိ တန်ဖိုးထားမြတ်နိုးသော ချစ်စိတ်အတ္တကြောင့် ရယူပိုင်ဆိုင်လိုခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ တွေးတောကြံစည်ခြင်းတို့ လုပ်ကြသည်မှာ သဘာဝကျပါသည်။ လူအများ ပြောဆိုသလို ချစ်တာမှာ အပြစ်မရှိပါ။ ချစ်ပိုင်ခွင့် ရှိပါသည်။ရှိလည်း ရှိရပါမည်။ ခွင့်လည်း ခွင့်ပြုရပါမည်။ တစ်ခုတော့ရှိသည်။ မိမိ၏ ချစ်ခြင်း၊ ချစ်ခွင့်နှင့် ကြိုးစားအားထုတ်မှုတို့သည် သူတစ်ပါးနှင့် အများ၏ ချစ်ခြင်းသဘောတရားကို ထိခိုက်နစ်နာစေခြင်း၊ ပဋိပက္ခများစေခြင်းတို့ မပေါ်ပေါက်ရန် လိုပါသည်။ မိမိအသက်ရှင်ဖို့ သူတစ်ပါးထံမှ ကျောက်ကပ်တစ်လုံး အလှူခံရယူ ကြိုးစားခြင်းသည် ကောင်းမွန်မှန်ကန်သော ချစ်ခြင်းသဘောတရားဖြစ်သည်။ ထိုသို့ မဟုတ်ပါဘဲ သူတစ်ပါး သဘောမတူ မကြည်ဖြူ အဓမ္မလုယူမည်၊ အနိုင်ကျင့်မည်ဆိုလျှင်တော့ မှန်ကန်သော ချစ်ခြင်းအတ္တ မဟုတ်တော့ပါ။ သူတစ်ပါး၏ လိုအင်ဆန္ဒ ချစ်ခြင်းအတ္တကို တန်ဖိုးမထား မလေးစားသော၊ ကိုယ်ချင်းမစာသော ကျောက်ကပ်နှစ်လုံး ရယူလိုသော ချစ်ခြင်းအတ္တမျိုးကိုတော့ ရှောင်ရှားဖို့ လိုလိမ့်မည်။မိမိ၏ ချစ်လိုခြင်းနှင့် ချစ်ခွင့်ရယူ ဖန်တီးခြင်းမှ ပေါ်ပေါက်လာသော ဇနီးခင်ပွန်း၊ သမီးသားနှင့် မိသားစုတို့အပေါ်တွင်လည်း လူတိုင်းသည် ချစ်ပိုင်ခွင့် ရှိပါသည်။ ချစ်ခွင့်ရရေး၊ ချစ်ခြင်းကို ပြသနိုင်ရေး၊ သရုပ်ဖော်နိုင်ရေးအတွက် လူတိုင်းမှာ ကြိုးစားအားထုတ်ခွင့် ရှိသည်။မိမိ၏ မိသားစုအပေါ် ချစ်ခြင်းကို သရုပ်ဖော်ဖန်တီးရာတွင် သူတစ်ပါး၊ လူအများ၊ နိုင်ငံနှင့်လူမျိုးတို့၏ ချစ်ခြင်းသဘောတရားများ မပျက်စီးမထိခိုက် မနစ်နာစေဖို့ သတိပြုဆင်ခြင်ရန် လိုပါသည်။ သူတစ်ပါး မကြည်ဖြူ၊ မစွန့်လွှတ်သော၊ တရားနည်းလမ်းမကျစွာ ရယူပိုင်ဆိုင်လိုသော လုပ်ရပ်များ၊ ကြံစည်တွေးတောခြင်းများ ကင်းရှင်းမှသာ မှန်ကန်မြင့်မြတ်သော လိုအင်ဆန္ဒအတ္တ၏ ချစ်ခြင်းဖြစ်လိမ့်မည်။မိသားစုချစ်စိတ်ကို သရုပ်ဖော် ဖန်တီးပြီးသည့်အခါ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်း၊ ကိုယ့်မြို့နယ်၊ ကိုယ့်ဇာတိကို ချစ်သော စိတ်တို့ မွေးဖွားလာပြန်ပါသည်။ ကိုယ့်ရပ်ကွက် ကိုယ့်လမ်းလေး သာယာဖွံ့ဖြိုးစေချင်သည်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းကောင်းအောင် လုပ်ချင်သည့်စိတ်ဆန္ဒနှင့် လုပ်ခွင့်ရအောင် ချစ်ခွင့်ရအောင် ကြိုးစား အားထုတ်ကြသည်။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ဘာသာ ယဉ်ကျေးမှုသာယာတိုးတက်အောင် သရုပ်ဖော်ဖန်တီးခွင့် မိမိမှာလည်း ရှိသည်ဟု ထင်မြင်ယုံကြည်လေ့ရှိကြသည်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းကို