မျက်နှာလွှဲခြင်း ခံထားရသည့် သက်ကြီးရွယ်အို အရေး

မျက်နှာလွှဲခြင်း ခံထားရသည့် သက်ကြီးရွယ်အို အရေး
Published 3 January 2016
ဆန်းမိုးထွန်း

ရန်ကုန်မြို့၏ လမ်းမ တစ်နေရာတွင် အရောင်အသွေး စုံလင်လှသော ကားများက ဥဒဟို မောင်းနှင်နေကြသည်။ ကားလမ်း၏ တစ်နေရာတွင် ယောဂီဝတ်စုံကို ဝတ်ဆင်ထားသော အဘွားအို တစ်ဦးက ဖြတ်သန်းမောင်းနှင်နေသည့် ကားများထံ လက်ဖြန့်ကာ တစ်စုံတစ်ရာကို တောင်းရမ်းနေပါသည်။ အချို့သော ကားသမားများက ကားကို ခေတ္တ ရပ်တန့်ကာ အဘွားအိုထံ တစ်စုံတစ်ခု လှမ်းပေးနေသည်ကို တွေ့ရပါသည်။အချိန် အနည်းငယ်မျှ ကြာပြီးချိန်တွင် အဘွားအိုမှာ မောလျသည့် ဟန်ဖြင့် အနီးရှိ ကားဂိတ်တွင် ထိုင်ကာ အမောဖြေနေလေသည်။ အမောဖြေရင်းဖြင့် ၎င်းလက်ထဲမှ ပိုက်ဆံ အနွမ်းလေးများကို တစ်ရွက်ချင်း ပြန်လည် စီရီလို့ နေပါသည်။ရန်ကုန်မြို့၏ နေ့လယ်ခင်း အပူချိန်က အလျှံငြီးငြီးဖြင့် လမ်းပေါ်တွင် တောက်လောင်လို့ နေသည်။ နေပူထဲ၌ တောင်းရမ်းနေသော အဘွားအိုကို ကြည့်ကာ လမ်းသွားလမ်းလာများကလည်း ကရုဏာ သက်စွာဖြင့် တတ်နိုင်သမျှ လှူဒါန်းသွားကြသည်ကို တွေ့ရပါသည်။“အဘွားက လှိုင်သာယာမှာ နေတာ။ သားထောက်သမီးခံ မရှိတော့ ဒီလိုပဲ ရှာဖွေ စားသောက်ရတာပေါ့။ တစ်ရက်ကို တစ်သောင်းကျော်ကျော်လောက်တော့ ရတယ်” ဟု ဝမ်းရေးအတွက် လမ်းပေါ်တွင် တောင်းရမ်းပြီး ရှာစားနေသည့် အသက် ၇၀ ကျော် အဘွားအိုက ပြောပါသည်။အရှိန်ဖြင့် ဥဒဟို မောင်းနှင်နေသည့် ကားများအကြားတွင် အဘွားအိုကဲ့သို့ အသက်အန္တရာယ်ကို ဂရုမပြုဘဲ ဝမ်းစာအတွက် တောင်ရမ်း စားသောက်နေသည့် သက်ကြီးရွယ်အို အဘိုးအဘွားများကို ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် မိတ်ဆွေများလည်း တွေ့ရှိလိမ့်မည်ဟု ထင်ပါသည်။ 
■ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတို့ရဲ့ ဘဝမြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူအများစုသည် ဗုဒ္ဓဘာသာဝင် အများ ဖြစ်သောကြောင့် မိသားစု အသိုက်အဝန်းဖြင့် နေထိုင်ကြသည့် ထုံးတမ်းအစဉ်အလာ ရှိခဲ့ကြသည်။ဗုဒ္ဓဘာသာဝင်များ၏  ထုံးတမ်း အစဉ်အလာအရ သက်ကြီးရွယ်အို မိဘများကို ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားရှိခြင်းကြောင့် သေတစ်ပန် သက်တစ်ဆုံး ပြုစုလုပ်ကျွေးကာ နေထိုင်သွားကြပါသည်။ လက်ရှိ မျက်မှောက်ခေတ်ကာလတွင် တိုင်းပြည်၏ စီးပွားရေး ကျဆင်းမှုနှင့် စားဝတ်နေရေး ကျပ်တည်းမှုတို့ကြောင့် အခြေခံ လူတန်းစားများမှာ ဝမ်းစာအတွက် အိမ်ရှိ လူအကုန် အလုပ် ထွက်လုပ်နေကြရသည်။ထိုသို့ အလုပ်လုပ်ကိုင်နေရခြင်းကြောင့် အိမ်တွင် ကျန်ရစ်ခဲ့သည့် သက်ကြီးရွယ်အို ဘိုးဘွားများမှာ အထီးကျန်စွာဖြင့် ဘဝ၏ နောက်ဆုံး အချိန်များကို ဖြတ်သန်းနေကြရပါသည်။နိုင်ငံတွင်း အလုပ်အကိုင် ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးသည့်အတွက် ကျေးလက်ဒေသများရှိ လူငယ်များ အနေဖြင့် တိုင်းတစ်ပါးသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်မှုများလည်း ရှိလာကြသည်။“ကျွန်တော်တို့ မိသားစုက ငါးယောက် ရှိတယ်။ အိမ်က ငှားနေရတာ။ တစ်လတစ်လ အိမ်ငှားခနဲ့ မိသားစု စားရေးသောက်ရေး အဆင်ပြေဖို့ မနည်း လုံးပမ်းနေရတာ။ အဖေနဲ့ အမေက အသက်ကြီးပြီ ဆိုတော့ အလုပ် မလုပ်နိုင်ဘူး။ ကျွန်တော်တို့ မောင်နှမ သုံးယောက်ကပဲ အလုပ်လုပ်ရင်း ရှာကျွေးနေရတာ။ အဖေနဲ့ အမေကတော့ အိမ်စောင့်ပေါ့” ဟု လက်ရှိ ဖြတ်သန်းနေရသည့် မိသားစု ဘဝနှင့် ပတ်သက်၍ အသက် ၃၂ နှစ် အရွယ်ရှိ ကိုကျော်နိုင်ဦးက ပြောပါသည်။ကိုကျော်နိုင်ဦးတို့ကဲ့သို့ သားထောက်သမီးခံရှိသည့် သက်ကြီးရွယ်အို ဘိုးဘွားများ အနေဖြင့် စားဝတ်နေရေးအတွက် ပူပင်ကြောင့်ကျမှု မရှိသော်လည်း သားထောက် သမီးခံ မရှိသည့် သက်ကြီးရွယ်အို ဘိုးဘွားများ အတွက်မူ ရန်ကုန်မြို့တွင် အသက်ရှင် ရပ်တည်နိုင်ရန် ကြုံရာကျပန်း အလုပ်ကို လုပ်ရင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရပါသည်။မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးဦးရေမှာ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်၌ ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက် များပြားလာခဲ့ပြီး လက်ရှိကာလတွင် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ သက်ကြီးရွယ်အို အရေအတွက်မှာ လက်ရှိအချိန်တွင် စုစုပေါင်း လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မိသားစု လူနေမှု ပုံစံများ ပြောင်းလဲလာပြီ ဖြစ်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ များအတွက် စောင့်ရှောက်ရန် လိုအပ်ချက်များ ရှိလာကြောင်း သိရပါသည်။ထို့ပြင် မြန်မာနိုင်ငံ၌ ဝင်ငွေနှင့် အခြေခံ ဝန်ဆောင်မှုများဖြစ်သော ရေ၊ အိမ်ရာ၊ ပညာရေးနှင့် ကျန်းမာရေး ကဲ့သို့သော ဝန်ဆောင်မှုများ ရရှိမှုတွင် ကွာဟချက်များ ကြီးကြီးမားမား ရှိနေကြောင်းလည်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း Asia Development Bank (ADB) က ထုတ်ပြန်ခဲ့သည့် Myanmar in Transition အစီရင်ခံစာတွင် ဖော်ပြထားသည်။လက်ရှိ အချိန်၌ ယဉ်ကျေးမှုအရ သက်ကြီးရွယ်အို စောင့်ရှောက်ရေးမှာ ပြဿနာတစ်ရပ် မဟုတ်သေးသော်လည်း နောင်တွင် လူဦးရေ တဖြည်းဖြည်း တိုးတက်လာမည့် အချိန်၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ အရေးကိစ္စမှာ ထည့်မတွက်လျှင် မရတော့မည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားပါသည်။■ လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ မူဝါဒများ
မြန်မာနိုင်ငံ၌ နေထိုင်ကြသည့် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရေး လုပ်ငန်းများတွင် မှန်ကန်၍ ပြီးပြည့်စုံသော စောင့်ရှောက်ရေးစနစ် ဖြစ်စေရန် လူမှုဝန်ထမ်း ဦးစီးဌာနမှ မူဝါဒ ၁၁ ချက် ချမှတ်ပြီး လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ယင်းအချက်များမှာ အသက် ၆၀ ပြည့်ပြီးသော ပုဂ္ဂိုလ် အားလုံးအား သက်ကြီးရွယ်အိုဟု သတ်မှတ်မည်ဖြစ်ပြီး အစိုးရ၏ အငြိမ်းစားပေးသော စနစ်အရ အသက် ကန့်သတ်ချက်များ ပြောင်းလဲသွားနိုင်ခြင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရာတွင် မိသားစုအတွင်း စောင့်ရှောက်ခြင်းကို မှန်ကန်သော နည်းလမ်းအဖြစ် ခံယူထားပြီး မဖြစ်နိုင်မှသာလျှင် ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးကို ခံယူစေခြင်း၊ ရိုးရာ အစဉ်အလာအရ သက်ကြီးရွယ်အိုတို့၏ တန်ဖိုးကို နားလည်တတ်စေခြင်း၊ သက်ကြီးရွယ်အိုတို့၏ တန်ဖိုး မဖြတ်နိုင်သော အတွေ့အကြုံနှင့် သင်ခန်းစာများကို ဖော်ထုတ်ရယူနိုင်ခြင်း၊ သက်ကြီးရွယ်အို ထောက်ပံ့ရေး ဆောင်ရွက်ရာတွင် မြို့ပြ၊ ကျေးလက်၊ မြေပြန့်၊ တောင်ပေါ် စသည်ဖြင့် မတူညီသော သဘာဝများအပေါ် အခြေခံပြီး ဆောင်ရွက်ပေးခြင်း၊ စောင့်ရှောက်ရေး လုပ်ငန်းများကို တာဝန်ပေး ဆောင်ရွက်ရာတွင် ဝန်ထမ်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဝါသနာအရ စောင့်ရှောက်သူများနှင့် ပူးပေါင်းဖွဲ့စည်း စောင့်ရှောက်မှုပေးခြင်း၊ အသက် ၇၀ နှစ်အထက် သက်ကြီးရွယ်အိုများအား သင့်တော်သော ငွေကြေးထောက်ပံ့မှု လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းချက်များ သတ်မှတ်ပြီး ဆောင်ရွက်ပေးခြင်း၊ အခမဲ့၊ အခပေး စောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်မှ ငွေကြေးကုန်ကျခံနိုင်မှုအပေါ် အခြေခံ၍ တိုးချဲ့လုပ်ဆောင်ခြင်း၊ နိုင်ငံခြား အကူအညီ ရယူရာတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီဖြစ်၍ တိုက်ရိုက်ပံ့ပိုး ကူညီခွင့် ပြုရသော်လည်း တာဝန်ရှိသူမှ လိုက်ပါကြီးကြပ်ပေးခြင်းဖြင့် မှန်ကန်သော စောင့်ရှောက်မှုကို ဖြစ်ပေါ်စေခြင်းနှင့် သက်ကြီးရွယ်အိုများအား ပျော်ရွှင်ကျေနပ်ခြင်း၊ ဘဝလုံခြုံခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ သမာဓိ တည်ဆောက်ရေး လုပ်ငန်းစဉ်များ ဦးစားပေး ဆောင်ရွက်ပေးခြင်းတို့ပင် ဖြစ်ပါသည်။ဌာန အခြေပြု လုပ်ငန်းအဖြစ် ၂၀၁၃ နိုဝင်ဘာမှ စတင်ကာ လူမှုဝန်ထမ်း ဦးစီးဌာနမှ သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာတစ်ခု ဖွင့်လှစ်၍ အသက် ၇၀ နှစ်အထက် သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှုပေးလျက် ရှိပါသည့်အပြင် ရိပ်သာ အခြေပြု လုပ်ငန်းအဖြစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာများကိုလည်း နိုင်ငံတော်မှ နှစ်စဉ် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိကြောင်း သိရှိရပါသည်။ရပ်ရွာအခြေပြု လုပ်ငန်းအဖြစ် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းကို လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (Help Age International) မှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်း ၁၀ ခုဖြင့် စောင့်ရှောက်မှုပေးလျက် ရှိပြီး အသက်အရွယ် ကြီးရင့်သော်လည်း အလုပ်လုပ်နိုင်စွမ်း ရှိသည့် သက်ကြီးရွယ်အိုများအတွက် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေး အဖွဲ့ကို HAI မှ ဦးဆောင်ဖွဲ့စည်းလျက် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ထို့ပြင် သက်ကြီးရွယ်အိုများနှင့် ၎င်းတို့၏ မိသားစုများ၊ ရပ်ရွာလူထုအတွက် အကျိုးပြုမည့် သက်ကြီးရွယ်အိုများ ဦးစီးသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း သိရှိရပါသည်။■ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း
လူမှုဝန်ထမ်း ဦးစီးဌာန အနေဖြင့် ၂၀၀၄ ခုနှစ်မှ စတင်ကာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ရွာအခြေပြု လုပ်ငန်းအဖြစ် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး (Home Care for Older People) ဆိုသည်မှာ စောင်‌့ရှောက်ရန် လိုအပ်သော ဘိုးဘွားများ ရှိရာသို့ လေ့ကျင့်သင်ကြား ပေးထားသည့် စေတနာ့ဝန်ထမ်း (Volunteer) များက အိမ်တိုင်ရာရောက် သွားရောက်စောင့်ရှောက်ခြင်း ဖြစ်သည်။ပြုစုစောင့်ရှောက် ခံရမည့် သက်ကြီးရွယ်အိုအဖြစ် ရွေးချယ်ရာတွင် အသက် ၆၀ နှစ်အထက် ရှိသူ၊ အားအင်ချည့်နဲ့ မသန်စွမ်း ဖြစ်နေသူ မည်သူတစ်ဦး တစ်ယောက်၏ ထောက်ပံ့ကူညီမှု မရဘဲ နေထိုင်ရသူ၊ မိမိဘ၀ ရပ်တည်ရေးအတွက် ဝင်ငွေ အလုံအလောက် မရှိသူနှင့် အထီးကျန် ဆန်သူတို့ကို ဦးစားပေး ရွေးချယ်ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မြို့နယ်ပေါင်း ၁၅၄ မြို့နယ်တွင် သက်ကြီးရွယ်အို ၁၆၉၁၉ ဦးအား စေတနာ့ဝန်ထမ်း ၁၆၆၂၄ ဦးက စောင့်ရှောက်မှုပေးလျက် ရှိကြပါသည်။ 
