ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တွင် ဒုတိယစစ်ဦးစီးချုပ်ရာထူး နှစ်နေရာ ခန့်အပ်မှုသာရှိခဲ့ပြီး အဖွဲ့အတွင်း လုပ်ကြံမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု KIO/KIA အလုပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။
KIO/KIA အဖွဲ့အတွင်း လုပ်ကြံမှုများရှိခဲ့ပြီး အဖွဲ့၏ ဗဟိုကော်မတီတွင် အပြောင်းအလဲများ လုပ်ဆောင်ခဲ့သည်ဆိုသည့် သတင်းများ အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ရာ ဦးဒေါင်ခါးက “မဟုတ်ပါဘူး။ ဘာအပြောင်းအလဲမှလည်း မဖြစ်ဘူး။ ဘာလုပ်ကြံမှုမှလည်း မဖြစ်ဘူး” ဟု ပြောကြားခဲ့ပြီး လက်ရှိ KIO/KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အပြင် ဒုတိယစစ်ဦးစီးချုပ် ရာထူးနှစ်နေရာ ခန့်အပ်မှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ရာထူးခန့်အပ်မှုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးဒေါင်ခါးက “ဒါက တာဝန်ခွဲေ၀ ချထားမှုတွေ လုပ်တာပါ။ ဒုတိယစစ်ဦးစီးချုပ် သုံးယောက် ခန့်အပ်တာပါ။ ပထမအနေနဲ့ ကတော့ ဗိုလ်ချုပ်ဂွမ်မော်ပဲလေ။ ဒုတိယကတော့ ဗိုလ်ချုပ်ခေါန်လွန်း၊ နောက်တစ်ယောက်က ဗိုလ်ချုပ်အောင်ဆိုင်းလာ သူတို့ သုံးယောက်ပေါ့။ တပ်ရင်းက တက်လာတာ မဟုတ်ဘူး။ နဂိုကတည်းက စစ်ဆင်ရေးထဲမှာ တာဝန်ခွဲဝေယူပြီးတော့ လုပ်နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်” ဟု ပြောကြားသည်။
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO/KIA ဗဟိုကော်မတီကို အမြဲတမ်း ဗဟိုကော်မတီဝင် ကိုးဦး၊ ဗဟိုကော်မတီဝင် ၃၀ ခန့်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
KIO/KIA အဖွဲ့၏ လက်ရှိဥက္ကဋ္ဌမှာ ဦးဇောင်းဟရားဖြစ်ပြီး ဒုတိယဥက္ကဋ္ဌများမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်တို့ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
KIO/KIA အဖွဲ့သည် ယခင် စစ်အစိုးရလက်ထက်က ၁၇ နှစ်ကျော်ကြာ အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ဇွန်လတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ပြင်းထန်သည့် တိုက်ပွဲဖြစ်စဉ်များကြောင့် နှစ်ဖက်တပ်သား အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ကြပြီး ဒေသခံပြည်သူ တစ်သိန်းကျော်မှာ လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။
၂၀၁၁ ခုနှစ် သြဂုတ်လတွင် အစိုးရက လက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှု ပြုလုပ်ခဲ့ရာ အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တို့အကြား ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးများ လုပ်ဆောင်နိုင်ခဲ့သော်လည်း KIO/KIA နှင့်မူ တိုက်ပွဲလျှော့ချရေး သဘောတူညီမှုများသာ ရရှိခဲ့ပြီး အပစ်ရပ်စဲရေး လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းအထိ ပြု လုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအပြီး စတင်ဆောင်ရွက်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် ညှိနှိုင်းမှုဆွေးနွေးပွဲများတွင် KIO/KIA အနေဖြင့် ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ညှိနှိုင်းခဲ့သည်။
သို့ရာတွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ထိုးခွင့် ကိစ္စကို ပြေလည်မှုရရှိအောင် မညှိနှိုင်းနိုင်ခဲ့၍ ၂၀၁၅ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှုတွင် KIO/KIA အဖွဲ့ မပါဝင်ခဲ့ပေ။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၅ ခုနှစ် မတ်လ က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်နှင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ သီးခြားစီတွေ့ဆုံ၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ သော်လည်း နှစ်ဖက်အကြား တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဆက်လက်ပေါ်ပေါက်ခဲ့သည်။
KIO / KIA တွင် ဒုတိယစစ်ဦးစီးချုပ်ရာထူး နှစ်နေရာ ခန့်အပ်မှုသာရှိခဲ့ပြီး အဖွဲ့အတွင်း လုပ်ကြံမှုဖြစ်ပေါ်ခဲ့ခြင်း မရှိဟု KIO အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်း















