အခွန်ယဉ်ကျေးမှု

အခွန်ယဉ်ကျေးမှု
Published 5 January 2016
မြမြင့်မိုရ်

ကျွန်တော်တို့ လူလားမြောက်ချိန် ၁၅-၂၀ အရွယ်၌ မြန်မာနိုင်ငံသည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီက အစိုးရဖွဲ့ကာ အုပ် ချုပ်သော အချိန်သို့ ရောက်နေခဲ့ပြီ။ မဆလခေတ် ဟုလည်း ခေါ်ကြ၍ နံပါတ်ဝမ်းကြီးဟု Elite တွေက ချီးမွမ်းခြေကျောက် နာမည်ပေးထားသော ဗိုလ်ချုပ်ကြီး နေဝင်း၏ အာဏာ တစ်ခုတည်းကို မဏ္ဍိုင်ပြုကာ မြန်မာပြည် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေချိန် ဖြစ်သည်။ တစ်ပါတီ အာဏာရှင်စနစ် ဟုလည်း ပညာတတ်တွေက အမည်ပေး ထားကြသည်။
အဲဒီလို လွန်ခဲ့သော ၄၀-၅၀ နှစ်အတွင်း မြင်ရ၊ ကြား၊ သိရသလောက်တော့ မြန်မာနိုင်ငံ အခွန်ကိစ္စကို ပြည်သူတွေ နားလည် မှု ကွဲတာလား၊ နားကို မလည်ကြတာလား၊ ဒါမှမဟုတ် တမင် နားမလည်ချင်ယောင် ဆောင်နေကြတာလား၊ အဲဒီလို မဟုတ်လည်း အခွန်ဆိုတာ ပြည်သူတွေဆီက ကောက်ပြီး တိုင်းပြည်အတွက် မသုံးဘဲ အာဏာပိုင်တွေ အိတ်တဲ ရောက်သွားတာပဲဟု ဆိုတာ စေတနာမရှိလို့ မဆောင်ချင်ကြတာလား စဉ်းစားကြည့်တော့ အဲဒီ လေးမျိုးစလုံး ဖြစ်နိုင်ပါ သည်။ အခွန်ကိစ္စမှာ နိုင်ငံတစ်နိုင်ငံ ကောင်းမွန်စွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ပြည့်စုံစွာ ရပ်တည်နိုင်ဖို့ အရေးကြီးကြောင်း နိုင်ငံကြီးတွေကို လေ့လာကြလျှင် တစ်နည်းနည်းဖြင့် နားလည်နိုင် ပါသည်။ သို့သော် ပြည်သူတွေက အလေးအနက် မရှိခဲ့ကြ။ အလေးအနက် မရှိရုံ သာမက အခွန်ကိစ္စကို အပို အလုပ်၊ အစိုးရ က ငွေညှစ်သော အလုပ်၊ အာဏာပိုင်တွေ ခွင်ဖန်တဲ့ အလုပ်ဟု အဆိုးမြင် ကြသည်။
အခွန်အကြောင်း စမိတော့ တစ်နွယ်ငင် တစ်စင်ပါတွေ တွေးမိသည်။ နိုင်ငံတော်၌ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ မရှိဘူးတော့ မဟုတ်။ တစ်နိုင်ငံလုံး အခွန်အခ ကောက်သော နေရာ ဌာနပေါင်း များစွာ ရှိသည်။ အိမ်တိုင်း အိမ်တိုင်းမှာလည်း သုံးလ တစ်ကြိမ် ကောက်သော ရေခွန်၊ အမှိုက်ခွန်၊ သန့်ရှင်းရေးခွန်ကအစ မြေခွန်တွေလည်း ရှိသည်။ လျှပ်စစ်မီး သုံးသော အိမ်တိုင်း လျှပ်စစ်သုံးစွဲခ မီတာစာရွက် လစဉ် လာသည်။ အဲဒီ စာရွက်မှာ မီတာ စောင့်ရှောက်ခ ပါ သည်။ ဒါလည်း အခွန်ပါပဲ။ အလားတူပင် လမ်းထွက်လျှင် လမ်းအသုံးပြုခ၊ တံတား ဖြတ်သန်းခ၊ ကားဝင်းဆိုလျှင်လည်း ကားဝင်ခ။ အဲဒီလို အခွန်အခတွေလည်း မနည်း။ လုပ်ငန်းရှင်တွေ အားလုံးအပေါ်၌လည်း  လုပ်ငန်းခွန်၊ အရောင်းအဝယ်သမားတွေ အတွက် ရောင်းခွန်၊ ဝယ်ခွန်၊ ပစ္စည်းတစ်ခုခု အပေါ် ဆောင်ရသော အခွန်၊ နိုင်ငံခြားသွားလို့ ပစ္စည်းတွေ ဝယ်လာရင်လည်း အကောက်ခွန်၊ တရားရုံးမှာ တရားစွဲရင်လည်း ရှေ့နေ ပါဝါမှာ အခွန်တံဆိပ်ခေါင်း ကပ်ရသည်။ တရားမမှု စွဲရင်လည်း အမှု တန်ဖိုး အလိုက်  သေချာပေါက် သတ်မှတ် အခွန်ဆောင်ရ လိမ့်မည်။ အခြား အခွန် အမျိုးပေါင်း များစွာကို ပြည်သူတွေက နေ့စဉ်၊ လစဉ်၊ နှစ်စဉ် တစ်နည်းနည်းနှင့် ပေးဆောင် နေရသည်။ အဲဒီလို ပြည်သူတွေ ပေးရတဲ့ အခွန်တွေက အစိုးရ(သို့မဟုတ်) နိုင်ငံတော်သို့ အခွန်အခ အားလုံး စာရင်းဝင်သွား သလား၊ မဝင်ဘူးလား ဆို တာမျိုး တွေးတတ်သော ပြည်သူတွေက တွေးလိမ့်မည်။ မြို့နယ် အလိုက်၊ တိုင်းအလိုက်၊ ပြည်နယ် အလိုက်၊ ဝန်ကြီးဌာနတွေ အလိုက် အခွန်အခများ အကြောင်းအရာများ အလိုက်၊ လုပ်ငန်းအလိုက် ဘယ်လိုဝင် လာပြီး ဘယ်လို ထွက်သွားလဲ ဆိုတာမျိုး အခွန်ငွေ စီးဆင်းပုံကို ပြည်သူတွေ ပွင့်လင်း မြင်သာစွာ တစ်နည်းနည်း ရှင်းလင်း တင်ပြ နိုင်လျှင် အခွန်နှင့် ပတ်သက်သော သံသယတွေ ပြေပျောက် နိုင်သည်။ အစိုးရ၏ အသုံးစရိတ် အားလုံးကို သိရန်မှာ မဖြစ်နိုင်သော် လည်း သိခွင့် ပေးနိုင်သလောက် သိခွင့် ပေးရမှာတော့ နိုင်ငံတော် အပိုင်း ဖြစ်ပါလိမ့်မည်။
ပြည်သူတွေ အပိုင်းကလည်း တာဝန်ရှိမှု၊ တာဝန်ယူမှုတွေ ပျက်ကွက်တာ၊ လစ်ဟင်းတာတွေက မရှိမဟုတ် ရှိနေသည်။ အထူးသဖြင့် လုပ်ငန်းရှင်တွေ၊ အခွန်ထမ်းတွေ ဘက်ကပေါ့။ သာဓကတွေလည်း ရှိသည်။ 
ဝင်ငွေ မြင့်မားနေသူတွေ အပေါ် အခွန် ဦးစီးဌာနတွေက အခွန်အတုတ် ကောင်းစွာ စည်းကြပ်ရဲ့လား။ နိုင်ငံခြား တိုင်းပြည်တွေ မှာတော့ ကမ္ဘာကျော် ဘာစီလိုနာ ဘောလုံး ကလပ် အသင်းမှ ဘောလုံးသမား မက်ဆီတို့ နေမာတို့ကို အခွန် စည်းကြပ်တော့ အခွန် တိမ်းရှောင်လျှင် ဒဏ်ငွေရိုက်တာ၊ တရားရုံးကို လာခိုင်းတာတွေက လူသိရှင်ကြား သိရသည်။
လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က ကမ္ဘာကျော် ကလီယိုပါထရာ ရုပ်ရှင်ကား ထုတ်လုပ်သူ ကာလိုပွန်တီ၏ ဇနီး နာမည် ကျော် ရုပ်ရှင်မင်းသမီး ဆိုဖီယာလောရင်းလို မင်းသမီးမျိုး အခွန်တိမ်းရှောင်၍ အီတလီ တွင် ထောင်ကျခံရတာမျိုး ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေ အခွန် ကိစ္စကို စနစ်တကျ လုပ်နေကြပြီး ဖြစ်သည်။
