သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအမှု ဇန်နဝါရီ လကုန်ပိုင်းတွင် အယူခံတက်ရန် မြန်မာသံရုံး အထူးအဖွဲ့နှင့် ထိုင်းရှေ့နေများ ကောင်စီတို့ ပြင်ဆင်နေ

သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအမှု ဇန်နဝါရီ လကုန်ပိုင်းတွင် အယူခံတက်ရန် မြန်မာသံရုံး အထူးအဖွဲ့နှင့် ထိုင်းရှေ့နေများ ကောင်စီတို့ ပြင်ဆင်နေ
Published 8 January 2016
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ကော့စမွီခရိုင် အတွင်းရှိ လိပ်ကျွန်း၌ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် သေဒဏ် ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား နှစ်ဦးအမှုကို ယခုလကုန်တွင် အယူခံ တက်ရောက်ရန် မြန်မာသံရုံး အထူးအဖွဲ့နှင့် ထိုင်းရှေ့နေကောင်စီတို့ ပြင်ဆင်နေကြောင်း သတင်းရရှိသည်။မြန်မာနှစ်ဦး ချမှတ်ခံခဲ့ရသည့် သေဒဏ်ပြစ်ဒဏ်အား အယူခံ ဝင်ရောက်ရန် လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် မြန်မာသံရုံး အထူးအဖွဲ့နှင့် ထိုင်းရှေ့နေများကောင်စီတို့ တွေ့ဆုံကာ အယူခံ တက်ရောက်ရေး ကိစ္စအား အသေးစိတ် ဆွေးနွေးမည်ဖြစ်ကာ ပထမအဆင့် အယူခံ တက်ရောက်ရေးအား ယခုလကုန်ပိုင်းတွင် ဆောင်ရွက်ရန် ကြိုးစားနေကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်ထံမှ သိရသည်။၎င်းက “ကျွန်တော်တို့ မြန်မာသံရုံး အထူးအဖွဲ့နဲ့ ထိုင်းရှေ့နေကောင်စီ အဖွဲ့တို့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အားလုံး စီစဉ်နေပါတယ်။ အယူခံ တက်ရောက်ဖို့က အခုလကုန်ပိုင်းလောက်တောင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အချက်အလက်တွေကို ပိုခိုင်မာအောင် စုဆောင်းနေပါတယ်” ဟု ဇန်နဝါရီ ၇ ရက်က ပြောကြားသည်။လက်ရှိတွင် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ထိုင်းနိုင်ငံ နေခါန်စီဌာနရတ် အကျဉ်းထောင်တွင် ထားရှိပြီး ၎င်းတို့နှင့် မိဘများ၊ ရှေ့နေအဖွဲ့နှင့် မြန်မာသံရုံး အထူးအဖွဲ့ဝင်များသာ တွေ့ဆုံခွင့် ရရှိကြောင်း ဦးအောင်မျိုးသန့်က ဆက်လက်ပြောကြားသည်။