တစ်နှစ်အတွင်း လွတ်လပ်ရေး ရမယ်

တစ်နှစ်အတွင်း လွတ်လပ်ရေး ရမယ်
Published 4 January 2016
မောင်တင်ဦး (မြောင်းမြ)

■ အောင်ဆန်း - အက်တလီ စာချုပ်၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် လန်ဒန်ကိုယ်စားလှယ် အဖွဲ့ကို ရန်ကုန်မြို့တော် မြူနီစီပယ် အဖွဲ့ဝင် လူကြီးများနှင့် မြို့မိမြို့ဖများ ဂုဏ်ပြုပွဲတစ်ရပ် ပြုလုပ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းက “တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် လုပ်ပေးမယ်” လို့ မိန့်ခွန်း ပြောကြားခဲ့တယ်။ထိုစဉ်ထိုခါ ကာလက ဗိုလ်ချုပ်စကား ယုံသူရှိသလို မယုံနိုင်သူလည်း ရှိနေမှာပဲ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂ ရက်က လန်ဒန်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ထွက်ခွာတယ်။ ထိုအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း (အဖွဲ့ခေါင်းဆောင်)၊ သခင်မြ (ပြည်ထဲရေးဝန်ကြီး)၊ သခင်ဗစိန် (သယ်/ပို့ဝန်ကြီး)၊ ဂဠုန်ဦးစော (ပညာရေးဝန်ကြီး) တို့ အပါအဝင် အဖွဲ့ဝင် ၁၆ ဦး ပါဝင်ခဲ့တယ်။ လေးသုတ်ခွဲပြီး လန်ဒန်ကို ထွက်ခွာခဲ့တယ်။ဇန်နဝါရီ ၂၇ ရက်မှာ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ အက်တလီတို့ စာချုပ်တစ်ခု ချုပ်ဆို လက်မှတ်ရေးထိုးကြတယ်။ အဲဒီစာချုပ်ကို ‘အောင်ဆန်း-အက်တလီ စာချုပ်’ လို့ အမည်တွင်တယ်။ စာချုပ်မှာ အဓိကအချက် ကိုးချက် ပါဝင်တယ်။ 
■ အဲဒီ ကိုးချက်မှာ(၁) ဗိုလ်ချုပ်အောင်ဆန်း ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော မြန်မာပြည်ဘုရင်ခံ အလုပ်အမှုဆောင် ကော်မတီသည် ကြားဖြတ်အစိုးရအဖြစ် အသိအမှတ်ပြု ခံရသည်။ ထို့ကြောင့် ကြားဖြတ်အစိုးရ အာဏာရှိလာသည်။ (ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၈ ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂၅ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၉၀ အထိ ရွေးကောက်ပွဲမှာ ပြည်သူအများစု ထောက်ခံထားပေမယ့် ယနေ့ထိ အာဏာမရသေး။)(၂) ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာနများကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ် အစိုးရအဖွဲ့က အုပ်ချုပ်ခွင့်ရသည်။ (ဒေါ်အောင်ဆန်းစုကြည် (NLD) တို့ အစိုးရဖွဲ့ခွင့် ရသည့်တိုင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ အုပ်ချုပ်ခွင့် မရနိုင်။)(၃) ဗြိတိသျှ လက်နက်ကိုင်များမှ အပ မြန်မာနိုင်ငံ ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်များကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရက အုပ်ချုပ်ခွင့်ရသည်။ (ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရဖွဲ့ခွင့် ရသည့်တိုင် ကာကွယ်ရေးကို တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဌာနကသာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ အုပ်ချုပ်ခွင့်ရှိတယ်။)(၄) ကိုယ်ပိုင် ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရသည်။(၅) မြန်မာအစိုးရ ကိုယ်စားလှယ် မြန်မာမင်းကြီး တစ်ဦးကို လန်ဒန်မြို့၌ ထားခွင့်ရသည်။(၆) မြန်မာပြည်နှင့် တောင်တန်းဒေသကို တပေါင်းတည်း လွတ်လပ်ရေး ပေးရန်အတွက် တောင်တန်းဒေသ၏ ဆန္ဒရယူရန် သဘောတူကြသည်။(၇) အရွယ်ရောက်သူတိုင်း