ခက်တာက အခွန်ထမ်းနှင့် အခွန် ဦးစီးဌာနတို့ ‘လက်ဝါးရိုက်’ ကာ အခွန် လျော့ဆောင်သော နည်းလမ်းတွေက မြန်မာပြည် မှာ ခေါက်ရိုးကျိုး နေခဲ့ပြီ။ ဥပမာ မြန်မာပြည်၌ နှစ်စဉ် ပြည်တွင်း အခွန်များ ဦးစီးဌာနက သက်ဆိုင်ရာ မြို့နယ် အလိုက် လုပ်ငန်းရှင်များသို့ ဝင်ငွေခွန် ကြေညာလွှာ တင်ရန် အကြောင်းကြားသည်။ အခွန် ဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံရသည်။ အခွန်ထမ်း တော်တော်များများက သူတ ဖြတ်သန်းမှု အရ အခွန် ယဉ်ကျေးမှုကို မသိ။ လိပ်စာ ဖျောက်ကာ၊ အလွဲ ဖော်ပြကာ အခွန်ရှောင်တတ် ကြသည်။ မလွှဲမရှောင်သာ အခွန်ဆောင်ရတော့မည် ဆိုလျှင် အခွန်ထမ်းက သက်ဆိုင် ရာ တာဝန်ရှိသူထံ သွားကာ ဝင်ငွေခွန် လျှော့ပေါ့အောင် ညှိနှိုင်းမြဲ ဖြစ်သည်။ တာဝန်ရှိသူ နှင့် အခွန်ထမ်းတို့ ပေါင်းကာ နည်းပါးသော ဝင်ငွေခွန် တစ်ခု သတ်မှတ်နိုင်ရန် ဥပဒေကို လက်တစ်လုံးခြား လုပ်၍ ဝင်ငွေ ထွက်ငွေ စာ ရင်းတစ်ခု ရေးဆွဲလိုက်သည်။ ‘ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ’ အခြေအနေ တစ်ရပ် ဖန်တီးလိုက်သည်။
အဲဒီနောက်တော့ အခွန်ထမ်း ကလည်း သူ၏ လုပ်ငန်း အရ နိုင်ငံတော်ကို အမှန်တကယ် ဆောင်သင့်သည့် အခွန်ကို မဆောင်ရတော့။ တာဝန်ရှိသူ ကလည်း ကြားထဲက မြိုးမြိုးမြက်မြက်ကလေး ရသွားသည်။ နိုင်ငံတော်ကတော့  အခွန်ငွေကို ပြည့်ပြည့်၀၀ မရတော့။ အဲဒီ အကျိုးဆက်က ပြည်သူကို ရိုက်ခတ်သည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ခတ်သည်။ လူတိုင်း ကိုယ်ကျင့်တရား စာရိတ္တကို ရိုက်ခတ်သည်။
ပုံပြင် တစ်ပုဒ်ကို သတိရမိသည်။ (တိတိကျကျတော့ မဟုတ် ဆိုလိုရင်းကတော့ ဒီအတိုင်းပါပဲ) ရွာတစ်ရွာတွင် ရွာသူကြီးက ရွာ၏ အထိမ်းအမှတ်ပွဲ တစ်ပွဲ အတွက် တစ်အိမ်လျှင် အရက် တစ်လုံးစီ ယူခိုင်းသည်။ ရွာသားတွေက အခြားသူတွေ အရက ်ယူလာမှာပဲ၊ ငါ ရေတစ်ပုလင်း ယူသွားပြီး ရောလိုက်ရင် မသိသာပါဘူး ဆိုကာ ရေတစ်ပုလင်း ယူလာခဲ့သည်။ အခြား ရွာသားတွေကလည်း သူ တွေးသလိုပဲ တွေးကြသည်။ အထိမ်းအမှတ်ပွဲ ဖွင့်တော့ အိုးတစ်လုံးထဲတွင် စုပေါင်းထည့် ထားသော အရက်များမှာ ရေချည်း ဖြစ်နေတော့သည်။ဆိုသည့် နိုင်ငံရပ်ခြားပုံပြင်။
မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။ ငါ အခွန် အပြည့်အ၀ မဆောင်လည်း ရတာပဲဟု ဆိုကာ အခွန်ရှောင်သူတွေ များလာတော့ အခွန်အခနှင့် ရပ်တည်နေသော အစိုးရ (သို့ မဟုတ်) နိုင်ငံတော်မှာ ဘယ်လို ရပ်တည်ပါတော့မည်နည်း။ ပြည်သူတို့ထံမှ အခွန် ပြည့်ပြည့်၀၀ မရဘူးဆိုမှတော့ ‘ တစ်နွယ်ငင် တစ်စင်ပါ’  ဆိုသကဲ့သို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်း သာယာရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးသို့ အခွန် တကယ် ချပေးသင့်သည့် ဘတ်ဂျက်ငွေကို ချမ ပေးနိုင်တော့။ နည်းပါးသော တိုင်းပြည်ဝင်ငွေကို မျှေ၀ သုံးစွဲရပြီ။ ဝန်ကြီးဌာနကလည်း ဘတ်ဂျက် မလောက်မငနှင့် အလုပ်လုပ်ရပြီ။ အလုပ်တွေ စီမံကိန်းတွေက မပြီးမပြတ် တန်းလန်းတွေ ဖြစ်ကုန်သည်။ အဲဒီလို ဆိုတော့ အလုပ်တွေ မပြီးရ ကောင်းလား။ စီမံကိန်းတွေ အကောင်အထည် မဖော်ရကောင်းလားဟု အစိုးရကလည်း အပြစ်တင်၊ ပြည်သူတွေကလည်း မပြည့်စုံမှုတွေကို လက်တွေ့ ခံစားရင်း အစိုးရ အဖွဲ့ကို ငြိုငြင်နှင့် ဖြစ်လာတော့သည်။
ဒီကြားထဲ အလုပ်တွေ၊ စီမံကိန်းတွေကို အဆင့်ဆင့် တာဝန်ယူရသောကြောင့် အထက်အရာရှိ အငြိုငြင်မခံရအောင် မလိုလားအပ်သော မသမာမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ဝင်လာရုံ သာမက ဘတ်ဂျက် အားနည်းမှုကို အခွင့်ကောင်းယူကာ ‘ချော်လဲ ရောထိုင်’ အခွင့်အရေးသမားများ ပေါ်လာသည်။ သူတို့က အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ကြီး ပြောသကဲ့သို့ ‘ဆီးသီးဗန်း’  ကို ဝိုင်းနှိုက်ကြလေရာ ‘ဘူးလေရာ ဖရုံဆင့်ပြီး’  လုပ်ငန်းများလည်း မပြီးမြောက်။ ပြီးမြောက်လျှင် လည်း စံချိန်မမီ ဖြစ်ရတော့သည်။ ဤသို့           ‘ချော်လဲရောထိုင်’  အခွင့်အရေးသမားတွေကြောင့် နှစ်ရှည် လာသောအခါ ပြည်သူတွေ ကြားဝယ် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမား လာရတော့သည်။
ဒီလို ကိစ္စတွေ အတွက် မီဒီယာတွေကတော့ တာဝန်ကျေ ပါသည်။ ပြည်သူတွေကို မျက်စိဖွင့် ပေးသည်။ နှစ်စဉ် အခွန်ဆောင်ရမည့် ရာသီရောက်တိုင်း ထိပ်တန်း အခွန်ဆောင်သူ၊ အခွန်ရှောင်သူ စာရင်းတွေကို သူတို့ စုံစမ်းလို့ ရသမျှ ရေးသား ဖော်ပြပေးသည်။ နိုင်ငံတော် အခွန် နစ်နာမှုကို အမုန်းခံကာ ထောက်ပြ ပေးသည်။ သို့သော် အစိုးရ (သို့မဟုတ်) နိုင်ငံတော်ဘက်က အခွန်ကိစ္စ နှင့် ပတ်သက်၍ နားလည်အောင် ရှင်းပြတာမျိုး၊ သူတို့ကို စွပ်စွဲ ထောက်ပြသော