တောအလှူ

တောအလှူ
Published 6 January 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)တောင်ယာလုပ်ငန်းခွင် အလုပ်ပါးသည့် ဆောင်းတွင်းရောက်လျှင် မိမိတို့ အညာဒေသ၌ သားရှင်ပြု၊ သမီးနားသ အလှူကြီး အတန်းကြီးများ ပေးကြသည်။ “ဘယ်သူဘယ်ဝါတို့က ဒီနှစ် အလှူပေးမလို့တဲ့” ဆိုလျှင် အလှူရက် မသတ်မှတ်ခင် ကတည်းက ‘အလှူတိုင်ပင်’ ဆိုပြီး ပြောကြဆိုကြ ဆွေးနွေးကြတော့သည်။ နီးစပ်ရာရာ လူကြီးသူမတို့ သာမက အိမ်နီးနားချင်း ကလေးတစ်သိုက်ကလည်း ရောက်လာစမြဲ။ ထိုကာလမှစ၍ အလှူအိမ်၌ ညတိုင်းလိုလို အုန်းအုန်းကျွက်ကျွက်ဖြင့် စည်ကားစ ပြုတော့သည်။နေ့ကောင်းရက်သာရွေးပြီး အလှူရက် သတ်မှတ်ပြီးချိန်၌ ရပ်ရွာကို အသိပေးသည့် အနေဖြင့် ‘အလှူတိုင်ပင်’ ဆိုပြီး တစ်ခါ ထပ်လုပ်သည်။ ‘ဒီအလှူမှာ ဘယ်သူတွေ ဘယ်သူတွေက ဘာတာဝန် ယူရမည်’ ဆိုပြီး တာဝန်ခွဲဝေကြသည်။ များသောအားဖြင့် ဘုန်းကြီး ကြိုပို့၊ မဏ္ဍာပ် ကြိုပို့၊ ဆိုင်းနှင့် ဘိသိက်ဆရာ ကြိုပို့ စသော အကြိုအပို့ ကိစ္စများ၊ ရှင်လောင်းလှည့် ကိစ္စအတွက် မြင်းငှား၊ ရှင်လောင်းနားထွင်း အဝတ်အစားငှားသည့် ကိစ္စများ ပါသည်။ အချက်အပြုတ် တာဝန်၊ ရေစည်လှည်းတိုက်သည့် တာဝန်၊ ကျွေးရုံခေါင်း တာဝန် ခွဲဝေခြင်းများ ပါသည်။ အလှူ့ဒကာနှင့် ဆွေမျိုးနီးစပ် တော်စပ်သူတို့က အထွေထွေ ဗာဟီရ ကိစ္စနှင့် ဘဏ္ဍာစိုး တာဝန်တို့ကို ယူတတ်ကြသည်။ “ကျွန်တော် ကျွန်မတို့သည်၊ သံသရာ ဝဋ်ဆင်းရဲမှ၊ လွတ်ကင်းရာမှန်၊ မြတ်နိဗ္ဗာန်ကို၊ ရည်သန်သမှု၊ အာရုံပြုကုန်လျက်” စသည်ဖြင့် အလှူဖိတ်စာ ရေးသူက ရေးကြသည်။ ထိုည၌ ကွမ်း၊ ဆေး၊ လက်ဖက်ဖြင့် ရပ်ရွာလူကြီးတို့ကို ဧည့်ခံသည်။ 
(၂)
အလှူရေစက် ချသည့်နေ့ကို ‘အလှူနေ့’ ဟုခေါ်ပြီး ထိုမတိုင်ခင် တစ်ရက်ကို ‘အလှူ ဝင်နေ့’ ဟု ခေါ်ကြသည်။ အလှူဝင်နေ့ မတိုင်မီ တစ်ရက်အလို ‘အလှူ အကြိုနေ့’ ၌ အလှူ မဏ္ဍာပ် ဆောက်သည်။ ထိုနေ့ရောက်လျှင် မဏ္ဍာပ်ဆောက်သူက ဆောက်၊ ဘူးသီး ကြက်သွန် လှီးသူကလှီး၊  မောင်းထောင်းသူက ထောင်း၊ ဆန်ပြာသူက