နှိပ်စက်ခံရသည့် ရှစ်နှစ်အရွယ် မိန်းကလေး၏အိမ်ရှင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အား ရဲတပ်ဖွဲ့ အနေဖြင့် မစစ်ဆေးရသေး

နှိပ်စက်ခံရသည့် ရှစ်နှစ်အရွယ် မိန်းကလေး၏အိမ်ရှင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အား ရဲတပ်ဖွဲ့ အနေဖြင့် မစစ်ဆေးရသေး
Published 5 January 2016
ဝေလင်းအောင်

နှိပ်စက်ခံခဲ့ရသည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေး၏ အိမ်ရှင်ဖြစ်သူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်အား ရဲတပ်ဖွဲ့ အနေဖြင့် အမှုနှင့်ပတ်သက်၍ မစစ်ဆေးရသေးကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ ဇန်နဝါရီ ၄ ရက်တွင် စုံစမ်းသိရှိရသည်။ပြီးခဲ့သည့်  ဒီဇင်ဘာ၂၁ ရက်က ဗဟန်း မြို့နယ်ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးမှ အသက်ရှစ်နှစ်အရွယ် မိန်းကလေး ရရှိသော ဒဏ်ရာများ ပါရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးစာအပါအဝင် အမှုနှင့် ပတ်သက်သူများအား ရဲတပ်ဖွဲ့မှ စစ်ဆေးမှု မှတ်တမ်းများအား ကျင့် ၂၀၂ အရ ဗဟန်းမြို့နယ် တရားသူကြီးထံသို့ တင်ပြခဲ့ပြီး တရားသူကြီးက စစ်ဆေးရန် ကျန်ရှိသူအား ဆက်လက်စစ်ဆေးရန် ညွှန်ကြားခဲ့သည်။ထိုသို့ ရဲတပ်ဖွဲ့မှ စစ်ဆေးရန် ကျန်ရှိသူမှာ အိမ်ရှင်ဖြစ်သူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော် တစ်ဦးသာ ကျန်ရှိပြီး ၎င်းအားစစ်ဆေးရန်အတွက် တပ်မတော်သို့ စာတင်ပြထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းမပြန်သေးကြောင်းနှင့် ၎င်းအား မစစ်ဆေးရသေးကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။“ဗိုလ်မှူးကို တပ်မတော်က အရေးယူတယ်ဆိုတာတော့ သတင်းစာတွေမှာ ပါရှိလို့ သိရတယ်။ ဒါပေမဲ့ အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ အနေနဲ့ ဗိုလ်မှူးကို မစစ်ဆေးရသေးဘူး။ တပ်မတော်ဘက်ကလည်း အကြောင်းမပြန်သေးပါဘူး။ မနက်ဖြန် ရုံးချိန်းမှာတော့ ကျင့်၂၀၂ အရ မြို့နယ် တရားသူကြီးကို အမှုနှင့် ပတ်သက်ပြီး ဆက်လက် တင်ပြသွားမှာပါ။ ကျန်ရှိသူကို မစစ်ဆေးရသေးသရွေ့ ရုံးချိန်းပဲ ပြန်ပေးမယ် ထင်တယ်” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က ဇန်နဝါရီ ၄ ရက်တွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် ၂၅ (C-4) နေအိမ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးမှာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခံခဲ့ရခြင်း၊ ကြိုးဖြင့်တုပ်ခံခဲ့ရခြင်း၊ နေပူထဲတွင် ထားရှိခြင်း ခံခဲ့ရသောကြောင့် ၎င်း၏မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့် လက်ခုံ၊ ရင်ဘတ်၊ ကျောပြင်နှင့် ဝဲ/ယာပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်အကူ ဒေါ်သန်းနွဲ့အား  ဗဟန်း မြို့မရဲစခန်းမှ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။