ကိစ္စများ သည် ရှင်းလင်းတာမျိုး သိပ်မတွေ့စဖူး။ ဒါ ကတော့ အစိုးရ(သို့မဟုတ်) နိုင်ငံတော်၏ အားနည်းသော အပိုင်းဟု ဆိုချင်ပါသည်။ ထိုသို့ အားနည်းသောကြောင့် “ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီး တာကထွက်” ဆိုသကဲ့သို့ အခွင့်အရေးသမားတွေက အခွန်ရှောင်လို့ ကောင်းနေကြတော့သည်။
သတင်းတစ်ပုဒ်၌ ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးမှု ပူးပေါင်း ကော်မတီက ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သည့် နှစ်၌ အမြန်ဆုံး အဖြေရှာ သင့်ကြောင်း တိုက်တွန်း လိုက်သည်တဲ့။ နောက်သတင်းတစ်ပုဒ်တွင်မူ မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၄၀၀၀၀ ခန့် မှတ်ပုံတင် ထားသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အတွင်း ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ အမြတ်ပြ၊ အခွန်ဆောင်ခဲ့ကာ အချို့ ကုမ္ပဏီများမှာ လိပ်စာ လိမ်ကာ အမှန်တကယ် အခွန်ဆောင်ခဲ့ခြင်းမရှိဘဲ အခွန်ရှောင်နေသည့် ကုမ္ပဏီ အများအပြား ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်တဲ့။
ထို့ကြောင့် ဤဆောင်းပါးကို လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပို့စ် သတင်းစာတို့ တွေ့ဆုံစဉ်က ပြောခဲ့သော အခွန်ကိစ္စနှင့် နိဂုံးချုပ်ချင်ပါသည်။ “ အခွန်အကောက်က ဒီနိုင်ငံမှာ အကြီးအကျယ် ပြဿနာ ရှိတယ်။ အခွန် ယဉ်ကျေးမှု ကျွန်မတို့ဆီမှာ မရှိဘူး။ ပြည်သူတွေကြောင့် အခွန်ပေးရတယ် ဆိုတာ နားလည်အောင် ကျွန်မတို့ အရင် လုပ်ရပါမယ်။ ပြည်သူ့ အခွန်ငွေကို ပြည်သူ့ အကျိုး အတွက် အသုံးပြုတယ်။ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ အာဏာပိုင်တွေ ရဲ့ အိတ်ထဲ အခွန်ငွေတွေ ရောက်မသွားဘူး ဆိုတာ သက်သေပြဖို့ လိုတယ်” ဟု ပြောခဲ့သည်။
မကြာမီ ပြည်သူ့ဆန္ဒနှင့် ရွေးကောက် တင်မြှောက်ထားသော အစိုးရသစ် တစ်ရပ် ပေါ်ပေါက် လာတော့မည်။ နိုင်ငံတော်၏ ကိစ္စ မြားမြောင်တွေထဲမှ တစ်ခုဖြစ်သော အခွန်ကိစ္စ၌ အခွန်ကောက်ခံသူရော အခွန်ထမ်းရော တာဝန်သိဖို့ တာဝန်ကျေဖို့ လိုအပ်သကဲ့သို့ အခွန်ကိစ္စ အပါအဝင် ဥပဒေနှင့် မညီသော သဘာဝမကျသော တရားမျှတမှု မရှိသော စီမံခန့်ခွဲမှု လွဲမှားနေသော ဖြစ်ရပ်အားလုံးကို ပြောင်းလဲပစ်ရမည် ဖြစ်ပါကြောင်း။

Most Read

Most Recent