မဲပေးနိုင်သော စနစ်ဖြင့် ရွေးကောက်သော တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ရမည်။(၈) တိုင်းပြုပြည်ပြု လွှတ်တော်က လွတ်လပ်လာမည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် အနာဂတ် ပုံသဏ္ဌာန်ကို ဆုံးဖြတ်ရမည်။ (ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရအဖွဲ့က အနာဂတ် ပုံစံကို ပြည်သူ့ဆန္ဒနဲ့အညီ လွတ်လပ်စွာ ပုံဖော်နိုင်ပါ့မလား။)(၉) ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးအတွက် ဗြိတိသျှ အစိုးရက ထောက်ခံကူညီမည်။ထိုအောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုနိုင်သဖြင့် စက္ကူဖြူ စီမံကိန်းခေါ် စီမံကိန်း အုပ်ချုပ်ရေးကို လုံး၀ ချုပ်ငြိမ်းခဲ့တယ်။ ဒါပေမဲ့ လန်ဒန်သွား မြန်မာကိုယ်စားလှယ် နှစ်ယောက်က လက်မှတ်ပါဝင် မထိုးခဲ့ဘူး။သူတို့က သခင်ဗစိန်နဲ့ ဂဠုန်ဦးစောတို့ဖြစ်တယ်။ ထိုစဉ်ကတည်းက ဂဠုန်ဦးစောရဲ့ သဘောကို သတိပြုမိခဲ့ရင် ဗိုလ်ချုပ်ဟာ ဦးစောရဲ့ လုပ်ကြံမှုက ရှောင်ရှားနိုင်ခဲ့မှာပါ။ သခင်ဗစိန်ကလည်း မြန်မာပြည် ဘုရင်ခံ၏ အတိုင်ပင်ခံ ဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်ဟာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် မနေမနား ဆောင်ရွက်ခဲ့တယ်။ ပြည်သူလူထုကို စည်းရုံးရတယ်။ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ရတယ်။ နယ်စည်းရုံးရေး ထွက်ရတယ်။ ရက်ဆက် မနေမနား တိုင်းပြည်လွတ်လပ်ရေးအတွက် (မသေခင်) ပင်ပန်းတကြီး လုပ်ဆောင်ခဲ့တယ်။ဖေဖော်ဝါရီ ၈ ရက်မှာ တောင်တန်းဒေသဆိုင်ရာ ပင်လုံညီလာခံ တက်ရောက်ရန် ပင်လုံမြို့သို့ ရောက်လာတယ်။ ဖေဖော်ဝါရီ ၉ ရက်တွင် ရှမ်းကျောင်းသားများ ဆန္ဒပြ အစည်းအဝေးတွင် “သွေးခွဲမှုများ မပြုရန်” ဗိုလ်ချုပ်က အဓိကထားကာ မိန့်ခွန်းပြောခဲ့တယ်။ ၁၀ ရက်နေ့မှာ ပင်လုံညီလာခံ၌ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆက်တိုက်ဆွေးနွေးခဲ့တယ်။ ၁၁ ရက်နေ့မှာ စော်ဘွားများနဲ့ ညစာစားပွဲမှာ “ညီညွတ်စေ ချင်တယ်” ခေါင်းစဉ်နဲ့ ဗိုလ်ချုပ် မိန့်ခွန်းပြောခဲ့တယ်။ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ရဲ့ လမ်းဆုံရာ လဲချာစော်ဘွားရဲ့ နယ်အတွင်းရှိ ပင်လုံမြို့နယ်မှာ သမိုင်းဝင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့က ညီညီညွတ်ညွတ် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ထိုနေ့ကို မြန်မာနိုင်ငံရဲ့ သမိုင်းဝင် နေ့တစ်နေ့ “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်လာတာ ယနေ့တိုင်အောင်ပဲ။ ထိုမှတစ်ဆင့် ဖေဖော်ဝါရီ ၂၃ ရက်မှာ ယာယီကြားဖြတ် အစိုးရကို ဖွဲ့စည်းနိုင်ခဲ့တယ်။ထိုသို့ နိုင်ငံရေး၊ စည်းရုံးရေးတို့ကို လုပ်ဆောင်လာပြီးမှ ‘တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်’ ဆိုတဲ့ ရဲရဲတောက်က တိကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ကတိပေးနိုင်ခဲ့တယ်။ကတိတည်တဲ့ ဗိုလ်ချုပ်ဟာ ၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်မထိုးဘဲ ဆန့်ကျင်ခဲ့တဲ့ ဂဠုန်ဦးစောရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို မရှုမလှ ခံလိုက်ရတယ်။ လွတ်လပ်ရေးအတွက် အသက်ပေး၊ ဘဝစတေးခဲ့ရတယ်။ ဗိုလ်ချုပ်ခမျာ လွတ်လပ်ရေးကို အသက်ထင်ရှား တွေ့မသွားရဘူး။ 