■ ၂၀၁၂ အဖြစ်အပျက် တစ်ခု၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးပွဲ၌ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက်နိုင်ရန် သက်ကြီးဘိုးဘွား (နေ့) ဂေဟာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ထူထောင် ဖွင့်လှစ်နိုင်ရေး အဆိုကို တင်ခဲ့ဖူးပါသည်။ယင်းအဆိုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြောင်းပြရာတွင် “ယင်းအစီအစဉ်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်သာ ဖြစ်ကြောင်းနှင့် အစိုးရ အဖွဲ့၌ သီးသန့်ရန်ပုံငွေဘတ်ဂျက် မရှိဟု အကြောင်းပြခဲ့ပြီး ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲ အများစုကြောင့် ရှုံးနိမ့်ခဲ့ပါသည်။“ဆင်းရဲနွမ်းပါးမှု လျော့ချရေး ရန်ပုံငွေထဲကနေ သက်ကြီးဂေဟာတွေအတွက် ပိုက်ဆံသုံးဖို့ပေါ့။ အဲဒါတွေ တည်ထောင်ပေးဖိ့ု ဆိုပြီးတော့ အဆို တင်သွင်းခဲ့တာ။ ကန့်ကွက်မဲများလို့ ရှုံးခဲ့တယ်။ တိုင်းပြည်မှာ အင်မတန် ကျက်သရေရှိတဲ့ ဘိုးဘွားတွေကို စောင့်ရှောက်ဖို့အတွက် အန်တီတို့ တိုင်းပြည်မှာ ခိုင်မာတဲ့ မူဝါဒတွေ မရှိဘူး။ အဲဒီအတွက် ဘတ်ဂျက်ငွေ မထားလည်း မထားထားဘူး။ ဒါက ဝမ်းနည်းဖွယ်ရာ ကောင်းတာပေါ့။ ပြည်သူလူထုရဲ့ အသည်းနှလုံးဖြစ်တဲ့ အသက်အရွယ် ကြီးရင့်တဲ့ ဒီဘိုးဘွားတွေဟာ တိုင်းပြည်ရဲ့ ရတနာ ပြည်သူရဲ့ အသည်းနှလုံးလေ ဒီလို ပြည်သူ့ရဲ့ အသည်းနှလုံးတွေကို မစောင့်ရှောက်ခြင်းဟာ ပြည်သူကို မစောင့်ရှောက်တာနဲ့ တူတာပေါ့” ဟု အဆို ရှုံးနိမ့်ခဲ့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်ပြောကြားပါသည်။ 
■ ဆေးမြီးတိုနဲ့ ကုခဲ့တယ်နိုင်ငံတကာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများကို လေ့လာကြည့်လျှင် နည်းလမ်း ခြောက်သွယ်ဖြင့် စောင့်ရှောက်နေကြောင်းကို တွေ့ရှိရပေမည်။အိမ်တိုင်ရာရောက် စောင့်ရှောက်ခြင်း (Home Care for Older People) တစ်နည်းအားဖြင့် စေတနာ့ဝန်ထမ်း အခြေပြု စောင့်ရှောက်ရေး လုပ်ငန်း (Volunteer-Based Care Service)၊ မိသားစု အခြေပြု စောင့်ရှောက်ခြင်း (Home-Based Care Service)၊ ရပ်ရွာ အခြေပြု စောင့်ရှောက်ခြင်း (Community-Based Service)၊ ဂေဟာငယ်များ တည်ထောင်၍ စောင့်ရှောက်ခြင်း (Group Home-Based Service)၊ စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာများ ထူထောင်စောင့်ရှောက်ခြင်း (Volunteer Elderly Home)၊ နေ့စောင့်ရှောက်ရေး ဂေဟာများ ဖွင့်လှစ်စောင့်ရှောက်ခြင်း (Day Care Centre) တို့ ဖြစ်ကြသည်။ထို့ပြင် ၁၉၉၁ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ကြီးမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ အခြေခံမူ ငါးရပ်ဖြစ်သည့် အခြေခံ လိုအပ်ချက်များ ပြည့်စုံစေ၍ အမှီအခိုကင်းစွာ မိမိကိုယ်တိုင် ရပ်တည်နိုင်ရေး (Independence)၊ လူမှုရေးနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး (Participation)၊ ကြီးသူငယ်သူ အပြန်အလှန် ကူညီစောင့်ရှောက်မှုပြုရေး (Care)၊ ၎င်းတို့၏ စွမ်းရည်နှင့် အခွင့်အလမ်းများအား ၎င်းတို့ကိုယ်တိုင် ဖြည့်ဆည်းနိုင်ရေး (Self-Fulfilment)နှင့် ဂုဏ်သိက္ခာ ရှိရှိနှင့် လုံခြုံမှုရှိစွာ ရပ်တည်ခွင့် ရရှိရေး (Dignity) တို့ကို ချမှတ်ပေးခဲ့သည်။နိုင်ငံတကာတွင် ယင်းအခြေခံမူများနှင့် နည်းလမ်းများဖြင့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်မှု အပြည့်အ၀ ပေးထားသော်လည်း မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများမူ ယင်းအခွင့်အရေးများအား လက်လွတ်ဆုံးရှုံးနေဆဲဖြစ်သည်။သမ္မတ ဦးသိန်းစိန် အနေဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၆၇) နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်အဖြစ် သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ လစဉ်ရရှိသော ချီးမြှင့်ထောက်ပံ့ငွေများ၏ ၂၅ ရာခိုင်နှုန်း စုဆောင်းထားရှိသော ရန်ပုံငွေမှ အသက် ၁၀၀ နှစ်နှင့်အထက် အဘိုးအဘွားများအား တစ်ဦးလျှင် ကျပ်နှစ်သိန်းစီကို နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ထိုသို့ ထောက်ပံ့ချီးမြင့်ရာတွင် ပထမ အကြိမ်အဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဘိုးဘွား ၅၆၉ ကို ချီးမြှင့်ငွေ ၁၁၃၈ သိန်းအား လည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် ဘိုးဘွား ၃၉ ဦးကို ချီးမြှင့်ငွေ ၇၈ သိန်းအား လည်းကောင်း၊ တတိယအကြိမ် အဖြစ် ဘိုးဘွား ၁၄၁ ဦးကို ချီးမြှင့်ငွေ ၂၈၂ သိန်းအား လည်းကောင်း၊ စတုတ္တ အကြိမ်အဖြစ် ဘိုဘွား ၄၃၀ ဦးကို ချီးမြှင့်ငွေ ၈၆၀ သိန်းအား လည်းကောင်း ချီးမြှင့်ခဲ့ပြီး စုစုပေါင်း အဘိုးအဘွား ၁၁၇၉ ဦးအတွက် ချီးမြင့်ငွေ ၂၃၅၈ သိန်းအား ထောက်ပံ့ပေးခဲ့ပါသည်။နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ သက်ကြီး ဘိုးဘွားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းမိုးထွန်း)
ယခုလို အသက် ၁၀၀ နှင့်အထက် ဘိုးဘွားများကို ထောက်ပံ့တာနဲ့ ပတ်သက်ပြီး ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က “အစိုးရ အနေနဲ့ အသက်အရွယ် တစ်ခု သတ်မှတ်လိုက်ပြီးတော့ မိသားစုက ပြုစုစောင့်ရှောက်ဖို့ မတတ်နိုင်တော့တဲ့သူ (သို့) မိသားစု မရှိတဲ့သူ ဆိုရင်တော့ တာဝန်ယူသင့်တယ်လို့ ထင်တယ်။ အသက် ၁၀၀ နဲ့အထက် ဆိုတော့ တော်တော် နည်းတယ်။ ဘိုးဘွားတွေကလည်း အဲဒီလောက်ကြီးအထိ အသက်မရှည်ကြဘူး။ အသက် ၈၀ လောက်က စပြီး ထောက်ပံ့ပေးရင်တော့ မဆိုးဘူးပေါ့။ ဘာလို့လဲဆိုတော့ အသက်ရှစ်ဆယ်ဆို လူက တော်တော်ကြီးကို အိုနေပြီ။ ဂိလာနတွေ ဖြစ်နေကြပြီပေါ့။ ဒါကြောင့် ကျန် ၁၀၀ နှင့်အထက် မလုပ်ဘဲ အသက်ကို နည်းနည်း နှိမ့်ချလိုက်စေချင်တယ်” ဟု ၎င်း၏ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပါသည်။“ထောက်ပံ့ပုံ ထောက်ပံ့နည်းကလည်း ရေရှည်အတွက် မကောင်းပါဘူး။ သူတို့ လစာထဲက ဆိုတာက ရေရှည် မကောင်းပါဘူး။ နိုင်ငံတော်က ထောက်ပံ့တဲ့ပုံစံ အဲဒါမျိုး ရေရှည် ထောက်ပံ့ပေးနိုင်ရင် ကောင်းမယ်။ သူတို့ ထောက်ပံ့တဲ့ ပုံစံက ဆေးမြီးတို အနေနဲ့ လုပ်တယ်လို့ပဲ ကျွန်တော် မြင်ပါတယ်” ဟု