ပြာ၊ တံခွန်ကုက္ကား ချိုးသူက ချိုးဖြင့် မဏ္ဍာပ်ထဲ တအုန်းအုန်း တရုံးရုံး ဖြစ်စပြုပြီ။နေ့မွန်း မတိမ်းခင် အချိန်လောက်၌ အသံချဲ့စက် လှည်းကလည်း ရောက်လာပြီ။ ကော်ဇောလှည်းကလည်း ရောက်လာပြီ။ အသံချဲ့စက် ဆရာက ရေကင်းဓာတ်ပြား ဖွင့်လိုက်ချိန်၌ အလှူ့ဒကာ၊ အလှူ့အမတို့တော့ ဘယ်လိုနေကြမည်မသိ။ မိမိတို့ ကလေးတစ်သိုက်ကတော့ အူမြူးပြီး အပျော်ကြီး ပျော်ကြတော့သည်။မဏ္ဍပ်ထိပ်ဦးပိုင်း၌ အဘိဓမ္မာ ဆွေးနွေးကြသော လူကြီးအဖွဲ့ ဆိုတာလည်း ရှိသေးသည်။ သူတို့ အဖွဲ့က ရုပ်နာမ် အကြောင်းလေး ပြောလိုက်၊ လက်ဖက်သုပ်ကလေး စားလိုက်၊ ပရမတ် အကြောင်းလေး ဆွေးနွေးလိုက်၊ ရေနွေးကြမ်းလေး ငှဲ့သောက်လိုက် လုပ်ကြသည်။ ပြီးလျှင် ဆေးလိပ်ဖွာပြီး ကွမ်အစ်ထဲမှ ကွမ်းကို ယာစားကြသည်။ 
(၃)
အလှူ အကြိုနေ့လောက် ကတည်းက ကာလသား၊ ကာလသမီးတို့ အိမ်တိုင်းသို့ ဆေးလိပ်၊ လက်ဖက်ထုပ် စသည် လက်ဆောင်ကမ်း၍  အလှူရှင်လောင်း လှည့်လိုက်ပါကြဖို့ တစ်အိမ်တက်ဆင်း လိုက်ဖိတ်သည်။ ရှင်လောင်းလှည့်ချိန်၌ အပျိုကြီး အပျိုလေးတွေ ရွက်ကြ,ကိုင်ကြမည့် ကန်တော့ပွဲနှင့် ကွမ်းထောင်အုပ်ထိုးရန် မိမိတို့ အိမ်သို့ ငှက်ပျောရွက်တွေ လာပို့သည်။ မုန့်ဆီကြော် အဖြူအနီနှင့် ငါးကြော်တွေလည်း ပါလာသည်။ အမေက ကန်တော့ပွဲအုပ်နှင့် ကွမ်းထောင်အုပ်ကို လှလှလေး ထိုးနေချိန်၌ အမေကြီးနှင့် မိမိက ငါးကြော်နှင့် မုန့်ဆီကြော်ကို တ၀ စားကြသည်။ရှင်လောင်းလှည့်မည့်နေ့၌ လူပျို အပျိုတွေ အားလုံး လိမ်းကြခြယ်ကြ အလှပြင်ကြသည်။ ဝတ်ကောင်းစားလှနှင့် လက်ဝတ်ရတနာတို့ကို ထုတ်ဝတ်ကြသည်။ မိမိတို့ ငယ်စဉ်က ရွှေခြေကျင်းဝတ်ပြီး ရှင်လောင်းလှည့်လိုက်ကြသည့် တောသူဌေးသမီး အချို့ကိုလည်း မြင်ခဲ့ရဖူးသည်။ ရှင်လောင်း မလှည့်မီ ရွာပရိသတ်ကို ထမင်းကျွေးသည်။ ဝါးတိုင်များစိုက်၍ သင်ဖျာများ ကာထားသော ထမင်းစားရာ ဌာနကို ‘ကျွေးရုံ’ ဟုခေါ်သည်။ ရွာလူထု အတွက်က တစ်ရုံ၊ အဝေး ဧည့်သည်တွေ အတွက်က တစ်ရုံဆိုပြီး ကျွေးရုံက နှစ်ရုံ ရှိသည်။ တောအလှူတို့၌ ရွာပရိသတ်ကို ကျွေးမွေးသည့် အမာခံ ဟင်းလျာက ဘူးသီး ဝက်သားပြွမ်း၊ သရက်သီး ကုလားတည်နှင့် ငရုတ်သီးကြော်တို့ဖြစ်သည်။ ငါးခြောက်ချက်နှင့် ကြွေးသည့် အလှူမျိုးလည်း ရှိသည်။ရှင်လောင်းမလှည့်မီ တစ်နာရီလောက် ကတည်းက လူပျိုအပျိုတို့ကို အသံချဲ့စက်ဖြင့် ဖိတ်ခေါ်နေသည့် အသံက ရွာလုံးညံသည်။ ဆွမ်းခံလမ်းကြောင်းက ရွာအနံှ့ ဖြန့်ကြက်မိသည်။ ရှင်လောင်းလှည့်ရာ၌ ထိုလမ်းကြောင်းအတိုင်းပင် လှည့်သည်။ ရှေ့ဆုံးက သာသနာ့ အလံကိုင်၊ နောက်က နိဗ္ဗာန်ဆော်လှည်း၊ နောက်က လှူဖွယ်ပစ္စည်းနှင့် တံခွန်ကုက္ကား ကိုင်သည့် မိန်းမငယ်များ၊ နောက်က ရွှေသင်္ကန်းနှင့် ကွမ်းတောင်ပန်းတောင်ကိုင် အပျိုအဖွဲ့၊ နောက်က အလှူ့ဒကာ အလှူ့အမနှင့် ရှင်လောင်း,နားထွင်းတို့၏ မိဘများ၊ အလှူ့ဒကာနှင့် အခြံအရံ အလှူ့ဒကာများက သပိတ်လွယ် ယပ်ထမ်းကြပြီး၊ အလှူ့အမနှင့် အခြံအရံ အလှူ့အမများက သံသေတ္တာနှင့် သင်ဖျာလိပ်ကို ခေါင်းပေါ်ရွက်ပြီး လှည့်ကြသည်။ သူတို့နောက်၌ မောင်ရင်လောင်းတို့ စီးလာသော မြင်းများနှင့် နားထွင်း မိန်းကလေးများကို တင်ဆောင်လာသည့် နားရံလှည်းများ၊ နောက်ဆုံးက အိုးစည်ဒိုးပတ်အဖွဲ့။အဒေါ်တို့၊ ဘထွေးတို့ အလှူပေးစဉ်က မိမိလည်း မြင်းစီးခဲ့ရဖူးသည်။ ရှင်လောင်းဘေး၌ မြင်းထိန်းနှစ်ယောက်နှင့် ရွှေထီးမိုး တစ်ယောက်စီပါသည်။ ကာလသားကြီးတွေက ရှင်လောင်းဆိုတာ “စတိုင်ကျရတယ်ကွ” ဆိုပြီး မြှောက်ပေးသဖြင့် ဘုမသိဘမသိ စီးကရက် ခဲခဲ့ဖူးသည့် အဖြစ်ကို ပြန်တွေးမိတော့ ပြုံးရသေးသည်။ မိမိတို့ သုံးလေးတန်း ကျောင်းသားအရွယ်က အလှူရှင်လောင်းလှည့်တိုင်း သျှိုးလိုက်ရတု ဆိုခဲ့ရဖူးသည်။ ဘုန်းကြီးကျောင်း ရောက်တော့ ကျောင်းကို နှစ်ပတ်သုံးပတ် ပတ်ပြီးသကာလ အလှူ့ဒကာနှင့် ရှင်လောင်းများက ကျောင်းပေါ်တက်ပြီး ဘုန်းတော်ကြီးကို ကန်တော့ကြသည်။သို့ဖြင့် ရှင်လောင်းလှည့်ပြီး မဏ္ဍပ်ထဲ ပြန်ရောက်ချိန်၌ နေဝင်ဖျိုးဖျ အချိန်ရောက်ပြီ၊ မဏ္ဍပ်ထဲမှာ လျှပ်စစ်မီးတွေကလည်း ဝေပြီ။ ပြင်ဆင်လက်စ ဆိုင်းအဖွဲ့ကလည်း ကြေးနောင်သံ နှဲသံပေး၍ မဏ္ဍပ်ထဲ ပြန်ဝင်လာသော ရှင်လောင်းလှည့် အဖွဲ့ကို ဗြောခေါက်၍ ကြိုသည်။ ရင်ခုန်စရာ ကောင်းသည်နှင့်အမျှ အတော်လေးလည်း ပျော်စရာကောင်းသည့် ရှင်လောင်းလှည့် ညနေခင်း ဖြစ်ပါ၏။ 