■ လွတ်လပ်ရေးရပြီးနောက်အသက်သေသော်လည်း ကတိအတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဟာ လုံး၀ လွတ်လပ်ရေးကို ရရှိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ကတိတည်ကြည်စွာ ယူပေးခဲ့တဲ့ လွတ်လပ်ရေးက ဘယ်ကာလထိ လွတ်လပ်ခဲ့သလဲ။ ယနေ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာ (၆၇) နှစ်ပြည့်မြောက်ခဲ့ပြီ။ လွတ်လပ်ရေးရထားသော မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဖြတ်သန်းရတဲ့ ကောက်ကြောင်း ဆွဲဆန့်ကြည့်ရအောင်။၁၉၄၈ မှ ၁၉၆၂ ခုနှစ်မှာ ပါလီမန်ခေတ်လို့ ပြောစမှတ်ပြုကြတယ်။ ဒါပေမဲ့ သခင်စိုး၊ သခင်သန်းထွန်း၊ ဗုံပေါက်သာကျော် စတဲ့ ပုဂ္ဂိုလ်တို့ရဲ့ တော်လှန်ပုန်ကန်မှုများ၊ ကရင်တို့ရဲ့ ပြည်တွင်းစစ် ဖြစ်ပွားမှုတို့ကြောင့် နိုင်ငံရေး တိုးတက်အောင်၊ တိုင်းပြည် ဖွံ့ဖြိုးအောင် တိတိပပ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူး။ ပါလီမန်မှာလည်း အကွဲအပြဲတွေနဲ့ အချိန်ကုန်ခဲ့ပြီး၊ ပြည်သူ့ဘ၀ လွတ်လပ်မှုကို ပီပီပြင်ပြင် မဆောင်ရွက်နိုင်ခဲ့ဘူး။၁၉၆၂ မှ ၁၉၇၄ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အဖွဲ့ရဲ့ အာဏာရှင် အုပ်ချုပ်မှုနဲ့ ပြည်သူတွေ လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရပြန်တယ်။ ဆိုရှယ်လစ်ပါတီ အုပ်ချုပ်ရေးအောက်မှာ တစ်သွေးတစ်သံ တစ်မိန့်နဲ့ စစ်တပ်ပုံစံ အရပ်သား လွတ်လပ်ရေး ပျောက်ဆုံးခဲ့ရတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စတဲ့ တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာတွေဟာ ပျောက်ဆုံးခဲ့ရတယ်။အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်ဟုဆိုကာ အထက်ဗမာပြည် ဗကသဥက္ကဋ္ဌဟောင်း ကိုသန့်ဇင်နှင့် ကျောင်းသား ကိုဉာဏ်မြင့်သန်းတို့အား မြင်းခြံမြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိကို ပြည်သူအုပ်ချုပ်ရေးပုံစံ ဟန်ပြထားတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ အုပ်ချုပ်ရေးအောက်မှာ ညဘက် အိပ်ကောင်းနေတုန်း ဧည့်စာရင်း အစစ်ခံရတယ်။ ဦးသန့် အရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးအခင်းတွေနဲ့ ကြုံရတယ်။ ကျောင်းသားလူငယ် အတော်များများ အဖမ်းခံရတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင် စကားကျယ်ကျယ် ပြောလို့မရသည်အထိ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်။ နောက်ကျောမလုံတဲ့ ဘဝနဲ့ နေထိုင်ခဲ့ရတယ်။၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ဟာ နယ်ချဲ့တွေ အုပ်ချုပ်စဉ်က လွတ်လပ်ရေး ဆုံးရှုံးတာထက် ပိုဆုံးရှုံးခဲ့ရတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် လုံး၀ ဆုံးရှုံးခဲ့ကြရတယ်။၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်ဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီလို့ ကျယ်ကျယ်လောင်လောင် အော်နေပေမယ့် လွတ်လပ်မှုကတော့ အပြည့်အ၀ မရသေးဘူး။ ပုဒ်မ ၁၈ နဲ့ ထောင်ထဲရောက်နေကြတယ်။ ဗကသ၊ တကသ ကျောင်းသားတွေ ပညာရေးအတွက် ဆန္ဒပြလို့ အချုပ်ထဲမှာ အချိန်ဆွဲ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးက စွက်ဖက်နေကြဆဲ။လွတ်လပ်ရေး (Independence, Freedom) ဆိုတာဘာလဲ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်က