နှင်းဆီကုန်း ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်း ဆိုပါသည်။ထို့သို့ အသက် သတ်မှတ်ချက်ကို နှိမ့်ချရန် ဝေဖန်ပြောဆိုမှုများ ရှိသော်လည်း နောက်ထပ် အသက် ၉၀ နှင့် ၁၀၀ ကြား ဘိုးဘွားများအား ထောက်ပံ့နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ၂၀၁၅ နိုဝင်ဘာ ၁၁ ရက်ထိ ရောက်ရှိလာသည့် စာရင်းအရ အဘိုး ၇၉၉၈ ဦး၊ အဘွား ၁၅၉၂၅ ဦး၊ ပေါင်း ၂၃၉၂၃ ဦးကို ထောက်ပံ့သွားရန် စီစဉ်နေကြောင်းလည်း သိရပါသည်။ 
■ ဘိုးဘွား ရိပ်သာများရဲ့ အခြေအနေမြန်မာ တစ်နိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာ ၇၁ ခုရှိပြီး ဘိုးဘွား ၂၃၈၉ ဦးအား စောင့်ရှောက်မှုပေးလျက် ရှိပါသည်။ ပြောင်းလဲလာသော ယဉ်ကျေးမှု၊ စီးပွားရေးဘဝနှင့် လူနေမှု စနစ်များကြောင့် ရပ်တည်ရန် ခက်ခဲသော သက်ကြီးရွယ်အို အရေအတွက် များပြားလာမှုနှင့် နောင်ဆယ်စုနှစ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးသည် စိန်ခေါ်မှု ပြဿနာ တစ်ရပ် ဖြစ်လာမည်ဟု ခန့်မှန်းရပါသည်။သက်ကြီးရွယ်အိုများအား စောင်‌့ရှောက်ရာတွင် လူမှုဘ၀ နယ်ပယ်တွင် စောင်‌့ရှောက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟု ယူဆရသော်လည်း ရိပ်သာစောင့်ရှောက်ရေး စနစ်မှာ နိုင်ငံတော် အစိုးရမှ မဖြစ်မနေ လုပ်ဆောင်ပေးရန် လိုအပ်နေသည့် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပေသည်။မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စ၍ သက်ကြီးရွယ်အို ဦးရေသည် အလုပ်လုပ်နိုင်သော လူဦးရေထက် ပိုများပြားမည် ဖြစ်ကြောင်းနှင့် လက်ရှိစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်ရန် လိုပြီဖြစ်ကြောင်း စီးပွားရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အစီရင်ခံစာတွင် ဖော်ပြထားပါသည်။လက်ရှိ အလုပ်လုပ်နိုင်သည့် လူလတ်ပိုင်းများ အနေဖြင့် နောက်လာမည့် အနှစ် ၂၀ တွင် လူအိုစာရင်း ဝင်သွားတော့မည် ဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲရေးများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများကို အချိန်မီ အောင်မြင်အောင် မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံ အနေဖြင့်  မချမ်းသာခင် အိုမင်းရင့်ရော်သွားသည့်ကိန်း ဆိုက်သွားလိမ့်မည်ဟု OECD အစီရင်ခံစာက ဖော်ပြထားပါသည်။ထိုသို့ နိုင်ငံတကာမှ အစီရင်ခံစာများ ထုတ်ပြန်ပေးနေသော်လည်း သမ္မတ ဦးသိန်းစိန် အုပ်ချုပ်ခဲ့သည့် ငါးနှစ် သက်တမ်းအတွင်း ဘိုးဘွားအတွက် မည်သို့သော ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာ ၇၁ ခု ရှိသည်ဟု ဆိုသော်လည်း အားလုံးသော ဘိုးဘွားရိပ်သာများမှာ NGO အဖွဲ့အစည်းများက ထူထောင်ထားသော ဘိုးဘွားရိပ်သာများပင် ဖြစ်ပါသည်။ ထိုသို့ NGO အဖွဲ့အစည်းများမှ ထူထောင်ထားသည့် ဘိုးဘွားရိပ်သာများကိုမှ အစိုးရက တစ်နှစ်တစ်ခါ စားသောက်စရိတ်၊ အဝတ်အထည် စားရိတ်နှင့် ငွေကြေးတို့ကို ထောက်ပံ့ပေးခြင်းဖြစ်သည်။ဘိုးဘွားရိပ်သာများကို ထောက်ပံ့ရာတွင် ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစားဟူ၍ သုံးမျိုးသုံးစား ခွဲခြားကာ အစိုးရက ထောက်ပံ့မှုတွေ ပြုလုပ်ပေးကြောင်း သိရသည်။“ရိပ်သာကို အစိုးရ ထောက်ပံ့တာက လူမှုဝန်ထမ်း အသိအမှတ်ပြု စာရင်းလုပ်ပြီးရင် ပထမအဆင့် အနေနဲ့ သူတို့က ဆန်ထောက်ပံ့တယ်။ ဒုတိယ အနေနဲ့ကျတော့ ဂေဟာမှူး လစာပေးတယ်လို့ ကျွန်မ သိထားတာပေါ့နော်။ ကျွန်မတို့ကတော့ ဆန်ထောက်ပံ့တာပဲ ရသေးတာပေါ့။ ဆည်းဆာရိပ် ဘိုးဘွားရိပ်ကို ဆန်ထောက်ပံ့မှု ရှိတယ်။ ထောက်ပံ့တာကလည်း တစ်နှစ်ကို တစ်ကြိမ်။ တကယ်တမ်းဆို အဲဒီ ထောက်ပံ့မှုနဲ့ စားမယ်ဆို မလောက်ဘူး။ ဆန်တင်မဟုတ်ဘူး။ တခြားဟင်းချက်စရာတွေ ရှိမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိမယ်။ ပြီးရင် ဝန်ထမ်းစရိတ်တွေ ရှိတယ်။ ပြောမယ်ဆို အစစအရာရာ ကုန်ကျစရိတ်က အများကြီးပဲလေ။ သို့သော် သူတို့အနေနဲ့ကျတော့ ဆန်တစ်ခုပဲ လုပ်ပေးနိုင်တာပေါ့။ ဒုတိယအဆင့် ဆိုရင် ဂေဟာမှူး လစာပေးတယ် ဆိုပေမယ့် ကျွန်မတို့ဆီတော့ မရောက်သေးဘူး” ဟု ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောကြားပါသည်။ထိုသို့ အစိုးရ အနေဖြင့် ဆန်တစ်မျိုးတည်းသာ ထောက်ပံ့မှု ပေးအပ်သောကြောင့် ရိပ်သာအတွင်း လာရောက်ခိုလှုံကြသည့် အဘိုးအဘွား၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်များနှင့် သူနာပြု ဆရာမများကို ခန့်အပ်ကာ ကုသပေးနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“အစိုးရ အနေနဲ့ ကျန်းမာရေး ထောက်ပံ့မှုတော့ ပေးတာ မရှိဘူး။ ကျွန်မတို့ ဂေဟာမှာ ဘိုးဘွား ၈၈ ယောက်ပေါ့။ ဒီ ဘိုးဘွား ၈၈ ယောက်ကို ဝန်ထမ်း ၆၅ ယောက်နဲ့ ပြုစုနေရတာ။ အားလုံးက ဂိလာနတွေချည်းပဲ။ ဝန်ထမ်းအဖွဲ့ ၆၅ ယောက်မှာမှ ဆေးအဖွဲ့က ၂၅ ယောက်ရှိတယ်။ ဝန်ထမ်းဆရာဝန် သုံးယောက်နဲ့ ကျန်တာ သူနာပြုတွေပေါ့” ဟု ဒေါ်သန်းမြင့်အောင်က ဆိုပါသည်။ရိပ်သာအဆင့် သတ်မှတ်ချက်အရ အချို့ နာမည်ကြီး ရိပ်သာများကိုမူ အစိုးရမှ တစ်နှစ်တစ်ခါ ငွေကြေးထောက်ပံ့မှု သော်လည်း လောက်ငှမှု မရှိခြင်းကြောင့် အလှူ ရှင်များ၏ အလှူငွေများဖြင့်သာ ရပ်တည်နေရကြောင်း ရိပ်သာတွင် လုပ်ကိုင်နေသူများက ဆိုပါသည်။ 
■ ဘိုးဘွားတွေကို ပစ်ပယ်သင့်လားမြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် တရားဝင် ဆက်သွယ်ထားသည့် ဘိုးဘွားရိပ်သာ အရေအတွက်မှာ ၇၁ ခုဟု ဆိုသော်လည်း တခြား မဆက်သွယ်သေးသည့် ရိပ်သာများလည်း ရှိကြောင်း သိရပါသည်။ လက်ရှိ ဘိုးဘွားရိပ်သာများတွင် စောင့်ရှောက်ထားသည့် ဘိုးဘွားဦးရေမှာ ၃၀၀၀ ဝန်းကျင်ခန့်သာ ရှိပါသည်။၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းတွင် ၁၀ ရာခိုင်နှုန်းမှာ အသက် ၆၀ နှင့်အထက် ဖြစ်သည့်အတွက် လူဦးရေ ငါးသန်းခန့်မှာ သက်ကြီးရွယ်အိုများ ဖြစ်ကြပါသည်။အဆိုပါ ငါးသန်းထဲမှ အသက် ၇၀ နှင့် အထက်မှာ အနည်းဆုံး တစ်သန်းနဲ့ ငါးသိန်းကြား ရှိနိုင်ပါသည်။ ပြန်လည် အချိုးချမည် ဆိုလျှင် အသက် ၇၀ အထက် တစ်သန်းနှင့် ငါးသိန်းကြား ရှိမည့် ဘိုးဘွားဦးရေနှင့် လက်ရှိ ဘိုဘွားရိပ်သာများတွင် စောင့်ရှောက်ခံထားရသည့် ဘိုးဘွား ၃၀၀၀ ခန့်နှင့် နှိုင်းယှဉ်ကြည့်လျှင် သိန်းချီသော သက်ကြီးရွယ်အို ဘိုးဘွားများမှာ ကူညီစောင့်ရှောက်မှု လိုအပ်နေသည်ကို တွေ့ရှိရပေလိမ့်မည်။ဘိုးဘွားများ စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အစိုးရ လုပ်ဆောင်ရမည့် အကြောင်းကို ဒေါက်တာ ညိုညိုသင်းက “အစိုးရက သူ့ဘတ်ဂျက်ထဲကနေ အနည်းဆုံး တစ်ရာခိုင်နှုန်းလောက်ကို သက်ကြီးဘိုးဘွားတွေအတွက် သုံးပေးရမှာပေါ့။ တစ်ရာခိုင်နှုန်း မဟုတ်ရင်တောင် ၀ ဒသမ ၅ ရာခိုင်နှုန်းလောက်ကို သုံးပေးသင့်တာပေါ့” ဟု ပြောကြားပါသည်။နိုင်ငံအတွင်း စီးပွားရေး ကျဆင်းမှု၊ စားဝတ်နေရေး ကျပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုများကြောင့် သားထောက် သမီးခံ ဆွေမျိုး အသိုင်းအဝိုင်း မရှိသည့် သက်ကြီးရွယ်အို အဘိုးအဘွားများကို မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် သင်တွေ့မြင်နေရအုံးမည်ဖြစ်သည်။ ထိုကဲ့သို့သော သက်ကြီးရွယ်အို အဘိုးအဘွားများကို သင့်အနေဖြင့် လမ်း၌တွေ့လျှင် မည်သို့ ကူညီဆောင်ရွက်ပေးရန် စဉ်းစားထားပါသနည်း။“လမ်းပေါ်မှာ တောင်းနေတဲ့ သက်ကြီးရွယ်အိုတွေအိမ်မှာ သားထောက်သမီးခံ မရှိတဲ့ သူတွေ အဲလို လူတွေအတွက် အကောင်းဆုံးကတော့ ဘိုးဘွားရိပ်သာပါပဲ။ ခုခေတ် ဘိုးဘွားရိပ်သာတွေက ထမင်းကျွေးရုံ နေရာပေးရုံတင် မဟုတ်ပါဘူး။ အများကြီး လုပ်ပေးထားပါတယ်။ တကယ် အခက်အခဲ ဖြစ်နေရင် ကျွန်တော်တို့ဆီ လာလျှောက်ခိုင်းပါ။ တချို့ကျတော့လည်း စားနိုင်သောက်နိုင် သားသမီးက ထောက်ပံ့နိုင်တာလည်း ရှိတယ်။ သူတို့ကျတော့ ဘုရားနဲ့ တရားနဲ့ နေချင်လို့ လာနေကြတဲ့ သူတွေလည်း ရှိပါတယ်။ နေချင်တယ်ဆို ရင်လျှောက်ပါ။ ရှိသင့်ရှိထိုက်တဲ့ စည်းမျဉ်းစည်းကမ်းထက် ကျွန်တော်တို့ ပိုပြီး ဘာမှ မတင်းကျပ်ထားပါဘူး။ အရက်သောက်တာ၊ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာတွေကတော့ အများနဲ့ စုပေါင်းပြီး နေရတဲ့အတွက် အဲဒီ ကိစ္စတွေကတော့ လုပ်လို့ မရပါဘူး” ဟု နှင်းဆီကုန်း ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းက ဆိုပါသည်။သို့ဆိုလျှင် ကျွန်ုပ်တို့၏ အနီးအနား ဝန်းကျင်တွင် ရှိကြသည့် အဘိုးအဘွားများကို မည်သည့် အတွက်ကြောင့် တန်းဖိုးထားပြီး ကာကွယ်စောင့်ရှောက်သင့်သည်ဆိုကြောင်းကို ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က “ကျွန်မတို့ဆီမှာက သက်ကြီးရွယ်အိုတွေကို တန်ဖိုးထားမှု နည်းနည်း လျော့လာတယ်လို့ ထင်တယ်။ တချို့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာရော ပြီးတော့ စောင့်ရှောက်ရမယ့် လူ့အဖွဲ့အစည်း အနေနဲ့ရော အသက်ကြီးလာပြီဆိုရင် ဘာမှ အသုံးမဝင်တော့ဘူးလို့ လူတွေရဲ့ စိတ်မှာ ထင်လာတာလေ။ အသက်ကြီးလာပြီ ဘာမှ မလုပ်နိုင်တော့ဘူးဆိုရင် ဒီလူဟာ ဘာမှ အသုံးမဝင်တော့ဘူးဆိုပြီး ပစ်ပယ်ကြတာလေ။ အမှန်က အဲဒါ တော်တော် မှားယွင်းနေတာပဲ။ တကယ်ဆို သက်ကြီးရွယ်အိုတွေကို ကျွန်မတို့က တန်ဖိုးထားရမှာပါ။ သူတို့က ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာတယ်။ သူတို့မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ သူတို့ကို ကျွန်မတို့က ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခြင်းအားဖြင့် ကုသိုလ်ယူနိုင်သလို သူတို့ရဲ့ အတွေ့အကြုံ သူတို့ရဲ့ ခေတ်ဖြတ်သန်းမှုတွေကို သူတို့နဲ့ စကားပြောခြင်းအားဖြင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုလည်း ကျွန်မတို့က စောင့်ရှောက်ရာ ရောက်ပြီးတော့ ကျွန်မတို့ အနေနဲ့လည်း ခေတ်အဆက်ဆက်က လူမှုရေး၊ စီးပွားရေး ဖြတ်သန်းမှုတွေကို ကျွန်မတို့ အနေနဲ့ ဗဟုသုတ တိုးနိုင်တယ်။ အဲဒီတော့ သက်ကြီးရွယ်အိုတွေကို တန်ဖိုးထားကြပါလို့ ကျွန်မ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Most Read

Most Recent