(၄)
အလှူဝင်ည ရောက်သော်ကား၊ မဏ္ဍပ်အနီးအနား လမ်းမတစ်လျှောက်၌ အကြော်၊ ကောက်ညှင်းပေါင်း၊ မုန့်ပြားသလက်၊ မုန့်ပေါင်း၊ မုန့်တီ စသော စားသောက်ဖွယ်ရာများကို ပြင်ဆင်ရောင်းချသည့် ဈေးဆိုင်ကလေးများ ထွက်ကြသည်။ မဏ္ဍပ်က ‘ဆိုင်းဆော်သံ’ ကြားလျှင် အူထဲ အသည်းထဲက ယားပြီး မဏ္ဍပ်ကို ဒုန်းပြေးချင်စိတ်များ ပေါ်လာသည်။ အတန်အသင့် ပရိသတ်စုံချိန်လောက် ရောက်မှ ဆိုင်းဆရာက ဆိုင်းဝိုင်းထဲကို ဝင်သည်။ သူ့အရင် ဆိုင်းဝိုင်းထဲကို ဝင်ခဲ့သူက ပတ်စာကပ်သော လူငယ်တစ်ယောက် ဖြစ်သည်။ဝိုင်းထဲ ဆိုင်းဆရာ ဝင်ပြီးချိန်၌ ပတ်လုံးများကို တပုံပုံ,တပိန်ပိန် စမ်းနေလိုက်သေးသည်။ အတန်ကြာတော့ တီးလုံးတစ်ခုကို ဗြုန်းစားကြီး တီးချလိုက်သည်။ ထိုခဏ၌ပင် ဝါးလက်ခုပ်သံ တဖြောင်းဖြောင်းပေးပြီး တိုးနရားကြီး နောက်ကွယ်မှ တောင်ရှည်ပုဆိုးနှင့် ခေါင်းပေါင်းနှင့် လူနှစ်ယောက် ထွက်လာသည်။ သူတို့ကို ‘ဆိုင်းနောက်ထ’ ဟု မိမိတို့က သိထားကြသည်။ မိမိတို့ စိတ်ဝင်စားသည်က ဆိုင်းဝိုင်းထဲက ဆိုင်းဆရာ မဟုတ်၊ မျက်နှာထိ မျက်နှာထား ကိုယ်စီဖြင့် ရယ်စရာတွေ အလုအယက် ပြောတော့မည်ကို ကြိုသိနေသော ‘ဆိုင်းနောက်ထ’ ဆိုသည့် ထိုလူကြီး နှစ်ယောက်ဖြစ်သည်။ ဆိုင်းနောက်ထတွေများ ကောင်းပြီဆိုလျှင် အလှူပြီး၍ တစ်ပတ် ၁၀ ရက်ကြာသည်အထိ သူတို့ ပြက်လုံးများကို အပြန်အလှန် ပြန်ပြောကြ ရယ်မောကြရင်း တောပရိသတ်က သူတို့ကို တသသ ရှိနေတတ်ကြသည်။အလှူဝင်နေ့ နံနက်စောစော အချိန်၌ ပင့်သံဃာ ဆရာတော်များကို မဏ္ဍပ်ထဲပင့်ပြီး အရုဏ်ဆွမ်းကပ်သည်။ ထိုအချိန်၌ ဆိုင်းဖွဲ့က နှဲကြီးသံ၊ ကြေးနောင်သံ၊ ဗုံတောင်သံများဖြင့် ရေကင်းတော်ကို တီးမှုတ်ပေးသည်။ ထိုအသံကို ကြားရသည်က အင်မတန် ကြည်နူးဖွယ် ကောင်းလှသည်။ ထို့နောက် အဝေးဧည့်များနှင့် ရွာပရိသတ်တို့ကို