နိုင်ငံရေး အကျဉ်းသားဟောင်း ၃၀၀၀ ခန့်အား သုတေသန လုပ်ဆောင်ထားပြီး နိုင်/ကျဉ်းဟောင်းများ၏ ဘဝရပ်တည်မှုများကို ဖော်ပြမည့် အစီရင်ခံစာ ယခုနှစ် မေလမတိုင်မီ ထုတ်ပြန်မည်

နိုင်ငံရေး အကျဉ်းသားဟောင်း ၃၀၀၀ ခန့်အား သုတေသန လုပ်ဆောင်ထားပြီး နိုင်/ကျဉ်းဟောင်းများ၏ ဘဝရပ်တည်မှုများကို ဖော်ပြမည့် အစီရင်ခံစာ ယခုနှစ် မေလမတိုင်မီ ထုတ်ပြန်မည်
Published 8 January 2016
အောင်ဇော်ထွန်း

နိုင်ငံရေး အကျဉ်းသားဟောင်း ၃၀၀၀ ခန့်ကို သုတေသန လုပ်ဆောင်ထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘဝရပ်တည်မှု အခြေအနေများကို ဖော်ပြမည့် အစီရင်ခံစာကို ၂၀၁၆ ခုနှစ် မေလမတိုင်မီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးအောင်မျိုးကျော်က ပြောကြားသည်။AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ နိုင်ငံရေး အကျဉ်းသားများ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကနဦး တွေ့ရှိချက်များနှင့် ပတ်သက်၍ ကြားဖြတ်အစီရင်ခံစာကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဦးအောင်မျိုးကျော်က “နိုင်ငံရေး အကျဉ်းသားဟောင်း ၃၀၀၀ လောက်ကို ကျွန်တော်တို့  အချက်အလက် ကောက်ထားပြီးပါပြီ။ အဲဒီအပေါ်မှာ မူတည်ပြီး အစီရင်ခံစာ ထွက်မှာပါ။ ပထမက ကနဦး အစီရင်ခံစာလည်း ထွက်ပြီးပါပြီ။ အခုဟာက အပြီးသတ်ပေါ့။ အဓိက,ကတော့ ထောင်တွင်းဖြတ်သန်းမှုတွေ စစ်ကြောရေး ဖြတ်သန်းမှုတွေ ဒါတွေအပေါ် မူတည်ပြီး အစီရင်ခံစာတစ်စောင် ထွက်လာမှာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ဘဝရပ်တည်မှုတွေ သူတို့တွေကို ဘာတွေ ဖြည့်ဆည်းပေးလို့ရမလဲ ဆိုတာတွေ ပါလာမယ်။ ကျွန်တော်တို့ ဒီနှစ်မေလလောက်မှာ ထွက်ဖို့များပါတယ်။ သုတေသန လုပ်ထားတဲ့ စာတမ်းကလည်း ပြီးသွားပါပြီ” ဟု ပြောကြားသည်။နိုင်ငံရေး အကျဉ်းသားဟောင်းများအား ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း အဆင်ပြေ ချောမွေ့စွာ ပြန်လည်ဝင်ဆံ့နိုင်ရေး ကူညီစောင့်ရှောက်ရန် အစိုးရမှ တာဝန်ယူ လုပ်ဆောင်ပေးမှု မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ မရှိသလောက် ဖြစ်နေပြီး ယင်းသို့ အရေးစိုက် လုပ်ဆောင်ရန် ပျက်ကွက်မှု၏ အကျိုးသက်ရောက်မှုများသည် နိုင်/ကျဉ်းများနှင့် ၎င်းတို့မိသားစုဝင်များ၏ နိစ္စဓူ၀ ဘဝများကို များစွာထိခိုက် ဆုတ်ယုတ်နစ်နာစေသည်ဟု ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။“အစိုးရသစ် ပေါ်လာပြီဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားဆိုတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ပဲ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားတွေကပဲ သတ်မှတ်ထားတာလေ။ ခေတ်အဆက်ဆက် အစိုးရတွေက ကျွန်တော်တို့ကို နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ခြင်း မရှိခဲ့ဘူး။ နောင်အစိုးရသစ်ကတော့ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလူတွေဆိုတာ အစိုးရသစ်ကတော့ တရားဝင် အသိအမှတ် ပြုပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ပြန်လည်ထူထောင်ရေး ကိစ္စတွေကတော့ အများကြီးကျယ်ပြန့်ပါတယ်။ အဲဒါက အစိုးရကိုယ်တိုင် ပူးပေါင်းပါဝင် လုပ်ဆောင်တဲ့အခါ အစိုးရကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်တဲ့အခါကျမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေက အများကြီး လုပ်လို့ရမှာပါ” ဟု ဦးအောင်မျိုးကျော်က ဆိုသည်။နိုင်ငံရေး အကျဉ်းသား အများစုမှာ ထောင်မှလွတ်ပြီးနောက်တွင် ဥပဒေအရ တားမြစ်ခံရမှုများ သာမက ထောင်ထွက်ဖြစ်နေသည့်အတွက် လူမှုရေး အတားအဆီးများပါ ရင်ဆိုင်ရကာ အလုပ်အကိုင် အဆင်မပြေခြင်းများ ကြုံတွေ့နေရသည်ဟု ကြားဖြတ်အစီရင်ခံစာတွင် ပါရှိချက်အရ သိရသည်။မြန်မာနိုင်ငံရှိ ရာပေါင်းထောင်ပေါင်း များစွာသော နိုင်ငံရေး အကျဉ်းသားဟောင်းများသည် အစိုးရ အဆက်ဆက်မှ လုပ်ဆောင်ခဲ့သည့် ထောင်သွင်း အကျဉ်းချမှုများ၊ တရားလက်လွတ် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ၊ ငွေရေးကြေးရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတွင် နစ်နာထိခိုက်မှုများ ဆိုးရွားစွာ ဆက်လက်ခံစားနေရမည့် အခြေအနေတွင် ရှိနေကြောင်း ကြားဖြတ်အစီရင်ခံစာအရ သိရသည်။ထောင်တွင်းနှိပ်စက်မှုနှင့် ထိုသို့ကူးစက်ခဲ့သည့် ရောဂါများ၏ ဖိစီးနှိပ်စက်မှုတို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် ထောင်မှလွတ်မြောက်ပြီးသည့် အခါတွင်လည်း သွေးတိုး၊ နှလုံး၊ မျက်လုံးဆိုင်ရာ ရောဂါများနှင့် စိတ်ဖိစီးမှုတို့အပြင် အထူးသဖြင့် ရင်ဘက်နာခြင်း၊ ကျောနာခြင်းတို့ကဲ့သို့ တစ်ကိုယ်လုံး နေရာအနှံ့ နာကျင်ကိုက်ခဲခြင်းများ ခံစားကြရကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း အများအပြားမှာ နှိပ်စက်ခံရခြင်းနှင့် ထောင်တွင်းတွင် ကာလကြာရှည် သမံတလင်းပေါ်တွင် အခင်းမဲ့အိပ်ရသောကြောင့် အာရုံကြော အားနည်းခြင်း၊ သွက်ချာပါဒကဲ့သို့ တစ်ကိုယ်လုံး တုံ့ဆိုင်းခြင်း ဝေဒနာများ ခံစားရကြောင်းနှင့် မှတ်တမ်းဖြည့်သွင်းကြသော နိုင်ငံရေး အကျဉ်းသားဟောင်း အများစုမှာ ထောင်ထဲတွင် ခံစားခဲ့ရသည့် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများအား ကုသရန် လုံလောက်သည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု မရသေးသူများ ဖြစ်သည်ဟုလည်း  နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရသည်။   

Most Read

Most Recent