ပုဂံအမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစာရံဘုရားပေါ်တွင် တရုတ်နိုင်ငံသား အမျိုးသမီးခရီးသွားနှစ်ဦး ရွှေစာရံဘုရား တံတိုင်းထောင့်ပေါ်တက်၍ ဓာတ်ပုံရိုက်မှုကြောင့် နောင်တွင် ယင်းကဲ့သို့ပြုမူပုံများ ထိန်းသိမ်းတားမြစ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက် ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာအမှတ် စ-၄၉/ခရီး၊ ၂၀၁၆ (၀၀၂၇) ဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ တားမြစ်စာတွင် “မန္တလေးတိုင်းဒေသကြီး ပုဂံအမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဒေသ ပုဂံညောင်ဦးမြို့နယ်ရှိ ရွှေစာရံဘုရားတွင် နိုင်ငံခြားသား ခရီးသွားများဖြစ်သော တရုတ်နိုင်ငံမှ အမျိုးသမီးနှစ်ဦးသည် ရွှေစာရံဘုရား တံတိုင်းထောင့်ပေါ်တက်၍ ဓာတ်ပုံရိုက်နေပုံများကို လူမှုကွန်ရက်မှတစ်ဆင့် သိရှိရပါသည်” ဟု ဖော်ပြထားသည်။
ထိုသို့ “ပုဂံအမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုးများပေါ်တွင် ဤကဲ့သို့ ပြုမူဆောင်ရွက်နေပုံများအား ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဤဒေသကို အခြေခံ၍ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များမှ ဝိုင်းဝန်းထိန်းသိမ်း တားမြစ်သွားရန် လိုအပ်မည်ဖြစ်ပါသည်”ဟု ဖော်ပြထားကာ နောင်တွင် ထိုသို့မဖြစ်ပေါ်စေရန် “သို့ဖြစ်ပါ၍ အလားတူကဲ့သို့ မဖြစ်ပေါ်စေရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့၏ အသင်းဝင်များအား ဆက်လက် အကြောင်းကြားပေးပါရန် ညှိနှိုင်းအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဂံအမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစာရံဘုရား တံတိုင်းထောင့်ပေါ်တက်၍ တရုတ်နိုင်ငံသား အမျိုးသမီးနှစ်ဦး ဓာတ်ပုံရိုက်မှုကြောင့် နောင်တွင် ယင်းကဲ့သို့ပြုမူပုံများ ထိန်းသိမ်းတားမြစ်ရန် ဟိုတယ်/ခရီး ထုတ်ပြန်