ထမင်းကျွေးသည်။ သူတို့က ထမင်းသုံးဆောင်ပြီး မဏ္ဍပ်ထဲ ဝင်လာကြသည်။ မဏ္ဍပ်အဝင်၀ ဘယ်ညာ၌ ငွေဖလားကြီးများဖြင့် အကူငွေ လက်ခံသည့် အဖွဲ့ ရှိသည်။ အဝေးဧည့်များက အကူငွေထည့်၊ မဏ္ဍပ်ထဲဝင် လက်ဖက်သုပ်စား၊ မုန့်စား၊ ရေနွေးသောက်၊ ဧည့်ခံဆိုင်းနားထောင်၊ ဟိုအိမ် သည်အိမ် လည်ပတ်ပြီး ပြန်ကြသည်က များသည်။ ပင့်သံဃာများကို ဘုန်းကြီးကျောင်း၌ နေ့ဆွမ်းကပ်သည်။ ထိုအချိန်လောက်၌ ဘိသိက် ဆရာ၏ အလှည့်က ရောက်လာသည်။ ဘိသိက်သွင်းပြီးချိန်၌ မောင်ရင်လောင်းများကို ကျောင်းသို့ခေါ်ပြီး ခေါင်းရိတ်ဆံချပေးသည်။ 
(၅)ထို့နောက် ရွာကျောင်းဆရာတော်ကို ဦးစွာလာပင့်သည်။ မကြာခင် ‘သကလဝဋ္ဋ ဒုက္ခနိဿရဏ’ စသော ရှင်လောင်းများ၏ သင်္ကန်းတောင်း ရွတ်ဆိုသံကို အသံချဲ့စက်မှ တစ်ဆင့် ကြားရသည်။ ပင့်သံဃာ ဆရာတော် အားလုံး မဏ္ဍပ်ထဲ ရောက်ပြီးချိန်၌ အလှူ၏ အနှစ်သာရဖြစ်သော တရားနာ ရေစက်ချ ကိစ္စကို စတင်ဆောင်ရွက်သည်။ထိုအချိန် ရောက်သော်ကား အလှူ့ဒကာ,အလှူ့အမတို့လည်း မောပြီ။ စိတ်ပန်း လူပန်းဖြစ်ကြပြီ။ မဏ္ဍပ်ကားချပ်တွေ ခွာသူက ခွာပြီ။ ဆိုင်းဝိုင်းကြီးလည်း မရှိတော့။ အပျို လူပျိုတွေလည်း မရှိတော့၊ ဘုန်းကြီးတွေနှင့် လူလတ်ပိုင်း,လူကြီးပိုင်းတွေလောက်သာ မဏ္ဍပ်ထဲ ကျန်တော့သည်။ ထိုအချိန်၌ အင်သစ်အားသစ်ဖြင့် ပျော်တပြုံးပြုံး ဖြစ်နေကြသူတို့က ပြုသစ်စ ရှင်သာမဏေငယ်လေးများ ဖြစ်သည်။ အလှူ့ဒကာ အလှူ့အမတို့၏ အမျှဝေသံ အဆုံး၌ အလှူပွဲကြီး ထမြောက်အောင် မြင်သည်။နေစောင်းချိန်၌ သံသေတ္တာငယ်နှင့် သင်ဖျာများကိုရွက်၍ မိဘများနှင့် ဆွေမျိုးသားချင်း တစ်စုက ကိုရင်အသစ်လေးများကို ဘုန်းကြီးကျောင်းသို့ လိုက်ပါ ပို့ဆောင်ကြသည်။ နောက်နေ့နံနက် ရောက်သော် ကျောင်းရှိ သံဃာကုန်နှင့် ကိုရင်အသစ်လေးများကို အိမ်သို့ပင့်၍ မယ်ခံဆွမ်း (မည်ခံဆွမ်း) ကပ်ပြီး ကိုရင်သစ်လေးများကို နေ့နံအလိုက် ဘွဲ့အမည်ခံယူပွဲ ပြုလုပ်ချေသေး၏။ တောအလှူပွဲကြီးက ယခုမှ အမှန်တကယ် ပြီးစီးအောင်မြင်ခြင်း ဖြစ်ပါသည်။

Most Read

Most Recent