ထိုင်းနိုင်ငံတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအမှု တရားမျှတမှုရှိရေး၊ အမှုမှန်ပေါ်ပေါက်ရေး ပြည်သူ ၂၅၀၀၀ ကျော် ဆန္ဒပြုလက်မှတ် ရေးထိုးထားသည့်စာအုပ် ထိုင်းသံရုံးသို့ ယနေ့ပေးပို့မည်

ထိုင်းနိုင်ငံတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအမှု တရားမျှတမှုရှိရေး၊ အမှုမှန်ပေါ်ပေါက်ရေး ပြည်သူ ၂၅၀၀၀ ကျော် ဆန္ဒပြုလက်မှတ် ရေးထိုးထားသည့်စာအုပ် ထိုင်းသံရုံးသို့ ယနေ့ပေးပို့မည်
Published 4 January 2016
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အမှုအား တရားမျှတမှုရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံသား ၂၅၀၀၀ ကျော် ဆန္ဒပြု လက်မှတ် ရေးထိုးထားသည့် စာအုပ်အား ဇန်နဝါရီ  ၅ ရက် (ယနေ့)နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ သွားရောက်ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြုလက်မှတ်များမှာ ဒီဇင်ဘာလအတွင်းက နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၂ မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား ၂၅၀၀၀ ကျော်က လက်မှတ် ရေးထိုးထားခြင်းဖြစ်ပြီး ယင်းလက်မှတ်များကို အရပ်ဘက် လူငယ်အဖွဲ့အစည်းများကပါ ပူးပေါင်းကောက်ခံ၍ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
"ထိုင်းနိုင်ငံမှာ သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အမှုမှန် ပေါ်ပေါက်ရေး၊ တရားမျှတမှု ရှိရေးအတွက် ဆန္ဒပြု တောင်းဆိုထားတဲ့ လက်မှတ်တွေကို နံနက် ထိုင်းနိုင်ငံ သံအမတ်ဆီကို ၁၀ နာရီခွဲလောက် ပို့ဆောင်မှာပါ။ မြန်မာနိုင်ငံ တစ်ဝန်းမှာရှိတဲ့ မြို့ပေါင်း ၁၂ မြို့မှာရှိတဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒပြုလက်မှတ်တွေ ဖြစ်ပါတယ်။ ဆန္ဒပြုလက်မှတ် ရေးထိုးထားတဲ့ လူဦးရေ ၂၈၀၀၀ ကျော် ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံသားတွေ ဆန္ဒပြုလက်မှတ်ပေးလို့ မြန်မာနိုင်ငံသားနှစ်ဦး ချက်ချင်းလွတ်လာမယ်လို့ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံသားနှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှု ရှိရေးမှာတော့ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒါကလည်း ပြည်သူတွေရဲ့ ဆန္ဒအမှန် လက်မှတ်တွေဖြစ်လို့ ထိုင်းနိုင်ငံ အစိုးရအနေနဲ့ ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ထိုင်းနိုင်ငံ သံရုံးသို့ သွားရောက်ပေးပို့မည့် ကိုသက်ဆွေဝင်းက ပြောကြားသည်။
ယင်းဆန္ဒပြု လက်မှတ်စာအုပ်တွင် မြန်မာနိုင်ငံသားများမှ သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအတွက် တရားမျှတမှုရှိရေး၊ အမှုအမှန်ပေါ်ပေါက်ရေး၊ သေဒဏ်ချမှတ်ထားမှုကို လက်မခံကြောင်း၊ အမှုတွင် သံသယဖြစ်ဖွယ် အချက်များစွာ ပါဝင်နေသည်ကို ထိုင်းအစိုးရ တာဝန်ရှိသူများ အနေဖြင့် ပြန်လည်သုံးသပ်ပေးပါရန် စသည့် တောင်းဆိုမှုများ ပါဝင်ကြောင်း သိရသည်။
"ဒီလိုပို့ဆောင်မှုမှာ အရပ်ဘက် လူငယ်အဖွဲ့အစည်းတွေ ပါဝင်မှာဖြစ်ပါတယ်။ ဆန္ဒပြု လက်မှတ်တွေကို မဖြစ်ဖြစ်အောင် ပို့ဆောင်မှာပါ။ ကျွန်တော်တို့အနေနဲ့ ဆန္ဒပြတာမဟုတ်ဘဲ အေးအေးချမ်းချမ်း သွားရောက် ပို့ဆောင်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာအနေနဲ့ ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်"ဟု ကိုသက်ဆွေဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ဒီဇင်ဘာ၂၄ ရက်က လူသတ်မှု၊ မုဒိမ်းမှု၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ တရားမဝင်နေထိုင်မှု အပါအဝင် အမှုခုနစ်မှုဖြင့် ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားသူကြီးက သေဒဏ်နှင့် ထောင်ဒဏ်နှစ် ၂၀ တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့သဖြင့်  ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှ ိမြို့များ၌ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်မှုများ၊ ဆုတောင်းပွဲများကို ပြည်သူလူထုက ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent