လွှတ်တော်တွင်း ဦးစားပေး ဆောင်ရွက်မည့် ကိစ္စရပ်များအတွက် လွှတ်တော်သစ် မစတင်မီ ကျားခေါင်းနှင့် ရခိုင်အမျိုးသားပါတီ အပါအဝင် တိုင်းရင်းသားပါတီများမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမည်

လွှတ်တော်တွင်း ဦးစားပေး ဆောင်ရွက်မည့် ကိစ္စရပ်များအတွက် လွှတ်တော်သစ် မစတင်မီ ကျားခေါင်းနှင့် ရခိုင်အမျိုးသားပါတီ အပါအဝင် တိုင်းရင်းသားပါတီများမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမည်
Published 8 January 2016
ဇာလီမြင့်ဦး

လွှတ်တော်တွင်း ဦးစားပေး ဆောင်ရွက်မည့် ကိစ္စရပ်များအတွက် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ မစတင်မီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) (ကျားခေါင်းပါတီ)၊ ရခိုင်အမျိုးသားပါတီ (ANP) တို့ အပါအဝင် တိုင်းရင်းသား ပါတီများမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော် အစည်းအဝေးများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ တိုင်းရင်းသား ပါတီများမှ အနိုင်ရ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုများကို အဆိုပါ လွှတ်တော်အစည်းအဝေးများ မစတင်မီ ဇန်နဝါရီ နောက်ဆုံးပတ်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ရခိုင်အမျိုးသားပါတီမှ အနိုင်ရ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က “ရခိုင်အမျိုးသားပါတီက အနိုင်ရ ကိုယ်စားလှယ်တွေ တွေ့တာလည်း ရှိမယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သီးသန့်တွေ့တာလည်း ရှိမယ်။ အလားတူပဲ UNA မဟုတ်တဲ့ တိုင်းရင်းသား ပါတီထဲက အနိုင်ရတဲ့ ကိုယ်စားလှယ်တွေလည်း ရှိတယ်။ အားလုံးတွေ့ပြီးတော့ ဆွေးနွေးတာမျိုးလည်း ရှိမယ်။ အခုလွှတ်တော်ကလည်း ကြိုပြီးခေါ်တယ်လေ။ ကြိုပြီးခေါ်ထားတဲ့အခါမှာ အချိန်ရမယ်။ လွှတ်တော်ထဲကို မရောက်ခင် နေပြည်တော်မှာ ရခိုင်အမျိုးသား ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမယ်။ ဆွေးနွေးပြီး ဒါတွေကို ဆုံးဖြတ်မယ်။ ဘယ်လို အရာတွေကို ဦးစားပေးအနေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာ။ နောက်တစ်ခုက အဲဒီ UNA လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ သီးသန့်အစည်းအဝေးတွေ လုပ်မယ်။ အဲဒီလိုလုပ်ပြီး ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့က ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်” ဟု ဇန်နဝါရီ ၇ ရက်က ပြောကြားသည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “နေပြည်တော်ကို အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ သွားတဲ့အချိန်မှာ ကျွန်တော်တို့ UNA အဖွဲ့က ဦးအေးသာအောင်လည်းပါတော့ အဲဒီရောက်မှ UNA အဖွဲ့က လူတွေကိုခေါ်ဖို့ စီစဉ်ထားတာမျိုး ဖြစ်မှာပေါ့။ ကျွန်တော်တို့ ပါတီကတော့ ပြည်ထောင်စု လွှတ်တော်က ၁၅ ယောက်ပဲ ရှိတယ်။ အဲဒီလိုဆိုရင်တော့ ၁၅ ယောက် အဲဒီမှာ တွေ့မှာပေါ့” ဟု ပြောကြားသည်။ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီ ၁၈ ခုက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းနှင့်ပြည်နယ် လွှတ်တော် အသီးသီးတို့တွင် ၁၃၈ နေရာတွင် အနိုင်ရရှိထားခြင်း ဖြစ်သည်။လက်ရှိတွင် တိုင်းရင်းသား ပါတီများမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များအတွက် လွှတ်တော် အတွေ့အကြုံများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် လွှတ်တော်နှင့် ပတ်သက်သည့် စာတမ်းများ ပြုစုမှတ်သားခြင်း၊ အတွေ့အကြုံရှိသည့် ၂၀၁၅ လွှတ်တော် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးများအတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးပို့ချနိုင်ရန်လည်း စီစဉ်ထားမှုများရှိကြောင်း သတင်းရရှိသည်။  “တွေ့တော့တွေ့ကြမယ်။ ဘာတွေ လုပ်ကြမယ် ဆိုတာမျိုးကို ဆွေးနွေးရဦးမှာပေါ့။ လွှတ်တော်မှာ ဒီပြည်ထောင်စု တစ်ခုလုံး အတိုင်းအတာနဲ့ ဆောင်ရွက်မယ့် ကိစ္စတွေကျတော့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ အားလုံးလည်း ပါဝင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မပါလို့လည်း မဖြစ်ပါဘူး။ NLD အနေနဲ့ကလည်း သူတို့အများဆုံး ရထားတယ်ဆိုပြီးတော့ တစ်ပါတီစနစ် ပုံစံမျိုးနဲ့တော့ သူတို့လုပ်မှာတော့ မဟုတ်ဘူး ထင်တယ်လေ” ဟု ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဂင်ကမ်းလျန်က ပြောကြားသည်။လွှတ်တော်နေရာ အများစုတွင် အနိုင်ရရှိသည့် တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်အမျိုးသားပါတီ (ANP) တို့ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် SNLD က ၁၅ နေရာ၊ ANP က ၂၂ နေရာနှင့် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လေးနေရာတွင် ရွေးချယ်ခံထားရသည်။ထို့ပြင် ပြည်ထောင်စု လွှတ်တော်တွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့မှ ကိုယ်စားလှယ် အချို့လည်း ရွေးချယ်ခံထားရကြောင်း သိရသည်။တိုင်းရင်းသား ပါတီများ အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီကပင် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရန် (သို့မဟုတ်) အသစ်ရေးဆွဲနိုင်ရန် လိုလားကြောင်း ပြောကြားထားမှုများ ရှိသည်။

Most Read

Most Recent