ချစ်စိတ်နှင့်ပြုပြင်ဖန်တီးခွင့်ဟူသော ချစ်ခွင့်သည် အာဏာပိုင်အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ပါတီများမှသာ လုပ်ပိုင်ခွင့်ရှိသည်ဟု အများက ထင်မြင်လေ့ရှိကြသည်။ သာမန်ပြည်သူတစ်ယောက်အနေနှင့် ချစ်ခွင့် မရှိ၊ ဖန်တီးခွင့်မရှိဟု ယူဆထားသူ ခံယူသူများနေသည်ဟု ထင်မိပါသည်။နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးနေသည့်ကာလ သူ့ကျွန်ဘဝရောက်နေစဉ်ကာလမှာ ပြည်သူတိုင်း လွတ်လပ်ရေး၏ အရသာကို ဆုံးရှုံးခဲ့ကြသည်။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်း မျိုးစုံခံစားကြရသည်။ ထို့ကြောင့် ပြည်သူတိုင်းသည် သူ့ကျွန်ဘဝမှ လွတ်မြောက်လိုသည်။ လွတ်လပ်ရေးကို လိုချင်သည်။ သုခချမ်းသာကို ခံစားလိုကြသည်။ မိမိ၏ လိုအင်ဆန္ဒအတ္တနှင့် နိုင်ငံနှင့်လူမျိုးကိုချစ်သော စိတ်ကြောင့် အဖွဲ့အစည်းနှင့် အသင်းတွင် မပါသော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားအားထုတ်ခဲ့ကြသည်။တစ်ကိုယ်တော် သရုပ်ဖော်ခဲ့ကြသည်။ နိုင်ငံ၊ လူမျိုးနှင့် လွတ်လပ်ရေးကို ချစ်ကြောင်းပြသခဲ့ကြသည်။ တစ်နည်းအားဖြင့် ပြည်သူတိုင်းတွင် နိုင်ငံနှင့်လူမျိုးကို ချစ်ခွင့်ရှိကြောင်း ပြဆိုခဲ့ခြင်းပင်ဖြစ်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် သခင်အဖွဲ့မှာပါဝင်မှသာ နိုင်ငံနှင့် လွတ်လပ်ရေးကို ချစ်ခွင့်ရှိသည်မဟုတ်ကြောင်း ထင်ရှားစွာ ပြဆိုခဲ့ပြီးဖြစ်သည်။လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် လူမျိုးချစ်စိတ်၊ ပါတီချစ်စိတ်၊ ဝါဒချစ်စိတ်၊ အာဏာချစ်စိတ်၊ ဒေသချစ်စိတ်၊ အဖွဲ့အစည်းချစ်စိတ်တို့ ပေါ်ပေါက်လာကြသည်။ လူမျိုးနှင့် ဒေသချစ်စိတ်၊ ဝါဒနှင့် အာဏာချစ်စိတ်တို့ကြောင့် မတူကွဲပြားပြီး စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရာမှ ပြည်တွင်းစစ်တွေ ဖြစ်ခဲ့သည်မှာ ယခုအထိ မငြိမ်းနိုင် မသိမ်းနိုင် ရှိနေဆဲဖြစ်သည်။ အဖွဲ့အစည်းနှင့် အာဏာချစ်စိတ်တို့ကြောင့် ပြည်သူတို့နှင့် သဘောထားကွဲလွဲပြီး ပဋိပက္ခတွေ ကြီးထွားလာခဲ့သည့်အတွက် နိုင်ငံမှာ မတည်မငြိမ်၊ မတိုးမတက်၊ ဆင်းရဲသည်ထက် ဆင်းရဲလာကြသည် မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြန်ပါသည်။ယနေ့ ပစ္စက္ခကာလတွင် မိမိနှင့်မိသားစု၊ ရပ်ကွက်နှင့်ဒေသ၊ ဘာသာနှင့်ယဉ်ကျေးမှု၊ ဒီမိုကရေစီနှင့် ပြည့်စုံကုံလုံမှု၊ လူမျိုးနှင့် နိုင်ငံချစ်စိတ်တို့သည် ပြည်သူများ၌ မွေးဖွားပေါ်ပေါက်နေကြသည်။ ပြည်သူတိုင်းသည် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးတွင် အနီရောင်ဝတ်၊ အနီရောင်ပတ်၊ အနီရောင်အလံ မကိုင်ခဲ့ လမ်းမပေါ် ထွက်မအော်ခဲ့သော်လည်း လက်မဆန့် လက်မမြှောက်ခဲ့သော်လည်း အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်လို စိတ်၊ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို ချစ်စိတ်ရှိကြောင်း သာဓကများစွာ ပြခဲ့ပြီးဖြစ်ပါသည်။ လူထုအရေးအခင်းများနှင့် ပြီးခဲ့သည့်ရွေးကောက်ပွဲများက သက်သေခံပြီး ဖြစ်ပါသည်။ရဲဘောသုံးကျိပ်ဝင် မဟုတ်ခဲ့သော်လည်း ဗမာ့လွတ်လပ်ရေး တပ်မတော်အဖွဲ့ဝင် မဟုတ်ခဲ့သော်လည်း ထောင်ကျတန်းကျ တောမခိုခဲ့သော်လည်း လူမျိုးနှင့်နိုင်ငံကိုချစ်သူ၊ ချစ်စိတ်ရှိသူ၊ ချစ်ခွင့်ရှိကြောင်း သရုပ်ဖော်ဖန်တီးခဲ့ကြသူများစွာ ရှိခဲ့သည်။ ရှိနေသည်မှာ မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။ ထင်ပေါ်ကျော်ကြား သူရဲကောင်းများ စာရင်းမဝင် စာမတင်ခဲ့သော်လည်း အညတရပြည်ချစ်သူများစွာရှိသည်ကိုတော့ သတိပြုမိဖို့လိုပါသည်။ယနေ့လူကြီးများ မဆိုထားနှင့် မူလတန်းအရွယ် ကလေးများတွင်ပင် အာဏာရှင်စနစ်ဆိုး၏ မကောင်းမှုမှ လွတ်မြောက်လိုသည့်ဆန္ဒရှိကြောင်း သရုပ်ဖော်သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ရွေးကောက်ပွဲမတိုင်ခင်ကာလများတွင် ကလေးတချို့ကစားသည်ကို တွေ့ဖူးသည်။ မူကြို သူငယ်တန်းမှ တတိယတန်း အကြီးဆုံးကျောင်းသူများ ဖြစ်သည်။ သူတို့သရုပ်ဖော်ကစားနေသည်မှာ ကျောင်းသားသပိတ် ဖြိုခွင်းခံရစဉ်က အဖြစ်အပျက်များအတိုင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်သူ၊ ခေါင်းဆောင်သူ၊ ဟန့်တားသူ၊ ဖြိုခွင်းတိုက်ခိုက်သူ၊ ဒဏ်ရာရသူ၊ ဝန်းရံကူညီသူပုံစံများဖြင့် သရုပ်ဖော် ကစားနေကြသည်။ ကမ္ဘာမကျေသီချင်းကိုလည်း သီဆိုကြသည်။ လက်သီးလက်မောင်းတန်းကြသည်မှာ မည်သူမှလည်း မခိုင်း၊ မည်သူမှလည်း မသင်၊ မည်သည့် လူကြီးတစ်ယောက်မှလည်း မရှိပါ။ သူတို့အတွေ့အမြင်အကြားများမှ အာဏာရှင်စနစ်ဆိုးနှင့် နိုင်ငံ၏ အခြေအနေမှ မွေးဖွားပေါ်ပေါက်လာသော ချစ်စိတ်၏ စေ့ဆော်မှုကြောင့်သာ ဖြစ်ပါသည်။ သူတို့သည် ကျောင်းသားသမဂ္ဂဝင် ကျောင်းသူများလည်း မဟုတ်သေးပါ။ဇာတ်စင်ပေါ်တွင် သီဆိုကပြဖျော်ဖြေနေရ၍ မိမိသာလျှင် အတော်ဆုံး၊ အတတ်ဆုံး၊ အနုပညာရှင်တစ်ယောက်ဟု အထင်မရောက်ဖို့ အရေးကြီးပါသည်။ ပွဲကြည့်ပရိသတ်ထဲတွင်လည်း လူမသိသူမသိသော ပညာရှင်များစွာ ရှိနေနိုင်သည်ကို သတိပြုမိဖို့လိုပါသည်။ လေးစားဖို့လိုပါသည်။ မိမိသီဆို ကပြနေသလို ပရိသတ်ထဲတွင်လည်း အနုပညာကို ချစ်သူ ကပြအသုံးတော်ခံသူများစွာ ရှိနိုင်ပါသည်။ နိုင်ငံနှင့်လူမျိုးကို ချစ်ကြရာ၌ ချစ်ခွင့်သရုပ်ဖော်ဖန်တီးကြရာ၌လည်း ထိုနည်းတူစွာ ရှိလိမ့်မည်မှာ မလွဲပါဟုဆိုလျှင်...။

Most Read

Most Recent