ယူနီယံဂျက် အလံချ၊ ပြည်ထောင်စုမြန်မာနိုင်ငံအလံ တိုင်ထိပ်တလူလူလွှင့်။ ဒါနဲ့ လွတ်လပ်ပြီလား။မြန်မာနိုင်ငံအလံ တလူလူ လွှင့်နိုင်ခဲ့သလို မြန်မာ့ဂုဏ်သိက္ခာ၊ မြန်မာ့တန်ဖိုး တလူလူ လွှင့်နိုင်ပြီလား။ မြန်မာတွေအတွက် လွတ်လပ်ရေး ရနေပြီပဲ။ ကိုယ့်လယ်၊ ကိုယ့်ယာကို စိတ်ချမ်းသာစွာ လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်တဲ့ သီးနှံစိုက်၊ ကြိုက်တဲ့ဈေး ရောင်းဝယ်ခွင့် ရကြရဲ့လား။ ကြောက်ရွံ့စရာ ရှိနေသေးလား။ အသက်တမျှ မြတ်နိုးရတဲ့မြေကို အကြောင်းတစ်စုံတစ်ရာပြ ဒါမှမဟုတ် ဘာအကြောင်းမှ မပြဘဲ ခပ်တည်တည်ကြီး လယ်မြေတွေ သိမ်းနေတာက လွတ်လပ်ရေးပဲလား။ကိုယ့်တက္ကသိုလ် ပရိဝုဏ်အတွင်း ကျောင်းသားအချင်းချင်း လွတ်လပ်စွာ စုဝေးနိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့် ရပြီလား။ ကျောင်းသားတွေရဲ့ အသင်းအဖွဲ့ဖြစ်တဲ့ သမဂ္ဂတွေ ဖွဲ့နိုင်ပြီလား။ လွတ်လပ်ရေး ယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တာကို မေ့ပစ်လိုက်ပြီလား။ သမဂ္ဂတွေက ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးသမားကောင်း၊ တိုင်းပြည်လွတ်လပ်ရေး ရယူပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်ပေးခဲ့တာ (သမိုင်းထဲမှာ အထင်အရှား ရှိခဲ့တာ) မသိကျိုးကျွန် ပြုတော့မှာလား။ခုတော့ ဒီလို လွတ်လပ်စွာ ခွင့်တောင်းခဲ့တဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေ၊ တကသ ကျောင်းသားခေါင်းဆောင်တွေ သာမန် လွတ်လပ်ရေး ဆုံးရှုံးရုံ သာမက ရာဇဝတ်သားကဲ့သို့ ထောင်ထဲမှာ ချုပ်နှောင်ထားပြီး လုံး၀ လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီကော။တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း လွတ်လွတ်လပ်လပ် တရားဥပဒေနဲ့အညီ တရားစီရင်နိုင်ရဲ့လား။ အုပ်ချုပ်ရေးမှ မလိုလားသူကို တရားရေးက ချက်ချင်း ဆိုသလို အမိန့်ချ၊ အရေးယူ ဒါမှမဟုတ် အချိန်ဆွဲ သီအိုရီ၊ အာရုံလွှဲ သီအိုရီတွေ သုံးပြီး တရားရေး မဏ္ဍိုင်ကို ချုပ်ကိုင်ထားခဲ့ပြန်တယ်။ဒီကနေ့ လူတွေ ကြောက်ရွံ့မှုမှ ကင်းဝေးပြီး (Freedom From Fear) မိမိဘဝ၊ မိမိကြမ္မာကို လွတ်လွတ်လပ်လပ် ပြဋ္ဌာန်းခွင့် ရကြပြီလား။ စစ်ပွဲတွေ ဆင်နွှဲနေတာ လူနေမှု ဘဝကို မလွတ်လပ်အောင် တွန်းပို့နေသလို ဖြစ်နေတယ်။ ဘယ်သူ့အတွက် စစ်တိုက်နေကြတာလဲ။ ဘာလောဘတွေ တက်နေလို့ လက်နက်တကားကား၊ စစ်မာန်တွေ တဖွားဖွား တက်နေရတာလဲ။ ပြည်သူတွေ ကျီးလန့်စာစား အိပ်နေရတဲ့ဘဝ၊ အစားတစ်လုတ်ကို အေးအေးလူလူ မျိုချလို့ မရတဲ့ ဘဝ။ ကျောင်းစာသင်ခန်းတွေ ပိတ်ထားရတဲ့ ဘဝ။ မလိုချင်ဘူး။ စစ်ပွဲတွေကို မုန်းတယ်။ စစ်ပွဲ ရပ်ပစ်ရမယ်။ စစ်ပွဲတွေ ရပ်ပစ်။ 
■ တစ်နှစ်အတွင်းဆိုတော့ ၂၀၁၆ ခုနှစ်ကစပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းရမယ်။ စစ်မှန်တဲ့ လွတ်လပ်ရေးကို လိုလားတဲ့ ပြည်သူတွေက မလွတ်လပ်ခဲ့တဲ့ ဘဝမှ ရုန်းထွက်ဖို့ ခေါင်းဆောင်ကို ရွေးပြီးပြီ။ တို့ခေါင်းဆောင်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း မြင်တွေ့လိုတဲ့ စစ်မှန်တဲ့ ပြည်သူ့လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင် အစိုးရသစ်နဲ့ ပြည်သူအပေါင်း ဝိုင်းဝန်းဆောင်ရွက်ကြရအောင်။

Most Read

Most Recent